မေးမြန်းခန်း

“ပညာပေးတဲ့အလုပ်က ပြီးသွားပါပြီ”

ရန်ကုန် – ရန်ကုန်အခြေစိုက် ဆေးပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါက်တာမောင်မောင်လေးသည် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ ဒုဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားသည်။

မြန်မာပြည်သည် အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Community-AEC) တွင် ပါဝင်တော့မည် ဖြစ်သောကြောင့် မြန်မာစားသုံးသူတို့၏ အခွင့်အရေး၊ အခွန်ငွေနစ်နာမှု မရှိရေး စသည်တို့အတွက် စနစ်တကျ အလေးထား ဆောင်ရွက်ရေးမှာ မကြာမီ ပေါ်ပေါက်လာမည့် အစိုးရသစ်၏ တာဝန်များတွင် ပါဝင်သည်ဟု ပြည်ပအတွေ့အကြုံ များပြားသော ဒေါက်တာ မောင်မောင်လေးက သုံးသပ်သည်။

မကြာသေးခင်က Myanmar Now သတင်းထောက် ဖြိုးသီဟချိုနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံစဉ် ဒေါက်တာမောင်မောင်လေးက အစိုးရသစ်လက်ထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အလားအလာ၊ မကြာသေးခင်က စတင်လိုက်သော AEC မှ မြန်မာပြည် ရရှိမည့် ရလဒ်၊ အစိုးရသစ်နှင့် ပြည်သူ၏ အခန်းကဏ္ဍများအကြောင်း ပြောပြထားသည်။

မေး – နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက အစိုးရသစ်လက်ထက်မှာ ဘယ်လိုဖြစ်လာနိုင်သလဲ။ ပြည်ပလုပ်ငန်းရှင်တွေက UMFCCI နဲ့ လာရောက်ဆွေးနွေးတာမျိုးတွေ ဘယ်လောက် ရှိပါသလဲ။

ဖြေ – အများကြီး လာကြတယ်။ အများကြီးလည်းဆွေးနွေးကြတယ်။ မြန်မာနိုင်ငံက ၅၃နှစ်လောက်ကာလမှာ တပ်မတော်အစိုးရလက်ထက်က လုပ်ခဲ့တဲ့ ပုံစံမကျတဲ့အပိုင်းတွေ အများကြီးရှိပါတယ်။ အစစအရာရာပေါ့။ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး ယန ္တရားတွေလည်းမရှိဘူး။ ဗျူရိုကရေစီယန္တရားကလည်း အားနည်းတယ်။ အခြေခံအဆောက်အအုံတွေကလည်း အားနည်းတယ်။ ချက်ချင်းမဖြစ်လာနိုင်ဘူးဆိုတာ သိကြပါတယ်။ အချိန်စောင့်ရမယ်ဆိုတာကို သူတို့က သိကြပါတယ်။ မြန်မာပြည်သူလူထုကတော့ မျှော်လင့်ချက် အရမ်းကြီးတယ်။ နောက်တက်လာတဲ့အစိုးရကလည်း ချက်ချင်းလုပ်နိုင်မယ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ ဒါကိုနားလည်ပေးဖို့လိုပါတယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံက အစွန်းတစ်ဖက် သိပ်ရောက်ပါတယ်။ စားစရာမရှိတဲ့လူတွေနဲ့ ထားစရာမရှိတဲ့ လူတွေ ဆိုပြီးတော့ လူတန်းစား မညီမျှမှု ကြီးကြီးမားမားရှိပါတယ်။ လူလတ်တန်းစား သိပ်နည်းပါတယ်။

မေး – ပြည်ပလုပ်ငန်းရှင်တွေက မြန်မာနိုင်ငံကို ဘယ်လို သုံးသပ်ကြသလဲ။

ဖြေ – အခုလို ပြောင်းလဲနေတဲ့ကာလကို မျက်ခြည်မပြတ် စောင့်ကြည့်တဲ့ အပိုင်းတွေရှိတယ်၊ အချက်အလက် ကိန်းဂဏန်းတွေကို သေသေချာချာကြည့်တယ်၊ နိုင်ငံရေးကို သုံးသပ်တယ်၊ အတိုင်ပင်ခံတွေဆီကနေ အကြံဉာဏ်ယူတယ်၊ ရှေ့နေ၊ ရှေ့ရပ်တွေဆီကနေ အကာအကွယ်ယူတယ်၊ ဘဏ်တွေနဲ့ တိုင်ပင်တယ်၊ အာမခံကုမ္ပဏီတွေနဲ့ လေ့လာတယ်၊ ဒါတွေပြီးတော့မှ လုပ်ငန်းစတဲ့ အလေ့အထမျိုးရှိပါတယ်။

