သတင်း

မအူပင်ဦးစိန်ဝင်းနှင့် PPP ဦးကျော်ဇေယျတို့ ပေါင်းမည်

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီမှ ဦးကျော်ဇေယျ အပါအဝင် ထိပ်တန်းခေါင်းဆောင်များနှင့် ပါတီဝင်အများအပြား အခြားပါတီငယ်တစ်ခုနှင့် ပူးပေါင်းလိုက်ပြီ သိရသည်။

၎င်းတို့ ကူးပြောင်းလိုက်သည့် ပါတီမှာ မအူပင်စိန်ဝင်းဟု လူသိများသော လွှတ်တော်အမတ်ဟောင်း ဦးစိန်ဝင်း၏ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUD)  ဖြစ်သည်။

PPP တွင် ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ အငြိမ်းစားဒုတိယဗိုလ်မှူးကြီး ဦးကျော်ဇေယျ၏ အရည်အချင်းကို သိရှိပြီးဖြစ်သည်ဟု NUD ခေါင်းဆောင် ဦးစိန်ဝင်းက Myanmar Now ကို ပြောသည်။ 

“သူ့အရည်အချင်းက ဘာလဲဆိုတာ သိတယ်လေ။ သူနဲ့ကိုက်ညီတဲ့ တာဝန်ကြီးကိုပဲ ပေးမှာပါ။ သူ့ကို ဒုဥက္ကဋ္ဌ ၁ အနေနဲ့ ထားမယ်လို့ လျာထားပါတယ်” ဟု NUD ဥက္ကဋ္ဌ ဦးစိန်ဝင်းက ပြောသည်။ 

 ဦးကျော်ဇေယျ၊ ဦးစိန်ဝင်းတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ခွဲခွာခဲ့သူများ ဖြစ်သည်။

ပူးပေါင်းရန်အတွက် ဦးစိန်ဝင်းက ဖိတ်ခေါ်ခဲ့သည်ဟု ဦးကျော်ဇေယျက Myanmar Now ကို ပြောသည်။

“PPP က တော်တော်များများတော့ NUD ကို ရောက်နေကြပြီ၊ တော်တော်များများကို ပြောင်းကြတာ။ ဦးစိန်ဝင်းက ကျွန်တော်တို့ ပေါင်းရအောင်ဗျာ၊ ခင်ဗျားနဲ့ ကျွန်တော်နဲ့ စိတ်တူကိုယ်တူဖြစ်တယ် ဆိုပြီးတော့ ခေါ်ပါတယ်” ဟု ဦးကျော်ဇေယျက ပြောသည်။

ဘက်ပြောင်းလိုက်သူများတွင် ထိပ်ပိုင်းခေါင်းဆောင်များအပြင် တိုင်းနှင့် ပြည်နယ်အဆင့် ဥက္ကဋ္ဌတာဝန်ယူခဲ့သူများ၊ ရာနှင့်ချီသော ပါတီဝင်များလည်း ပါဝင်သည်ဟု သိရသည်။

PPP ပါတီကို ယခင်က NLD ၏ နာမည်ကြီးအမတ် ဒေါ်သက်သက်ခိုင်က ဦးဆောင် တည်ထောင်ခဲ့သည်။  

ခေါင်းဆောင်များ၊ ပါတီဝင်များ အပြာရောင်ဝတ်စုံ ဝတ်ဆင် မဲဆွယ်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီအမတ်လောင်းများ အပြတ်အသတ် ရှုံးနိမ့်ခဲ့အပြီး စစ်တပ်က အာဏာသိမ်းသောအခါ ဒေါ်သက်သက်ခိုင်က စစ်ကောင်စီနှင့် ပူးပေါင်းကာ ဝန်ကြီးရာထူး လက်ခံလိုက်သည်။ 

ဒေါ်သက်သက်ခိုင် စစ်ကောင်စီဝန်ကြီးဖြစ်လာပြီးနောက် PPP ပါတီအတွင်း သဘောထားကွဲလွဲမှုများကြောင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ အပါအဝင် ပါတီဝင် ရာနှင့်ချီ ဇွန်လအတွင်းက နုတ်ထွက်ခဲ့ကြသည်။

ယခု NUD နှင့် ပူးပေါင်းလိုက်သူများတွင် PPP ပါတီ၏ ရန်ကုန်တိုင်းဥက္ကဋ္ဌဟောင်း ဦးညီညီလွင်၊ ပဲခူးတိုင်းဥက္ကဋ္ဌဟောင်း ဒေါ်စောယုမာ၊ မန္တလေးတိုင်းဥက္ကဋ္ဌဟောင်း ဦးဇာနည်အောင်အောင်၊ မကွေးတိုင်းဥက္ကဋ္ဌဟောင်း ဦးခင်မောင်ဌေးနှင့် NLD အမတ်ဟောင်း ဦးဖေချစ်လည်း ပါဝင်သည်။ 

NUD သည် သန့်ရှင်းသောပါတီဖြစ်သည်ဟု ဦးညီညီလွင်က ဆိုသည်။

“ပါတီက ဖြူစင်သန့်ရှင်းနေတာရယ်၊ ဥက္ကဋ္ဌရဲ့ ရိုးသားမှုရယ်ကြောင့် ကျွန်တော်တို့က ဝိုင်းဝန်းပြီး ပူးပေါင်းခြင်း ဖြစ်ပါတယ်” ဟု NUD  တွင် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူမည့် ဦးညီညီလွင်က Myanmar Now ကို ပြောသည်။

နိုင်ငံအနှံ့ သတ်ဖြတ်၊ အကြမ်းဖက်၊ မီးရှို့မှုများ နေ့စဉ် ဖြစ်ပေါ်နေချိန်တွင် နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှု အနည်းငယ်သာ တွေ့ရသည်။ စစ်ကောင်စီ၏ လမ်းပြမြေပုံအတိုင်း လှုပ်ရှားနိုင်ရေးအတွက် ပါတီတွင်း အပြောင်းအလဲလုပ်ရန် ကြိုးစားနေသည့် ပါတီတချို့လည်း ရှိသည်။

လာမည့်နှစ်၊ ဩဂုတ်လထက် နောက်မကျဘဲ ရွေးကောက်ပွဲကျင်းပမည်ဟု အာဏာသိမ်းစစ်ကောင်စီက ပြောဆိုထားပြီး ထိုကာလထက် စော၍ ကျင်းပရန် စစ်ဗိုလ်ချုပ်များ ပြင်ဆင်နိုင်ခြေရှိသည်ဟု တချို့က ခန့်မှန်းနေကြသည်။ 

ပါတီငယ်များလည်း နေရာရစေမည့် အချိုးကျကိုယ်စားပြုစနစ်ကို အသုံးပြုပြီး ရွေးကောက်ပွဲလုပ်မည်ဟု စစ်ခေါင်းဆောင်က အင်အားနည်းပါတီများ၊ NLD ဆန့်ကျင်သူများကို စည်းရုံးထားသည်။ 

ရွေးကောက်ပွဲကို PR စနစ်ဖြင့် ကျင်းပရနိုင်ရန် ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်များကိုလည်း ဩဂုတ်လ တတိယပတ်အတွင်းတွင် ထပ်မံတိုးချဲ့ဖွဲ့စည်းထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button