ဆောင်းပါးရွေးကောက်ပွဲ

ကာကီရောင်ပါတီဖြင့် မိသားစုလိုက် ရွေးကောက်ပွဲဝင်ပြိုင်မည့်သူ 

“ကျုပ်နာမည်ကို သိလား” ဟု အော်ပြောလျက်ရှိသူမှာ အသားညိုညိုနှင့် တုတ်တုတ်ခိုင်ခိုင်ရှိသူတစ်ဦး ဖြစ်သည်။ 

ထိုသူကဆက်ပြီး “စိန်လိုတန်ဖိုးရှိပြီး ဝင်းလဲ့လှပတဲ့ ဘဝများကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားပေးမယ့်သူလို့ မှတ်ထားပေး” ဟု ပြောလိုက်သည်။ ထိုသူမှာ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးစိန်ဝင်း ဖြစ်သည်။ မအူပင်စိန်ဝင်းဟုလည်း လူသိများသူဖြစ်သည်။ 

တောင်သူလယ်သမားအများစုရှိရာ လယ်ဝေးမြို့နယ် ပေတုန်းမျှောင်ကျေးရွာတွင် စက်တင်ဘာ ၂၅ ရက်က ဦးစိန်ဝင်း မဲဆွယ်စည်းရုံးရေး ရောက်ရှိနေသည်။ 

“အကြောင်းကြောင်းကြောင့် မလာနိုင်ရင်လည်း မလာပါနဲ့။ သို့သော် ကျွန်တော့်ရဲ့အသံလေးကို အားစိုက်နားထောင်ပြီးတော့ မိဘပြည်သူများလိုအပ်သလို အကျိုးရှိရှိအသုံးချပေးဖို့ ကျွန်တော် မိုက်နဲ့ ဟောကြာပေးမှာ ဖြစ်ပါတယ်” ဟု အသံချဲ့စက်မှတဆင့် ဦးစိန်ဝင်းက ဖိတ်ခေါ်လျက်ရှိသည်။ 

၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော် လယ်ဝေးမြို့နယ်တွင် ဦးစိန်ဝင်း မဲဆွယ်ဟောပြောနေခြင်းဖြစ်သည်။ ဦးစိန်ဝင်း၏ မဲဆွယ်ပွဲတွင် ရွာသူရွာသား ၂၀ ကျော်သာခန့် တွေ့ရသည်။ 

ဧရာဝတီတိုင်း မအူပင်မြို့နယ်တွင် ရွေးကောက်ပွဲနှစ်ကြိမ်ဆက် အနိုင်ရခဲ့သော်လည်း ဦးစိန်ဝင်းမှာ လာမည့်ရွေးကောက်ပွဲတွင် လယ်ဝေးမြို့နယ်မှ ဝင်ပြိုင်မည်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဟောင်း ဦးစိန်ဝင်းက ရွေးကောက်ပွဲတွင် ကိုယ်ပိုင်ပါတီဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

ဦးစိန်ဝင်း၏ ပါတီမှာ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ (NUD) ဖြစ်သည်။ သူ့ကိုယ်ပိုင်ပါတီဖြစ်သည်နှင့်အညီ ပါတီအလံ၊ ပါတီတံဆိပ်ကိုလည်း စိတ်ကြိုက်ဖန်တီးထားသည်။ အဝါရောင်ဖျော့ဖျော့နောက်ခံပေါ်တွင် ခမောက်ပုံ၊ ခေါင်းပေါင်းပုံ၊ အလုပ်သမားခေါင်းဆောင်းပုံများ ပုံဖော်ထားသည်။ အပေါ်ထောင့်တစ်နေရာတွင် အပြာရောင်နောက်ခံဖြင့် ကြယ်ဖြူကြီးတစ်လုံးကို ကြယ်ဖြူငယ်များဖြင့် ဝိုင်းရံထားသည်။

တောင်သူအကျိုးပြု မြေကြီးကိုကိုယ်စားပြုသောအားဖြင့် ပုံဖော်ထားသည့် နောက်ခံအရောင်မှာ ကာကီရောင်ဖြစ်သည်ဟု ဆိုသည်။ ခမောက်သည်လည်း တောင်သူကိုယ်စားပြုသဘောဖြစ်သည်။ အလုပ်သမားထုကို ကိုယ်စားပြုရန် အလုပ်သမားခေါင်းဆောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကိုယ်စားပြု မောင့်ကျက်သရေခေါင်းပေါင်းများလည်း ထည့်သွင်းထားသည်။ ကြယ်ဖြူများသည် ဖက်ဒရယ်ဒီမိုကရေစီကိုယ်စားပြု အဓိပ္ပာယ်ဖြစ်သည်ဟု ဆိုသည်။ 