မေး – နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ပတ်သက်ပြီး သူတို့က ဘယ်လို သုံးသပ်သလဲ။

ဖြေ – ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုဥပဒေဆိုပြီးတော့ ရှိပါတယ်။ အဲဒီနှစ်ခုကိုလည်း တစ်ခုတည်းဖြစ်အောင်ပေါင်းဖို့ နိုင်ငံတော်က လုပ်ကိုင်နေပါတယ်။ ဒါတွေကို သူတို့က ကြိုက်ပါတယ်။ ဒေသတွင်း နိုင်ငံတွေမှာတော့ ရင်းနှီးမြှုပ်နှံမှုတွေရောက်လာဖို့ အခွန် ၅နှစ်၊ ၆နှစ် သက်သာခွင့် စတာတွေနဲ့ အပြိုင်အဆိုင် ဆွယ်ကြတယ်။ ဒါတွေနဲ့ ဆွယ်စရာမလိုပါဘူး ဆိုပြီးတော့ ပညာရှင်တွေတော်တော်များများပေါ့၊ နိုင်ငံခြားသားပညာရှင်တွေပါ ပြောကြပါတယ်။ အဓိကကတော့ မြန်မြန်ဆန်ဆန် လုပ်ခွင့်ရှိရင် ဘယ်သူမဆို လာမယ်ပေါ့။ သူတို့အတွက်ကတော့ အခြေခံအဆောက်အအုံပေါ့၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းဖို့ရယ်၊ ရေ မီး စတဲ့ လိုအပ်တဲ့အရာတွေ ပြည့်ပြည့်စုံစုံရှိဖို့၊ ဗျူရိုကရေစီ ယန္တရား ချောချောမွေ့မွေ့ရှိဖို့၊ ကြိုးနီစနစ်တွေမရှိဖို့၊ လာဘ်ပေးလာဘ်ယူမရှိဖို့၊ သတ်မှတ်ထားတဲ့ အခွန်အခတွေမဟုတ်ဘဲ အပိုကုန်တာတွေ မဖြစ်အောင်လို့ပေါ့။ ဥပဒေကလည်း ဒီနေ့တစ်မျိုး၊ နောက်နေ့တစ်မျိုးဆိုတာတွေကို သူတို့ မလိုချင်ဘူး။

မေး – ဒီအခြေခံအဆောက်အအုံတွေကရော မြန်မာနိုင်ငံမှာပြည့်စုံပြီလို့ ယူဆလို့ရပြီလား။

ဖြေ – ယူဆလို့မရသေးပါဘူး။ သို့သော်လည်း သတ်မှတ်ထားတဲ့ ဇုန်တွေမှာ၊ နေရာတွေမှာ အဓိက အာရုံစိုက်ပြီးတော့ ပြည့်စုံအောင်လုပ်ပေးဖို့ပဲ လိုအပ်ပါတယ်။ နိုင်ငံတော်က ပံ့ပိုးပေးရမယ့် အရာတွေပါ။

မေး – ဆင်းရဲမှုပြဿနာကို အစိုးရသစ်က ဘယ်လို ကိုင်တွယ်သင့်သလဲ။

ဖြေ – ဆင်းရဲမှုကို တတ်နိုင်သလောက် ပပျောက်အောင်လုပ်ဖို့ကတော့ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်ကို သိအောင်လုပ်ဖို့ လိုပါတယ်။ အခုဆိုရင်တော့ ပိုပြီးကောင်းလာတာပေါ့။ ပြည်သူက တင်မြှောက်လိုက်တဲ့ အစိုးရ ပြည်နယ်နဲ့ တိုင်းအလိုက် တက်လာတော့မှာဖြစ်ပါတယ်။ ဒီလူတွေဟာ ပြည်သူနဲ့ တစ်သားတည်းဖြစ်ပြီးတော့၊ အမြဲတမ်းထိတွေ့ပြီးတော့ လုပ်လို့ရပါတယ်။ ထိုင်းတို့ ဘာတို့မှာ လုပ်သလို One township, one product ပေါ့။ ဒီနယ်၊ ဒီကျေးရွာ ဘာထွက်နိုင်သလဲ၊ သူ့ရဲ့ အားနည်းချက်၊ အားသာချက်ကို ကြည့်ရပါမယ်။ သူ့ရဲ့ အကောင်းဆုံးထွက်နိုင်တဲ့ဟာကို အားပေးဖို့လိုပါတယ်။ နိုင်ငံတော်အဆင့်က ပညာရှင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကအစ အာရုံစိုက်ပြီးတော့ လုပ်ကိုင်ဖို့လိုပါတယ်။

