မေးမြန်းခန်း

ကချင်စစ်ရှောင်ဒုက္ခသည်တို့ရဲ့အသံများ

မြစ်ကြီးနား− ၂ဝ၁၁ ဇွန်လ  မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပေါ်လာချိန်ကတည်းက နိုင်ငံမြောက်ပိုင်းက လူဦးရေ တစ်သိန်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ဒုက္ခသည်စခန်းများမှာ ယခုအချိန်အထိ နေထိုင်နေရဆဲဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ပြီး ၁၇ နှစ်အကြာမှာ စတင်လာတဲ့တိုက်ပွဲတွေက ယနေ့တိုင် ဖြစ်ပေါ်နေတဲ့အတွက်  ဒုက္ခသည်တွေဟာ တက်သုတ်ရိုက် ဆောက်ထားတဲ့၊  ကျပ်တည်းပြီး ရာသီဥတုဒဏ်ကိုခံနိုင်ရုံမျှသာရှိတဲ့ စခန်းအသီးသီးမှာ နှစ်ရှည်လများ အချိန်ကုန်နေရပါတယ်။

အလုပ်အကိုင်ကရှားပါး၊  ထောက်ပံ့မှုများကလည်း လျော့ပါးလာပြီး အနာဂတ်က မရေမရာ ဖြစ်လာပါတယ်။  မြစ်ကြီးနားရောက် ကချင်စစ်ရှောင်ဒုက္ခသည်များကို Myanmar Now က ဇန်နဝါရီလဆန်းပိုင်းမှာ တွေ့ဆုံမေးမြန်းထားတာတွေထဲက ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

ဒေါ်ဂါးခွန်ရာ၊  ၄ဝ နှစ်၊  သာလွန်ကြီးရွာ

ငယ်ငယ်တုန်းကလည်းထွက်ပြေးဖူးတယ်၊  ၁၉၈၇ မှာ၊  အသက် ၁၂နှစ်လောက်ပဲ ရှိသေးတယ်။  ဒါကြောင့် စစ်အကြောင်းတွေ၊  နိုင်ငံရေးတွေကို အရမ်းစိတ်နာတယ်။  အခုလက်ရှိ အစိုးရက ပြည်သူလူထုကို မချစ်ဘူး။ မျှော်လင့်တာက အစိုးရအသစ်ကိုမျှော်လင့်နေတာပေါ့၊ စစ်ပြေးတွေရော၊  အားလုံးရော၊  လူမျိုးဘာသာမခွဲခြားဘဲ အကုန်လုံးကို ငြိမ်းငြိမ်းချမ်းချမ်း၊ ပျော်ပျော်ရွှင်ရွှင် တည်ထောင်ပေးမယ်လို့ မျှော်လင့်တယ်။ ရွာက ပြန်မယ်ဆိုပြန်လို့ရတယ်၊  ဒါပေမဲ့ အခု ကချင်တွေနဲ့ရှမ်းတွေကို ခွဲခြားထားတယ်။  ပြည်သူ့စစ်တွေရှိတယ်။  ကချင်တွေကို KIA လို့ ထင်ကြတယ်။  အဲဒါကြောင့် အသက်ငယ်ငယ်ရွယ်ရွယ် ဆိုပြန်လို့မရဘူး။  ပြီးတော့ ပြန်ရင် ဧည့်စာရင်းတိုင်ခိုင်းတယ်၊ ကိုယ့်ရွာကိုယ်ပြန်တာတောင်၊  တစ်ခေါက်ပြန်တော့  အဲဒီလိုပြောတယ်။ ကျွန်မက သားသမီး ၆ယောက်ရှိတယ်၊  အားကိုးမဲ့သူ ဘယ်သူမှမရှိဘူး။ ယောက်ျားက စခန်းရောက်ပြီးမှ ၃နှစ်လောက်က ဆုံးသွားတယ်။ ရွှေသွားတူးရာကနေ ရေထဲမျှောသွားတာ။ ဒီမှာနေရတာက ကျဉ်းတယ်။ စိတ်လွတ်လွတ်လပ်လပ်လည်း နေလို့မရဘူး၊  လုပ်ကိုင်စားဖို့နေရာလည်း မရှိဘူး။  ဘဝမဲ့သူလိုပဲ၊  ဒီမှာ မနေချင်တော့ဘူး။  အစိုးရသစ်ကို စစ်ပြေးတွေအတွက် မြန်မြန်ငြိမ်းချမ်းရေးရဖို့၊  ပြန်လည်တည်ထောင်ပေးဖို့ အမြန်လုပ်ဆောင်ပေးဖို့၊ လက်ရှိအစိုးရကိုလည်း အာဏာမြန်မြန်လွှဲပေးပါလို့၊ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း မမေ့ပါနဲ့ဦးလို့၊ ဆက်ပြီး ပံ့ပိုးပေးပါဦးလို့ တောင်းဆိုချင်တယ်။