ဦးစိန်ဝင်းက ပါတီအလံနှင့် တံဆိပ်ကိုသာ စိတ်ကြိုက်ဖန်တီးထားသည် မဟုတ်ပေ။ ရွေးကောက်ပွဲကိုပင်လျှင် မိသားစုလိုက် စိတ်ကြိုက်ဝင်ပြိုင်မည်ဖြစ်သည်။ သားအမိသားအဖ သုံးဦးစလုံး NUD ပါတီကိုယ်စားပြု ဝင်ရောက်အရွေးချယ်ခံကြမည်ဖြစ်သည်။ 

ရွေးကောက်ပွဲအနိုင်ရပါက လွှတ်တော်တွင်း၌ မိသားစုလိုက် လှုပ်ရှားရန်လည်း ဦးစိန်ဝင်းက စိတ်ကူးထားသည်။ 

“သမီးရေ၊ သားရေ မင်းတို့ဝင်မှ ဖေဖေအဆိုတင်မယ်။ ငါ့သမီးလေးက ထောက်ခံ၊ ငါ့သားက ဝင်ဆွေးနွေး။ အဲဒါဆိုရင် ပြည်သူတွေက ပိုပြီး၊ ပိုပြီးသိလာမှာ။ အဲဒီတော့ သားတို့သမီးတို့ မငြင်းနဲ့ကွာ” ဟု ရွေးကောက်ပွဲဝင်ရန် သားသမီးများကို စည်းရုံးခဲ့ပုံကို ဦးစိန်ဝင်းက ရှင်းပြသည်။ 

နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ ပါတီဌာနချုပ်တွင် အောက်တိုဘာ ၃ ရက် ကပြုလုပ်ခဲ့သည့် မဲဆန္ဒရှင်များနှင့် တွေ့ဆုံပွဲ၌ NUD ပါတီဥက္ကဋ္ဌ ဦးစိန်ဝင်းကို ၎င်း၏သားနှင့် သမီးဖြစ်သူတို့နှင့်ပါ အတူတွေ့ရစဉ်။ (ဓာတ်ပုံ – ဉာဏ်လှိုင်လင်း/ Myanmar Now)

သားဖြစ်သူ ဦးကျော်စိုးမိုးကို နေပြည်တော်ရှိ ဒိက္ခိဏခရိုင်တစ်ခုလုံးပါဝင်သော မန္တလေးတိုင်း အမှတ် ၁၁ မဲဆန္ဒနယ်၊ သမီးဖြစ်သူ ဒေါ်မြမျိုးသူဇာဝင်းကို ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ်လောင်းအဖြစ် ဝင်ပြိုင်စေမည်ဖြစ်သည်။ 

ကာကီရောင် NUD ပါတီတွင် ဖခင်ဖြစ်သူ ဦးစိန်ဝင်းက ပါတီဥက္ကဋ္ဌဖြစ်ပြီး သားနှင့်သမီးက ပါတီဗဟိုကော်မတီဝင်များဖြစ်ကြသည်။ နှစ်ပေါင်းများစွာ နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံများကို အရင်းခံ၍ ဖခင်၏ ဆန္ဒနှင့်အညီ ရွေးကောက်ပွဲရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုသည်။ ရွေးကောက်ပွဲတွင် မိသားစုလိုက် အောင်မြင်မှုရရန်လည်း ယုံကြည်ထားကြသည်။ 

သားဖြစ်သူ ဦးကျော်စိုးမိုးသည် ဥပဒေဘွဲ့ရတစ်ဦးဖြစ်ပြီး မြေဩဇာမှတ်ပုံတင် ဝန်ဆောင်ပေးသည့် ကျော်မိုးမင်းကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာတစ်ဦးဖြစ်ပြီး ဒေါ်လာငါးမုန့်ကျော်လုပ်ငန်းပိုင်ရှင်လည်း ဖြစ်သည်။ 

