သတင်း

အစိုးရကို ဝေဖန်လေ့ရှိသည့် ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ပါတီတာဝန်မှ ရပ်စဲခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျနှင့် ၎င်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်တို့ကို ပါတီတာဝန်များမှ အနားပေးလိုက်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ဒေါ်သက်သက်ခိုင်နှင့် ဦးကျော်ဇေယျတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မြို့နယ်ပါတီအလုပ်အမှုဆောင် အဖွဲ့ တာဝန်ကို ယူထားသူများဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ မူဝါဒနှင့် လုပ်ပုံကိုင်ပုံများကို ပြင်းပြင်းထန်ထန် ဝေဖန်သူများအဖြစ် လူသိများသူများဖြစ်သည်။

ပါတီက ချမှတ်ထားသည့်မူဝါဒနှင့် လမ်းညွှန်ချက်များကို ချိုးဖောက်၍ ပါတီတာဝန်မှ ရပ်စဲရခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဒေါက်တာမျိုးညွန့်က ပြောသည်။

“အဓိကကတော့ ပါတီစည်းကမ်းချိုးဖောက်လို့ပါ။ ပါတီတစ်ခုလုပ်တယ်ဆိုရင် အားလုံး ဆွေးနွေးရမယ့် မူဝါဒတွေ၊ လမ်းညွှန်ချက်တွေ ချမှတ်ပြီးသားကို ပါတီဝင်တွေရော ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေရော ဒါတွေကို ကျော်လွန်ပြီး လုပ်ဆောင်ခွင့်မရှိပါဘူး” ဟု ၎င်းက ပြောသည်။

ထိုသို့ ကျော်လွန်လုပ်ဆောင်ပါက ပါတီ၏စည်းလုံးမှုပြိုကွဲနိုင်ပြီး ပါတီ၏မူဝါဒများကို အကောင်အထည်ဖော်ရန် ခက်ခဲသွားမည်ဟု ၎င်းက ဆက်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌထံလိပ်မူထားသည့် စာတစ်စောင်ကို ဒေါ်သက်သက်ခိုင်က ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ် စာမျက်နှာတွင် ဖြန့်ဝေထားရာ ဩဂုတ်လ ၂၅ ရက်နေ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ဒေါ်သက်သက်ခိုင်အား ပေးအပ်ထားသော ပါတီတာဝန်များကို ရပ်ဆိုင်းလိုက်သည်ဟု ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းလက်မှတ်ဖြင့် ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

ပါတီတာဝန်မှ ရပ်စဲသည်ဟု ဆိုသော်လည်း ပါတီမှ ထုတ်ပယ်ခြင်းမဟုတ်ဟု ပါတီတာဝန်ရှိသူတစ်ဦးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချပ်၏ ဒဂုံမြို့နယ်ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဦးက ဒေါက်တာသက်သက်ခိုင်နှင့် ဦးကျော်ဇေယျတို့ နှစ်ဦးမှာ ဒဂုံမြို့နယ် ဒီချုပ်၏ အလုပ်အမှုဆောင်များဖြစ်ပြီး ပါတီက ထုတ်ပယ်ခြင်း မရှိသေးကြောင်း သို့သော်လည်း အကြောင်းပြချက်မရှိ ပါတီတာဝန်များမှ ရပ်ဆိုင်းလိုက်သည့်အပေါ်တွင် အံ့သြမိကြောင်း ပြောသည်။

“သူတို့ နှစ်ယောက်က ဖိုက်တာတွေလေ။ ပြည်သူလူထုကတော့ ကြိုက်မှာပေါ့ဗျာ။ ပါတီ အကြိုက်လိုက်ရမှာလား ပြည်သူလူထုအကြိုက်လိုက်ရမှာလား ဆိုတော့ ပြည်သူလူထုက သူတို့ နှစ်ယောက်ကို မဲပေးထားတာလေ”ဟု ၎င်းက ပြောသည်။

ပါတီတာဝန်မှ ရပ်စဲကြောင်းစာ မြို့နယ်ပါတီရုံးသို့ ရောက်ရှိကြောင်း သိရသော်လည်း အကြောင်းရင်းကိုတော့ မသိရသေးကြောင်း၊ ပါတီတာဝန်မှ ရပ်ဆိုင်းခြင်းခံရသည့် ပါတီက ခေါ်ယူ ဆွေးနွေး သတိပေးခြင်း မရှိဘဲ တာဝန်က ရပ်ဆိုင်းခြင်းခံလိုက်ရသည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ဦးကျော်ဇေယျက ပြောသည်။

“တွေ့ဖို့လဲ မခေါ်ဘူး။ ဖုန်းနဲ့လည်း လှမ်းမပြောဘူး။ ဒီကို စာရောက်လာမှ တရားဝင်သိရတာပေါ့။ ဖုန်းနဲ့ဖြစ်ဖြစ် လူချင်း ဖြစ်ဖြစ် ခေါ်တွေ့ပြီးတော့ ‘မင်းဘာမှားနေတယ်။ ဒီလိုမလုပ်နဲ့။ ဒီလိုလုပ်ရင် မင်းကို ပါတီက ရပ်ဆိုင်းမယ်’ ဒီလိုဆိုရင်တော့ ကျွန်တော် လက်ခံတာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

ဒေါ်သက်သက်ခိုင်ကို ဆက်သွယ်သော်လည်း ဖုန်းကိုင်ခြင်းမရှိပါ။

ဒေါ်သက်သက်ခိုင်သည် ပြည်သူ့လွှတ်တော် ဘဏ်များနှင့်ငွေကြေးဆိုင်ရာကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဦးကျော်ဇေယျသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စီမံကိန်းနှင့်ဘဏ္ဍာရေး ကော်မတီတွင် အတွင်းရေးမှူးတာဝန်၊ ငွေကြေးကော်မတီတွင် အဖွဲ့ဝင်အဖြစ် တာဝန်ယူထားကြသူများဖြစ်သည်။ လွှတ်တော်ကော်မတီတာဝန်များကိုတော့ ပါတီက ရပ်စဲနိုင်ခွင့်မရှိပါ။

Show More

Related Articles

Back to top button