ဒေါ်မယန်ရွေးလွန်း၊  ၇၄ နှစ်၊  နန့်ဆန်ယမ်ရွာ

ရွာထဲမှာ စနေနေ့မှာ သေနတ်တွေ ပစ်ထဲ့လိုက်လို့ လန့်ပြီးတော့ တနင်္ဂနွေမနက် ၁ဝ နာရီလောက်မှာ ထွက်ပြေးလာတယ်။  အဝတ်အစား၊ ဘာမှ မပါဘူး။  အိမ်တော့အရမ်းပြန်ချင်တယ်။  ဘယ်နေ့ဘယ်ရက်ပြန်ရမလဲတော့ မသိဘူး။ တိုက်ပွဲမဖြစ်တာတော့ တစ်နှစ်လောက်ရှိပြီ၊   ဒါပေမဲ့ မိုင်းတွေထောင်ထားတယ်၊  နေရာတိုင်းမှာ  ကချင်တွေရော၊  ဗမာတွေရောထောင်တာ။  မပြန်ရဲသေးဘူး။  အခုလည်း စစ်တပ်တွေ ရှိသေးတယ်။ နှစ်ဖက်စလုံး ကြောက်ရတယ်။ သူတို့နှစ်ဖက်တွေ့လို့ တစ်ခုခုဖြစ်တယ်ဆိုရင် ကြားမှာ (ကိုယ်ခံရ)မှာလည်း ကြောက်ရတယ်။ အိမ်တွေက အကုန် ချုံတွေဖြစ်ကုန်ပြီ။  ပစ္စည်းတွေလည်း ဘာမှမရှိတော့ဘူး။  အဲဒီတော့ ပြန်မယ်ဆိုရင်တောင် ဘယ်လိုလုပ်ရမယ်မသိဘူး။ ဒါပေမဲ့ သံယောဇဉ်က မပြတ်ဘူး၊  အဲဒီမှာမွေးပြီး အဲဒီမှာကြီးတာလေ၊  အဲဒီမှာပဲ အိမ်ထောင်ကျတာ။ မိသားစုတွေကလည်း တကွဲတပြားဖြစ်ကုန်ပြီ။ အရင်တုန်းကတော့ ငြိမ်းချမ်းတယ်ဆိုတော့ ရွာမှာအရမ်းစည်တယ်၊ သိပ်ပျော်ဖို့ကောင်းတာ၊ ဒီလိုဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှမထင်ဘူး။ ရွေးကောက်ပွဲမှာ အစောကြီးထပြီး မဲသွားပေးတယ်၊  ရလဒ်ကို ယုံတော့ယုံကြည်တယ်။ ဒါပေမဲ့ တိုက်ပွဲတွေဆက်ဖြစ်နေတော့ ဘယ်လိုတွေဖြစ်မလဲတော့ မသိဘူး။
 