ရွေးကောက်ပွဲအနိုင်ရရှိပါက ရာနှုန်းပြည့်နိုင်ငံရေးလုပ်မည်ဖြစ်ပြီး အနိုင်မရရှိခဲ့ပါက ဖခင်ဦးစိန်ဝင်း၏ ပါတီလုပ်ငန်းများကို ဆက်လက်ကူညီရင်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု ထူထောင်ရန် သမီးဖြစ်သူ ဒေါ်မြမျိုးသူဇာဝင်းက စိတ်ကူးထားသည်။ 

မအူပင်စိန်ဝင်းတစ်ဖြစ်လဲ NUD ပါတီဥက္ကဋ္ဌ ဦးစိန်ဝင်းသည် ရွေးကောက်ပွဲတွင် ပါတီအသစ်၊ မဲဆန္ဒနယ်အသစ်၊ ကိုယ်စားလှယ်လောင်းအသစ်များဖြင့် ပွဲထွက်တော့မည်ဖြစ်သည်။ မိသားစုလိုက်ဝင်ပြိုင်မည့် တိုက်ပွဲတွင် အတွေ့အကြုံကောင်းများဖြင့် ဦးဆောင်ကွပ်ကဲနိုင်ရန် ဦးစိန်ဝင်း စိတ်အားထက်သန်လျက်ရှိသည်။ 

သို့သော် ဦးစိန်ဝင်းတွင် ခေါင်းခဲစရာလည်း ရှိနေသည်။ မိသားစုလိုက် စိတ်ပိုင်းဖြတ်လုပ်ကိုင်နေသော်လည်း နိုင်ငံရေးပါတီတစ်ခုရပ်တည်ရေးအတွက် မဖြစ်မနေလိုအပ်သည့် ပါတီရန်ပုံငွေကိစ္စသည် ခေါင်းခဲစရာဖြစ်သည်။ 

“မအူပင်ကတော့ ကျွန်တော့အတွက် ချောင်တာပေါ့။ ဒီမှာကျတော့ အသစ်ပြန်တည်ဆောက်ရတာပေါ့။ ဘယ့်နှယ် ပင်ပန်းလိုက်တာ အခု။ ငွေရေးကြေးရေးကအစ ပင်ပန်းလိုက်တာ” ဟု ဦးစိန်ဝင်းက ညည်းတွားသည်။ 

လက်တွေ့၌လည်း လယ်ဝေးမြို့နယ် ပေတုန်းမျှောင်ရွာ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွင် မော်တော်ယာဉ်နှစ်စီး၊ အခြွေအရံငါးဦးခန့်ဖြင့်သာ ဦးစိန်ဝင်းရောက်လာခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်က တည်ထောင်ခဲ့သည့် ဦးစိန်ဝင်း၏ NUD ပါတီသည် သုံးနှစ်ခန့်အတွင်း ပါတီဝင်အင်အား ၃၀၀၀ ခန့်ရှိလာပြီး ကုန်ကျစရိတ် ကျပ်သိန်း ၈၀၀ နီးပါးရှိပြီဖြစ်သည်။ ကုန်ကျငွေအများစုအတွက် မိသားစုစိုက်ထုတ်ငွေနှင့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၃၀ ကျော်၏ ဝိုင်းဝန်းပံ့ပိုးဖြင့် လည်ပတ်နေရသည်ဟု ဆိုသည်။ 

လာမည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးတွင် မဲဆန္ဒနယ် ၁၁၇၀ ကျော်ရှိသော်လည်း ရန်ပုံငွေအခြေအနေအရ ဦးစိန်ဝင်း၏ NUD ပါတီက ၁၆ နေရာသာ ဝင်ပြိုင်ရန် စာရင်းပေးထားသည်။ 

ပြည်သူ့လွှတ်တော်အမတ်လစာ၊ နေ့တွက်စရိတ်၊ သားဖြစ်သူ၏ ထောက်ပံ့ငွေ၊ ဇနီးဖြစ်သူ၏ ပိုင်ဆိုင်မှုအချို့ကို ထုတ်ရောင်းရင်း ပါတီကို အသက်ဆက်နေရသည်ဟု ဦးစိန်ဝင်းက ပြောသည်။ 

“ကုန်ပေမယ့် ကျွန်တော်က ပျော်နေတာ၊ တကယ်ပျော်နေတာ” ဟု ဦးစိန်ဝင်းက ရယ်ရယ်မောမော ဆိုသည်။ 