မေး – AEC နဲ့ မြန်မာပြည် ဆက်စပ်မှုအကြောင်း နည်းနည်း သုံးသပ်ပါ။

ဖြေ – AEC က ဘာလို့ဒီလောက်အရေးကြီးလာလဲဆိုတော့ ယှဉ်ပြိုင်မှုတွေ အားကောင်းအောင်လို့ ထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ရင်းနှီးမြှုပ်နှံမှုအားလုံး တစ်နေရာတည်း၊ တစ်စုတဝေးတည်းဖြစ်ပြီး အာဆီယံဆယ်နိုင်ငံလုံး တက်ညီလက်ညီနဲ့ စီးပွားရေးအရ တက်လာနိုင်အောင်၊ ရွေ့လျားနေတဲ့ ကမ္ဘာ့စီးပွားရေးထဲကို ဝင်ဆံ့သွားနိုင်အောင်လို့ လုပ်လိုက်တာပါ။

AECက ၂၁၁၅ ဒီဇင်ဘာ ၃၁ ရက်နေ့ကနေ စပြီးလုပ်ခဲ့ပါတယ်။ ဒီဆယ်နိုင်ငံရဲ့ စီးပွားရေးဟာ အမေရိကန်ဒေါ်လာ ၂.၄ ထရီလီယံ ရှိပါတယ်။ ဒါဟာ ကမ္ဘာမှာ အဆင့် ၇ ပါ။ ဒီနှုန်းအတိုင်းသွားခဲ့ရင် ၂ဝ၅ဝ မှာ ကမ္ဘာမှာ နံပါတ်၄ အဆင့် ဖြစ်လာနိုင်ပါတယ်။ ဥရောပ၊ မြောက်အမေရိက ပြီးရင် အာဆီယံဖြစ်လာနိုင်တဲ့ အလားအလာရှိပါတယ်။

မေး – AEC က ရလာမယ့် အခွင့်အရေးတွေကိုရော ပို့ကုန်သမားတွေက အသုံးချနိုင်တဲ့ အလားအလာ များမယ်လို့ ယူဆပါသလား။

ဖြေ – အရင်တုန်းက အစိုးရပေါ်လစီက တံခါးဖွင့်စီးပွားရေးမဟုတ်ဘူး။ တံခါးက ဖွင့်လိုက် ပိတ်လိုက် ဖြစ်နေတာမျိုးပေါ့။ ဒီတော့ ကုန်သည်လုပ်ငန်းရှင်တွေက လက်ပန်းကျနေသလို ဖြစ်နေတယ်။ သတိထားဖို့လိုတာက ကိုယ့်ကို လွှမ်းမိုးသွားမှာလည်းစိုးရိမ်ရပါတယ်။ လက်ဝှေ့ထိုးသလိုပါပဲပေါ့။ ဟိုက ဟဲဗီးဝိတ်တွေလာတယ်ဆိုတော့ ဟိုက အားနဲ့မာန်နဲ့ ပစ္စည်းတွေကို ဖိပြီးတော့ စုပုံပြီးတော့ အမှိုက်ပုံသလို လာပုံနိုင်ပါတယ်။ ကောင်းတာလာပုံရင် တော်ပါသေးတယ်၊ မကောင်းတာတွေလာပုံမယ်ဆိုရင်တော့ ပိုပြီးတော့ ဆိုးလာနိုင်ပါတယ်။ ဥပမာ ဆေးတွေ၊ အစားအသောက်တွေ၊ အရည်အသွေးမမီတာတွေ လာပုံရင် သေရော။ ကိုယ့်ဘက်ကနေ စားသုံးသူကာကွယ်တဲ့ ဥပဒေတွေနဲ့ သေသေချာချာ စစ်ဆေးဖို့ လိုပါတယ်။

မေး – AEC မှာ အခွန်ကင်းလွတ်တာတွေ ပါလာပြီဆိုတော့ အစိုးရသစ်လက်ထက်မှာ အခွန်ငွေ နစ်နာတာမျိုးတွေ ဖြစ်လာနိုင်ပါသလား။