ကိုဇော်ဖန်း၊  ၂ဝ

ကျွန်တော်က ၂ဝ၁၂ မှ စခန်းကိုရောက်တာ၊  ရွာထဲမှာနေသေးတယ်။  ဒါပေမဲ့ အစိုးရစစ်တပ်ကိုလည်း ကြောက်ရတယ်၊  KIA ကိုလည်း ကြောက်ရတယ်။  လာရှာတာတော့ မရှိဘူး၊ ဒါပေမဲ့ ကြုံရင်ခေါ်သွားတယ်၊  ထွက်ပြေးရတာပေါ့၊  ဟိုပုန်းဒီပုန်းနဲ့။  တိုက်ပွဲမဖြစ်ခင်က KIA  (စစ်သား) စုဆောင်းရေးကိုပဲ ကြောက်ရတာ။ အခု နှစ်ဖက်စလုံးကြောက်ရတယ်၊ အဲဒါနဲ့ရောက်လာတာ။ ရွာထဲမှာ အဘိုးကြီး၊ အဘွားကြီးတွေကတော့ နေလို့ရတယ်၊  သူတို့ကို သိပ်ဒုက္ခမပေးဘူးဆိုတော့ အမေကနေခဲ့တယ်။  မောင်နှမ ၅ ယောက် လာတာ၊  ဒါပေမဲ့ အစ်ကိုကြီးက ပြီးခဲ့တဲ့လ ၁၂လပိုင်း ၂၃ ရက်မှာ ဆုံးသွားတယ်၊  အသည်းရောင်အသားဝါနဲ့။  KIA စုဆောင်းတာနဲ့တွေ့ပြီး ပထမ ပါသွားတယ်၊  နောက် ထွက်ပြေးလာပြီး ဒီစခန်းမှာ နေသေးတယ်။  နောက်တစ်ခေါက် ပြန်သွားရပြီးမှ ဆုံးသွားတာ။ ယောက်ျားလေး ၂ ယောက်တည်းရှိတာ။  အခု နမ္မတီးသွားပြီး နှစ်လ၊ သုံးလ လောက် စာရင်းငှားလုပ်ပြီး ပြန်ရောက်လာတာ။ ကျွန်တော်ကတော့ မဲမပေးဖြစ်ဘူး။  နိုင်ငံရေးစိတ်မဝင်စားတာလည်း ပါတယ်၊  အလုပ်မအားလို့ မလာဖြစ်တာလည်း ပါတယ်။  ဒါပေမဲ့ အစိုးရအသစ်လက်ထက်မှာ ရွာပြန်ပြီး အေးအေးချမ်းချမ်း နေနိုင်မယ် လို့တော့ မျှော်လင့်တာပေါ့။  ငြိမ်းချမ်းမှ ကောင်းကောင်းမွန်မွန် လုပ်နိုင် စားနိုင်မှာ။
 
ဒေါ်လတောင်ခွန်ရာ၊  ၄ဝ နှစ်၊  မလိဆက်ယန်ရွာ

ကလေးများတဲ့လူတွေ၊ အဘိုးကြီး၊ အဘွားကြီးတွေ ခဏရှောင်ကြဆိုပြီး လူကြီးတွေကပြောတာနဲ့ ၂ဝ၁၁ အောက်တိုဘာမှာ တက်လာတာ။  ဒီလောက်ထိကြာမယ်မထင်ဘူးလေ။ ပြန်တာတော့ အရမ်းပြန်ချင်တယ်။  ကိုယ့်ရွာမှာ လယ်က ၄၊  ၅ ဧက ရှိတယ်။  ပိုက်ဆံမရှိရင် ဝက်ရောင်းစားလိုက်၊ ကြက်ရောင်းစားလိုက်။  ဒီမှာက ကိုယ်နေရတာတောင် ကျဉ်းကျဉ်းလေး။  ပြီးတော့ မိုးတွင်းဆိုရေကြီးတယ်။ ကျွန်မတို့လို ကလေးများတဲ့သူတွေဆို တစ်နေ့ကို အနည်းဆုံး ၂,ဝဝဝ ကျပ် ကုန်တယ်။  ကလေး ၈ ယောက်၊  အဖေနဲ့အမေ ပါရင် ၁ဝ ယောက်။  အငယ်ဆုံးက ၁ နှစ်ကျော်၊  အကြီးဆုံးက ၂ဝ။ ကျွန်မယောက်ျားက မနှစ်က ဆီးချိုဖြစ်လို့ ဆေးသောက်နေရတယ်၊  အလုပ်ကြမ်းလည်း မလုပ်နိုင်ဘူး။  ကလေးအမေတွေကတော့ လုပ်ချင်ရင်တောင် ခေါ်မယ့်လူမရှိဘူး။  ရွာပြန်လို့လည်းမဖြစ်ဆိုတော့ ဒီမှာပဲ ဖြစ်သလိုနေရတာပဲ။   အစိုးရအသစ်ကို တိုင်းပြည်ငြိမ်းချမ်းဖို့ပဲ တောင်းဆိုပါတယ်။
 
