မေးမြန်းခန်း

“မတရားသိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့ လိုပါတယ်”

မအူပင် – စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ခြင်း မရှိပါက မြန်မာနိုင်ငံ တိုးတက်မည်မဟုတ်ဟု ပြည်သူ့လွှတ်တော် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာ ကော်မတီ ဥက္ကဋ္ဌက ပြောသည်။

ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရာတွင် မတရား သိမ်းဆည်းထားသည့် လယ်ယာမြေကို မူလပိုင်ရှင်တို့ထံ ပြန်လည် ပေးအပ်ရန် လိုအပ်ကြောင်းလည်း ကော်မတီ ဥက္ကဋ္ဌ ဦးစိန်ဝင်းက ဆိုသည်။ ဦးစိန်ဝင်းသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲတို့တွင် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။

မကြာသေးခင်က ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ရှိ သူ၏နေအိမ်တွင် Myanmar Now နှင့် တွေ့ဆုံစဉ် ဦးစိန်ဝင်းက စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည့် စိုက်ပျိုးရေးဆိုင်ရာ မူဝါဒ အမှားများ၊ အစိုးရ ဆောင်ရွက်ပေးသင့်သည့်အချက်များနှင့် ပတ်သက်ပြီး ပြောပြထားသည်။

မေး။ ။ အစိုးရအဆက်ဆက် စိုက်ပျိုးရေးကဏ္ဍ မူဝါဒပိုင်းမှာ ဘာတွေ အားနည်းခဲ့သလဲ။

ဖြေ။ ။ ကျွန်တော်အစိုးရ ဝန်ကြီးဌာနမှာ အနှစ်၂ဝကြာလောက် လုပ်ခဲ့တဲ့အချိန်မှာ လယ်ယာကဏ္ဍ မူဝါဒ အမှားတွေ တွေ့ရပါတယ်။ နံပါတ်တစ်ကတော့ ကိုယ်စားဖို့ပဲချန်ပြီး ကျန်တာ နိုင်ငံတော်ကို ရောင်းရမယ်ဆိုတဲ့ အတွက် တောင်သူလယ်သမားတွေ တော်တော်ကြီး နစ်နာစေခဲ့ပါတယ်။ နံပါတ်နှစ်ကတော့ စီမံကိန်းတွေ လုပ်တာ၊ တောင်သူလယ်သမားတွေ မစိုက်ချင်တဲ့ သီးနှံတွေ စိုက်ခိုင်းတာ၊ ရေမရှိဘဲနဲ့ နွေစပါးစိုက်ခိုင်းတာမျိုးတွေပေါ့။ နံပါတ်သုံးကတော့ တောင်သူလယ်သမားတွေက ရာသီဥတုကို အခြေခံပြီးတော့ စိုက်ပျိုးရေးလုပ်တာ ဖြစ်တယ်။ သစ်တောတွေ၊ သယံဇာတတွေစတဲ့ ရာသီဥတုကို အထောက်အပံ့ပြုစေတဲ့ အကြောင်းတရားတွေကို ပျက်စီးစေတဲ့ စီမံကိန်းတွေ ဆောင်ရွက်တဲ့အတွက် လယ်ယာကဏ္ဍ ဖွံ့ဖြိုးမှုနည်းတာမျိုးလည်း တွေ့ရတယ်။ နောက်တစ်ချက်ကတော့ စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီးတော့ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတော်က ရင်းနှီးမြှုပ်နှံမှု ကောင်းကောင်းမရှိဘူး။ ယနေ့ထိလည်း မရှိသေးဘူး။ စိုက်ပျိုးရေးကို ပါးစပ်ကပဲ အားပေးနေတာ။ လက်တွေ့မှာ အားပေးနေတာမဟုတ်ဘူး။ နောက်ဆုံးအချက်ကတော့ ၁၉၈၈ နောက်ပိုင်းမှာ လယ်ယာမြေတွေကို အဓမ္မ သိမ်းဆည်းတာ။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ၃သန်းလောက် (သွားရောက်) ကျွန်ခံနေရတဲ့ အဓိကအကြောင်းကတော့ တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေတွေကို သိမ်းဆည်းလိုက်တာကြောင့်ပါပဲ။

မေး။ ။ မြန်မာ့စီးပွားရေးတိုးတက်ဖို့အတွက် စိုက်ပျိုးရေးကဏ္ဍက ဘယ်လောက်တောင်အရေးပါ ပါသလဲ။