နေပြည်တော်လယ်ဝေးမြို့နယ် ပေတုန်းမျှောင်ကျေးရွာတွင် စက်တင်ဘာ ၂၆ ရက်က တွေ့ရသည့် ဦးစိန်ဝင်း၏ မဲဆွယ်စည်းရုံးရေးကား။ (ဓာတ်ပုံ – ဉာဏ်လှိုင်လင်း/ Myanmar Now)

ပြီးခဲ့သည့်ရွေးကောက်ပွဲများတွင် မအူပင်မြို့နယ်၌ NLD ပါတီကိုယ်စားပြု ဝင်ပြိုင်ရင်း ဦးစိန်ဝင်း အနိုင်ရခဲ့သည်။ ၁၉၉၀ပြည့် ရွေးကောက်ပွဲတွင် NLD ရှုံးနိမ့်ခဲ့သည့် မအူပင်မြို့နယ်တွင် ဦးစိန်ဝင်းက နှစ်ကြိမ်ဆက် အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်သည်။ 

မအူပင်မြို့နယ်တွင် နှစ်ကြိမ်ဆက် ဦးစိန်ဝင်းအနိုင်ရရှိခဲ့ခြင်းမှာ NLD ပါတီကြောင့်ဖြစ်သည်ဟု NLD ပါတီ၏ခေါင်းကိုင်ဖခင်ဟု လူအများသတ်မှတ်ခံရသူ ဦးဝင်းထိန်က မှတ်ချက်ပြုသည်။ 

ဦးစိန်ဝင်းကမူ ထိုအချက်ကို ခါးခါးသီးသီး ငြင်းပယ်သည်။ “မအူပင်က ကျွန်တော့်လက်ထက်ကျမှ နိုင်တာ၊ တချို့ထင်နေတာက NLD ပုံရိပ်ကြောင့် နိုင်တယ်ပေါ့။ ကျွန်တော့်အတွက်တော့ ဒီစကားက မှားတယ်” ဟု ဦးစိန်ဝင်းက ဝင့်ဝင့်ကြွားကြွားဆိုသည်။ 

NLD ပါတီဝင်မဖြစ်မီကတည်းက ရွေးကောက်ပွဲအတွေ့အကြုံရှိပြီးကြောင်းလည်း ဆိုသည်။ အာဏာရပါတီဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိသည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုယ်စားပြု ဝင်ပြိုင်ရင်း ရှုံးနိမ့်ဖူးသည့် အတွေ့အကြုံကို ဦးစိန်ဝင်းက ရည်ညွှန်းခြင်းဖြစ်သည်။ 

“၂၀၁၀ ရွေးကောက်ပွဲကတော့ သိတဲ့အတိုင်းပဲ စက်နဲ့တွက်သလို အဖြေထုတ်တာကိုး” ဟုလည်း ထိုစဉ်ကအရှုံးနှင့်ပတ်သက်၍ ဦးစိန်ဝင်းက ဆင်ခြေပေးသည်။ 

၂၀၁၁ ခုနှစ်တွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကို စွန့်ခွာပြီး NLD နှင့် ပူးပေါင်းခဲ့သည်။ အောင်မြင်မှုများလည်း ဖမ်းဆုပ်နိုင်ခဲ့သည်။ သို့သော် ကြာရှည်ကြာညောင်းတော့ မဟုတ်ပေ။ 

NLD ပါတီဝင် ပြည်သူ့လွှတ်တော်အမတ်တစ်ဦးအနေဖြင့် လွှတ်တော်တွင်း၌ ဦးစိန်ဝင်း ခေါင်းထောင်နိုင်ခဲ့သော်လည်း ပါတီနှင့် သဘောထားကွဲလွဲမှုများ ရှိလာသည်။ ဥပဒေကြမ်းတင်ခြင်း၊ အဆိုတင်သွင်းခြင်း၊ မေးခွန်းမေးခြင်း၊ ဆွေးနွေးခြင်း၊ ရန်ပုံငွေရှာဖွေခြင်း စသည့် စသည့် လှုပ်ရှားမှုများတွင် ပါတီနှင့် ထိပ်တိုက်တွေ့လာသည်။ 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အစည်းအဝေးခန်းမအတွင်းမှ မထွက်ခွာသေးမီ ထသွားမိသဖြင့် အဆူအငေါက်ခံရခြင်းကိုပင် ဦးစိန်ဝင်း မှတ်မိနေသည်။ ပါတီနှင့် ဦးစိန်ဝင်းအကြား တစ်ခန်းရပ်ရန် ဖန်လာသည့်အကြောင်းမှာ ဧရာဝတီတိုင်း၊ မလက်တိုကျေးရွာက မြေသိမ်းကိစ္စဖြစ်သည်။ 