ဒေါ်ဘောက်မိုင်၊  ၃၄ နှစ်၊  မလိဆက်ယန်ရွာ

အရင်ကဒီမှာ ဆန်၊  ဆီ၊  ဆား နဲ့ ပဲရတယ်။  ဒီနှစ်မှာတော့ ဆန်တွေ ဆားတွေမပေးတော့ဘူး၊  ပိုက်ဆံတော့ပေးမယ်လို့ပြောတယ်၊ နိုဝင်ဘာမှာ ကြေညာသွားတာ။ ဒုက္ခသည်တွေ များလာလို့တဲ့။ အလုပ်ကလည်း မလွယ်ဘူး။  ယောက်ျားတွေကတော့ နေ့စားသွားကြတယ်၊ ပန်းရန်တို့၊  လက်သမားတို့ပေါ့။  ဒါပေမဲ့ နေ့တိုင်းမရဘူး။  ပုံမှန်မရှိဘူး။  မိန်းမတွေက သိပ်လုပ်စရာမရှိဘူး။  တချို့တွေလည်း ပန်းရန်သွားတယ်။  မိန်းကလေးက နေ့စားဆို ၃,ဝဝဝ လောက် ရတယ်။  ယောက်ျားဆို ၆,ဝဝဝ လောက်ရတယ်။  ရွာမှာဆို အချိန်ပြည့်အလုပ်ရှိတယ်။  စားစရာမရှိရင် ခြံရှိတယ်၊  အခင်းရှိတယ်။ ဒီမှာ ဘာမှမရှိဘူး။  စိတ်ကအခင်းမှာပဲ ရောက်နေတယ်။  ဒါပေမဲ့ အခု ရွာမှာစစ်ကြောင်းတွေရှိတုန်း၊  မြန်မာစစ်တပ်ရော၊  ကချင်စစ်တပ်ရော။  ကျွန်မတို့တွေက ကြားမှာ။  ကြောက်ရတယ်။

ဦးကွမ်ဘောလ၊  ၇၄ နှစ်၊ နန့်ဆန်ယမ်ရွာ

ရွာမှာဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်းက လမ်းပဲ ခြားတယ်၊ အကုန်သိကြတယ်။ ဒီပြည်တွင်းစစ်တွေငြိမ်းဖို့ဆိုရင် နိုင်ငံတော်အစိုးရက သဘောထားကြီးကြီးနဲ့  တိုင်းရင်းသားတွေအားလုံး လိုချင်နေတဲ့ တန်းတူညီတူ အခွင့်အရေးကို စားပွဲပေါ်မှာ မျှမျှတတ ပြေလည်အောင် ဆွေးနွေးမယ်ဆိုရင် လက်နက်နဲ့ဖြေရှင်းစရာမလိုဘူးလို့ ကျွန်တော်တို့ထင်တယ်။ တချို့နေရာတွေမှာလည်း ရွှေတူးခွင့်ပေး၊ ဒီ(စခန်း)မှာ ရှေ့ရေးတွေးလို့ မရသေးဘူး။ အစိုးရအသစ် လာမယ်၊  မျှော်လင့်တယ်၊  ဒါပေမဲ့ အရေးကြီးတဲ့ဝန်ကြီးဌာန ၃ ခုကို သူတို့က ကိုင်ထားသေးထားတာ ဆိုတော့ ပြောလို့မရသေးဘူး။ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲမှာလည်း နှစ်ဖက်လူကြီးတွေပဲ၊  လက်နက်ကိုင်တွေပဲ၊  အစိုးရအဖွဲ့အစည်းက လူတွေပဲဆိုရင် ဘာမှအလုပ်မဖြစ်ဘူး။  အခု အရမ်းဒုက္ခရောက်နေတာ၊  အမျိုးသမီးတွေနဲ့ ကလေးတွေ၊  ပြီးရင် အသက်ကြီးရွယ်အိုတွေ။  အဲဒီတော့ အမျိုးသမီးတွေလည်း ပါရမယ်၊  လူငယ်တွေလည်းပါရမယ်၊  ဘုန်းကြီးတွေလည်း ပါရမယ်၊  ဘာသာရေးတွေလည်း ပါရမယ်။  အဲဒီတော့မှ အဆင်ပြေမှာ။ နိုင်ငံရေးနဲ့ပြေလည်အောင်ပြောဆိုမှ၊  စစ်ရေးနဲ့ဖြေရှင်းရင်နှစ် ၁ဝဝ လည်း ပြီးမှာ မဟုတ်ဘူး။
 