ဖြေ။ ။ အလွန်အရေးပါပါတယ်။ မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးကိုမှီခိုပြီးတော့ အသက်မွေးဝမ်းကျောင်း ပြုနေသူက ၇ဝ ရာခိုင်နှုန်းလောက် ရှိပါတယ်။ စိုက်ပျိုးရေးထွန်းကားမှသာ စိုက်ပျိုးရေးကို မှီခိုနေတဲ့ ဒီ ၇ဝ ရာခိုင်နူန်းရဲ့ စားဝတ်နေရေး၊ လူနေမှုဘဝတွေကို မြှင့်တင်နိုင်မှာဖြစ်ပါတယ်။ ကမ္ဘာမှာကလည်း ရာသီဥတု ပြောင်းလဲနေတာကြောင့် ရိက္ခာလိုအပ်ချက်က အရေးပါလာတဲ့ ကိစ္စဖြစ်လာတယ်။ မြန်မာနိုင်ငံဟာ ရာသီဥတုက သုံးမျိုးရှိတယ်၊ မြေဆီသြဇာကလည်း ကောင်းမွန်တယ်၊ တောင်သူလယ်သမားတွေလည်း ရှိတယ်။ ကိုလိုနီလက်ထက်ကတောင် မြန်မာနိုင်ငံက ဆန်စပါး ပြည်ပကိုတောင်ပို့နိုင်တယ်၊ ကနေ့ခေတ်မှာမှ ဆန်စပါးကို အပြင်ကတောင်ဝယ်စားရတဲ့ အခြေအနေမျိုးဖြစ်နေတာ။ စိုက်ပျိုးရေးကဏ္ဍမှာမှ မအောင်မြင်နိုင်ဘူးဆိုရင် မြန်မာနိုင်ငံ ဘယ်လိုနည်းနဲ့မှ တိုးတက်လာနိုင်မှာမဟုတ်ပါဘူး။

မေး။ ။ စိုက်ပျိုးရေးကဏ္ဍအောင်မြင်ဖို့ ဘာတွေ ပြုပြင်ပြောင်းလဲရမလဲ။

ဖြေ။ ။ မတရား သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့ လိုပါတယ်။ သိမ်းယူထားတဲ့ လုပ်ငန်းရှင်တွေက ဒီလယ်ယာမြေတွေပေါ်မှာ လယ်ယာစိုက်ပျိုးဖို့၊ စိုက်ပျိုးထုတ်လုပ်ဖို့ မဟုတ်ဘဲ ပြန်လည်ရောင်းချဖို့ဖြစ်နေတယ်။ နံပါတ်နှစ်က ဒီစိုက်ပျိုးရေးသမားတွေ ရင်းနှီးမြှုပ်နှံမှု အားနည်းတယ်၊ ရင်းနှီးမြှုပ်နှံမှုကို လိုအပ်သလောက် ဦးစားပေးဆောင်ရွက်ပေးရမယ်။ နံပါတ်သုံးအချက်က စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ နည်းပညာတွေ၊ အသိပညာတွေကို ပံ့ပိုးပေးရမယ်။ နံပါတ်လေးကတော့ မျိုးစေ့က အရေးကြီးပါတယ်၊ မျိုးတစ်မျိုးကောင်းတယ်ဆိုတာက ငါးနှစ်က ဆယ်နှစ်အတွင်းမှာပဲ ရှိတယ်၊ ဆယ်နှစ်နဲ့အထက်ဖြစ်သွားပြီ ဆိုရင်တော့ မျိုးပျက်သွားတတ်တယ်၊ သုတေသနပိုင်းမှာ သီးနှံမျိုးစေ့ စီမံကိန်းတွေမှာ အလေးထားပြီး ဆောင်ရွက်မှု အားနည်းတယ်။ လယ်ယာကဏ္ဍ ထုတ်ကုန်ပစ္စည်းတွေကို တန်ဖိုးမြှင့်နိုင်အောင် စက်ရုံတွေကို ဦးစားပေးပြီးတော့ ခေါ်ရမယ်၊ လေယာဉ်စက်ရုံတွေ၊ ကားစက်ရုံတွေ မလိုချင်ပါဘူး၊ လယ်ယာကဏ္ဍကို အခြေပြုတဲ့ စက်ရုံတွေဖြစ်ဖို့ လိုပါတယ်၊ ဥပမာ စပါးထွက်တယ်၊ အဲဒီစပါးကို သန့်သထက်သန့်လာအောင် စက်ပိုင်းဆိုင်ရာ မြှင့်တင်တာမျိုး။ ခရမ်းချဉ်သီးကို အလုံးလိုက်တင်ပို့မယ့်အစား ခရမ်းချဉ်ယိုပေါ့။ ဒါတွေပြောင်းမှပဲ နိုင်ငံခြား ပို့ကုန်ကို လုပ်ကိုင်ဖို့ အဆင့်အတန်းမီမှာဖြစ်ပါတယ်။