ဖြေ – နစ်နာနိုင်ပါတယ်။ အခွန်ကိစ္စတွေမှာ ဒေသတွင်းနိုင်ငံတွေမှာ အခွန်ဘဏ္ဍာငွေကို ဘယ်လို စည်းကြပ်လဲ ဆိုတာ အစဉ်တစိုက်လေ့လာနိုင်ဖို့ လိုပါတယ်။ အားလုံးကတော့ သူတို့ (တွက်ခြေ) ကိုက်လို့ လာလုပ်နေကြတာပါပဲ။ သူတို့မှာ အခွန်ငွေရှောင်နည်းတွေကလည်း နည်းအမျိုးမျိုးရှိပါတယ်။ ဒါကို ဥပဒေနဲ့ဟန့်တားနိုင်ဖို့လိုပါတယ်။

ဒါက ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်လည်း လိုပါတယ်။ မြန်မာနိုင်ငံက အကောက်အခွန်ကရတဲ့ သွင်းကုန်အခွန်နဲ့ ထိုင်းက ပို့ကုန်အခွန်က တူနေရမယ်။ ဒါပေမဲ့ အခုက ရှစ်ဆ ကွာနေတယ်။ ထိုင်းဘက်က ပိုများနေတယ်။ တရားမဝင်တဲ့ နည်းနဲ့အခွန်တွေရှောင်နေတာတွေရှိတယ်။ တရုတ်နိုင်ငံဘက်က နယ်စပ် ကုန်သွယ်မှုတွေမှာလည်း ဒီအတိုင်းပါပဲ။ နေရာတိုင်းမှာ ဒီလိုယိုပေါက်တွေရှိနေတယ်၊ ကြပ်ကြပ်မတ်မတ် မလုပ်နိုင်ရင်တော့ ကိုယ်ရသင့်ရထိုက်တဲ့ဟာတွေ ဘာမှရမှာမဟုတ်ဘူး။ အဲဒီအပြင်AEC ကပါ ထပ်လာတယ်ဆိုတော့ ယက်ကန်ယက်ကန် ဖြစ်နေမယ့်သဘောရှိပါတယ်။ နောက်အစိုးရအနေနဲ့က အစစအရာရာ စနစ်တကျနဲ့ ဥပဒေကိုချမှတ်ပြီး ဒီဘောင်အတွင်းကနေ ပြတ်ပြတ်သားသား အရေးယူဖို့လိုပါတယ်။ မဲပေးခဲ့တဲ့လူအားလုံးကလည်း ကိုယ်တင်လိုက်တဲ့အစိုးရကို စာနာထောက်ထားပြီးတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ သားစဉ်မြေးဆက်ကောင်းအောင် ဝိုင်းလုပ်ဖို့လိုပါတယ်။

မေး – AEC မှာ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုငွေအင်အား ဘယ်လောက်ရှိလာမလဲ။

ဖြေ – AEC နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက အောက်ဆုံးအဆင့်လောက်မှာရှိတယ်။ ရင်းနှီးမြှုပ်နှံမှုကလည်း ၇ လောက်မှာ ရှိတယ်။ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုက ဘီလျံ ၂ဝ မပြည့်ဘူး။ ဒေသတွင်းနိုင်ငံတွေမှာက ဘီလျံပေါင်းရာနဲ့ချီပြီး သွားနေကြတယ်ဆိုတော့ ကိုယ်က အောက်မှာဖြစ်နေတယ်။

မေး – လာမယ့်အစိုးရသစ်လက်ထက် စီးပွားရေးဆိုင်ရာ အခက်အခဲက ဘာတွေဖြစ်နိုင်မလဲ။

ဖြေ – အဓိကတော့ ဗျူရိုကရေစီယန္တရားရဲ့အကျိုးသက်ရောက်မှုရှိဖို့ လိုပါတယ်။ သူက တရုတ်နဂါးလိုပဲ၊ ခေါင်းကလှုပ်တယ်၊ အမြီးက မလိုက်နိုင်ဘူးဆိုရင် မဖြစ်ဘူး၊ အစိုးရတစ်ရပ်ကပဲ ပြောင်းလဲချင်နေလို့ မဖြစ်ဘူး၊ ဗျူရိုကရေစီ ယန္တရားကလည်း လိုက်လာနိုင်မှဖြစ်မယ်။ အစိုးရရယ်၊ ပြည်သူရယ်၊ ဗျူရိုကရေစီယန္တရားရယ် ပေါင်းစပ်ပြီးတော့ သွားရပါလိမ့်မယ်။