ဒေါ်ဆိုင်းမိုင်၊  ၃၇ နှစ်၊  ဂရာယန်ရွာ

ပစ္စည်းသိမ်းဖို့အချိန်မရှိဘူး။  သေနတ်သံတွေ၊  လက်နက်ကြီးသံတွေကြားရတဲ့အချိန်မှာ ကလေးတွေက ကျောင်းမှာ၊ ပစ္စည်းမပြောနဲ့ ကလေးတွေကိုပဲ လိုက်ရှာခေါ်ပြီး တောဘက်ကို ပုန်းပြေးပြီး တစ်ဝက်က ခြေလျင်၊  တစ်ဝက်က စက်လှေနဲ့လာခဲ့ရတာ။  မြို့ကို ဘယ်လိုအမြန်ဆုံးရောက်အောင်လုပ်မလဲ ဆိုတဲ့ အတွေးပဲ ရှိတယ်။ အခုထက်ထိ ရွာတစ်ခေါက်မှ မပြန်ဖြစ်သေးဘူး။  ပစ္စည်းတွေအကုန်လုံးလည်း ဆွေးကုန်ရောပေါ့။  ပြီးတော့ ဗမာစစ်တပ်က အရင်တုန်းက ရွာထိပ်မှာပဲ ရှိတာ၊  အခုက ရွာလယ်ရော၊  အစွန်မှာရော ရှိတယ်။  မိုင်းတွေရော ကျောင်းတစ်ဝိုက်၊  ဈေးတစ်ဝိုက်မှာ (ထောင်ထားတာ)တဲ့၊  သတင်းတွေက အမျိုးမျိုးကြားရတော့ ကြောက်တယ်။  ရွာသန့်ရှင်းရေး၊  ပြန်လည်ထူထောင်ရေး လုပ်မယ်ဆိုရင်တော့ ကျွန်မတို့က ပြန်ဖို့အဆင်သင့်ပဲ။ အခက်အခဲတွေကတော့ အများကြီးရှိတယ်။   အခု ထောက်ပံ့ကြေးရတယ်၊  ဒါပေမဲ့ အဲဒါက ဆက်ပေးပါ့မလား မသိဘူး။  ဒီမှာက အရင်းအနှီးလည်းမရှိ၊  နေရာလည်းမရှိ။  ကလေးတွေကျောင်းကတော့ အခမဲ့လို့ ပြောပေမဲ့ ကျူရှင်ရှိသေးတယ်၊ တခြားကုန်ကျစရိတ်ရှိသေးတယ်၊  ဆရာကန်တော့ပွဲတို့၊  နှစ်သစ်ကူးတို့၊  စာအုပ်ဖိုး။  ဒါပေမဲ့ မတတ်နိုင်တဲ့သူတွေ အများကြီး။

ဦးဇော်ယော်၊  ၄၃ နှစ်၊  ဂစုရွာ

တိုက်ပွဲက ကျွန်တော်တို့ရွာမှာ မနက် ၃နာရီမှာဖြစ်တော့ မြစ်ကြီးနားသွားတဲ့လိုင်းကားပေါ် ပြေးလိုက်လာတာ။  ၂ဝ၁၁ ဇွန်လ၂၂ မှာ စခန်းကို ရောက်ခဲ့တာ။ ကျွန်တော့်မှာ ရွာမှာ လိမ္မော်ခြံရှိတယ်။  နေ့တွင်းချင်း တစ်ခေါက်ပြန်ကြည့်တော့ တောတွေ၊ ချုံတွေချည်းပဲ ကျန်တော့တယ်၊ အိမ်တွေတောင် သိပ်မမြင်ရတော့ဘူး။ ရရင် မနက်ဖြန်ပြန်ချင်တယ်။ ဒီမှာက နေ့စားလုပ်လို့ရတယ်ဆိုပေမဲ့ တစ်လမှာ ဆယ်ရက်လောက်ပဲ လုပ်လို့ရတာ၊  ပြီးတော့ အမျိုးသားတွေ တစ်ရာ ရှိတယ်ဆိုရင် တစ်ဆယ်လောက်ပဲ ခေါ်တာ။  လုပ်မယ့်သူတွေက များနေတာ။ UNDP က ဝက်တစ်ကောင်ရတယ်။  နောက်တစ်ကောင် ထပ်ဝယ်ထားတယ်။  ပထမ အကောင်က အတော်ကြီးနေပြီ။  ပိဿာ နှစ်ဆယ်ကျော်ရှိပြီလို့ ထင်တယ်။ နှစ်သိန်းခွဲရရင် ရောင်းမယ်။  ရတဲ့ပိုက်ဆံက သမီးကိုဘော်ဒါထားမယ်၊  ၉တန်းရောက်ပြီဆိုတော့ အရေးကြီးပြီ။  ဘော်ဒါက ၇သိန်းခွဲပေးရတယ်၊  စခန်းမှာနေရင် ကလေးတွေအတွက် အကျင့်ပျက်တယ်၊  စာကျက်ဖို့နေရာလည်းမရှိဘူး၊ ဒါကြောင့်မို့ ပညာရအောင်လို့ အဆောင်မှာထားတာ။  ရွာမှာဆိုရင် အဆောင်ထားစရာမလိုဘူး၊  ကျူရှင်ဆရာမ ကောင်းကောင်း ရှိတယ်၊  လိမ္မော်ခြံနဲ့ လယ်လုပ်တာနဲ့တင် ကျူရှင်ခပေးလို့ လောက်တယ်။ ကျွန်တော်တို့ကတော့ အရမ်းပြောင်းလဲချင်နေပြီ။

Show More

Related Articles

Back to top button