မေး။ ။ ပြီးခဲ့တဲ့နှစ်တွေအတွင်း လွှတ်တော်ကော်မတီရဲ့ ဆောင်ရွက်ချက်တချို့အကြောင်း ပြောပြပါ။

ဖြေ။ ။ မြေလွတ်၊ မြေရိုင်းဥပဒေတွေ၊ လယ်ယာမြေဥပဒေတွေ၊ တောင်သူလယ်သမား အခွင့်အရေးနဲ့ အကျိုးစီးပွားကာကွယ်ရေးဥပဒေတွေကို ရေးဆွဲခဲ့ပါတယ်။ လယ်ယာမြေစုံစမ်းရေး ကော်မရှင်မှာကတော့ ဧရာဝတီတိုင်း ၂၆မြို့နယ်မှာရှိတဲ့ မတရားသိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေကို စုံစမ်းစစ်ဆေးခဲ့ပြီး လယ်ယာမြေတွေ မူလလယ်သမားတွေကို ပြန်ပေးဖို့အတွက် စာတမ်းတွေပြုစုပြီး ပြည်ထောင်စုလွှတ်တော်မှာ အကြံပြုလမ်းညွှန်မှုတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

မေး။ ။ လောလောဆယ် တောင်သူလယ်သမားနဲ့အလုပ်သမားရေးရာကော်မတီမှာ ဦးစိန်ဝင်း ဘာတွေများ လုပ်ဆောင်နေပါသလဲ။

ဖြေ။ ။ ပြီးခဲ့တဲ့ ၂ဝ၁၂ ကာလမှာ မတရားသိမ်းဆည်းခံလယ်ယာမြေတွေကို ဖော်ထုတ်စုံစမ်းတာမျိုးပဲ လုပ်နိုင်ခဲ့ပြီး အစိုးရက မဖြေရှင်းပေးခဲ့ပါဘူး၊ ဒီကိစ္စကို အစိုးရသစ်လက်ထက်မှာ ဆက်လက်ပြီးတော့ လိုအပ်သလို ဆောင်ရွက်ရမယ့် တာဝန် ရှိနေပါတယ်။ ဒါနဲ့ပတ်သက်တဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ ဆွဲနေတယ်။

မေး။ ။ လယ်သမားတွေ မျိုးစေ့ကောင်း၊ စိုက်ပျိုးရေးစရိတ်ချေးငွေ ရရေးအတွက် လွှတ်တော်ကနေ တင်ပြ၊ တိုက်တွန်းသွားဖို့ ရှိပါသလား။

ဖြေး။ ။ ကျွန်တော် ပြီးခဲ့တဲ့လွှတ်တော် ပထမအကြိမ်ကတည်းက တိုက်တွန်းထားတာရှိပါတယ်။ စပါးတစ်ဧကကို နှစ်သိန်း ချေးရမယ်။ သီးနှံတစ်မျိုးကို စိုက်တယ်ဆိုရင် သူ လွတ်လွတ်လပ်လပ်နဲ့ စိုက်ပျိုးနိုင်အောင်၊ ရောင်းဝယ်နိုင်အောင် ခြောက်လ မလုပ်ဘဲ တစ်နှစ်လောက် ချေးငွေပေးစေလိုတယ်။ ဒီကိစ္စတွေကို လွှတ်တော်ကနေ ရအောင် ထိန်းသွားမှာပါ။ ဒါက လယ်ဆည်ဝန်ကြီးဌာနနဲ့ တိုက်ရိုက် ပတ်သက်ပါတယ်။ လယ်ဆည်ဝန်ကြီးကလည်း ကိုယ့် (NLD ပါတီမှ) ဝန်ကြီး ဖြစ်နေတော့ တွန်းတွန်း တိုက်တိုက်နဲ့ ပြောသွားမှာပါ။ ။

Show More

Related Articles

Back to top button