မေး – တောင်သူလယ်သမား စိုက်ပျိုးလုပ်ကိုင်တဲ့မြေဧက အများအပြား ဌာနဆိုင်ရာတချို့ နဲ့ လုပ်ငန်းရှင်ကြီးတချို့ဆီ ရောက်နေလို့ ပြဿနာ တက်နေကြပြီ။ အစိုးရသစ်က ဒါကို ဘယ်လို ကိုင်တွယ်သင့်သလဲ။

ဖြေ – မြန်မာနိုင်ငံကို အမေရိကန်က အထူးအခွင့်အရေး ပြန်မပေးတဲ့ကိစ္စမှာလည်း ဒါကလည်း အချက်အလက် တစ်ခုအနေနဲ့ ပါပါတယ်။ နောက်အစိုးရက တရားဥပဒေအတိုင်း လုပ်ဖို့လိုပါတယ်။ ကာယကံရှင်တွေအနေနဲ့ကလည်း ကူညီတဲ့အနေနဲ့ ချောချောမွေ့မွေ့ဖြစ်သွားအောင် လုပ်ပေးဖို့လိုမယ်လို့ ထင်ပါတယ်။ အရင်တုန်းက မှားခဲ့တဲ့ဟာတွေကို ပြဿနာတစ်စုံတစ်ရာမရှိဘဲ၊ နှစ်ဦးနှစ်ဖက်အကျိုးရှိပြီး တိုင်းပြည်အတွက်လည်း အကျိုးရှိမယ့် အလုပ်ကို လုပ်စေချင်ပါတယ်။ အဖွဲ့အစည်းအသီးသီးကလည်း ကိုယ့်ရဲ့ သား၊ သမီး၊ မြေး၊ မြစ် နောင်လာနောင်သားတွေထိအောင် ကြည့်ပြီး ပြဿနာမဖြစ်အောင် ရာဇဝင် မတွင်အောင် လုပ်သင့်ပါတယ်။ ဒီပြဿနာဟာ နောက်အစိုးရ တော်တော်ရုန်းကန်ပြီးတော့ ဖြေရှင်းရပါလိမ့်မယ်။

မေး – မြေဈေး အဆမတန် ကြီးမားနေတာက မြန်မာ့စီးပွားရေးကို ဘယ်လိုသက်ရောက်သလဲ။

ဖြေ – မြေဈေးအဲဒီလောက်ကြီးပြီး ရင်းနှီးမြှုပ်နှံဖို့၊ လာပြီးအလုပ်အကိုင်လုပ်ဖို့ ရှားပါးနေတယ်ဆိုတာတော့ လူကြားလို့တောင် မကောင်းပါဘူး။ သူတို့လာပြီး ရင်းနှီးမြှုပ်နှံချင်တယ်၊ စက်ရုံတည်ချင်တယ်။ အလုပ်သမား ငါးသောင်းလောက် အလုပ်အကိုင်ရရမယ့်ကိစ္စမှာ မြေမရှိလို့ပြန်သွားရတဲ့လူတွေ ရှိပါတယ်၊ တော်တော်လည်း ဝမ်းနည်းဖို့ ကောင်းပါတယ်။ လွန်ခဲ့တဲ့၂နှစ်လောက်ကလည်း SAMSUNG က ဖုန်းလာလုပ်ဖို့ လာတယ်။ မြေမရလို့ ပြန်သွားရတယ်။

မေး – နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ ပို့ကုန်လုပ်ငန်းတွေကို ထိခိုက်နေတာဟာ မြေယာ လက်ဝါးကြီးအုပ်ထားတွေကြောင့်ဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်တွေက ဘယ်လောက်အထိ မှန်သလဲ။

ဖြေ – ဒါကြောင့်ဖြစ်နေတာပါ။ တစိုက်မတ်မတ် မလုပ်တာရယ်၊ အားနာမှုရယ်၊ အရှိန်အဝါကြောင့် မကိုင်ရဲ၊ မတွယ်ရဲ ဖြစ်နေတာတွေရယ်ကြောင့်ပါ။ ဥပဒေ ချမှတ်ပြီးတော့ ပြတ်ပြတ်သားသား ကျောသားရင်သား မခွဲခြားဘဲ လုပ်သင့်ပါတယ်။ သတ္တိရှိရှိနဲ့ ဥပဒေဘောင်ထဲကနေ ရင်ဆိုင်ရမှာပါပဲ၊ အရေးယူ ဆောင်ရွက်ရမှာပါပဲ။ ပညာပေးတဲ့အလုပ်က ပြီးသွားပါပြီ။ ။

Show More

Related Articles

Back to top button