မြေသိမ်းသည့်ကိစ္စနှင့် ပတ်သက်၍ ဒေသခံတောင်သူများနှင့် အော့ချက်(ဒ်)ကုမ္ပဏီတို့ အငြင်းပွားခဲ့ရာတွင် ကုမ္ပဏီကို ထောက်ခံရေးသားထားသည့် စာတစ်စောင်တွင် ၎င်း၏လက်မှတ်ကို သဘောမတူဘဲ ယူသုံးသည်ဟုဆိုကာ မအူပင်မြို့နယ် NLD တာဝန်ရှိသူအပါအဝင် လူ့အချို့ကို အမှုဖွင့်တရားစွဲရန် ဦးစိန်ဝင်းက စီစဉ်ခဲ့သည်အထိ ပဋိပက္ခဖြစ်ခဲ့သည်။ 

ပါတီဝင် လွှတ်တော်အမတ်ဖြစ်ခဲ့သူ ဦးစိန်ဝင်းနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများအပေါ် NLD နာယက ဦးဝင်းထိန်က ‘ထင်ရာလျှောက်လုပ်တာ” ဟု မှတ်ချက်ပြုသည်။

ထိုအချိန်က ဦးစိန်ဝင်းမှာ ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌဖြစ်သည်။ တစ်နှစ်ခန့်အကြာတွင် လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌရာထူးအပြင် ပါတီဝင်အဖြစ်မှပါ ဦးစိန်ဝင်းနုတ်ထွက်ခဲ့ရသည်။ 

ရွေးကောက်ပွဲနှစ်ကြိမ်ဆက် အနိုင်ရခဲ့သည့်ပါတီကို ကျောခိုင်းပြီးနောက် ကိုယ်ပိုင်ပါတီဖြင့် ရွေးကောက်ပွဲကို မိသားစုလိုက် အားစမ်းတော့မည်ဖြစ်သည်။ ယခင်ရွေးကောက်ပွဲများတွင် မဲအရေအတွက်သောင်းဂဏန်းဖြင့် သာသာယာယာကျော်ဖြတ်နိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင် ရုန်းကန်ရမည်ကို ဦးစိန်ဝင်းနားလည်ထားသည်။ 

မည်သည့်လွှမ်းမိုးမှုမျှ မခံချင်၍ နောက်လိုက်ကောင်းအဖြစ်မှ ပါတီသစ်တစ်ရပ် ထူထောင်ယှဉ်ပြိုင်ရသည့် အခြေအနေသည် များစွာခက်ခဲကြောင်း ဦးစိန်ဝင်းက ဝန်ခံသည်။ 

“ကျွန်တော်သွားချင်တာက တောင်သူလယ်သမားဘူတာ။ မရောက်ဘူးထင်လို့ အဲဒီရထား (NLD) က ဆင်းလိုက်တယ်။ ကိုယ့်ဟာကိုယ် ရထားတည်ဆောက်ပြီးတော့ တောင်သူလယ်သမားဘူတာရောက်အောင် သွားမယ်ဆိုတဲ့ ခံယူချက်၊ ယုံကြည်ချက်၊ စေတနာနဲ့ ပါတီထောင်ရတာ” ဟု ၎င်းက ဆိုသည်။ 

တောင်သူလယ်သမားအရေးသည် နိုင်ငံ့အရေးဟု ဦးစိန်ဝင်းက ကြွေးကြော်ထားသည်။ မြေသိမ်းခံရသည့်ကိစ္စများ ဖြေရှင်းပေးမည်၊ ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရဖြစ်အောင် ထိန်းကျောင်းမည်ဆိုသော ကတိကဝတ်များဖြင့်လည်း မဲဆွယ်စည်းရုံးလျက်ရှိသည်။ 

ထို့ပြင် အမျိုးဘာသာသာသနာကို စောင့်ရှောက်၍ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ဆက်လက်ထားရှိမည်ဟူသော စာသားများပါဝင်သည့် လက်ကမ်းကြော်ငြာစာများ အလုပ်ဖြစ်မည်ဟုလည်း NUD ပါတီဥက္ကဋ္ဌ ဦးစိန်ဝင်းက ယုံကြည်ထားသည်။ 

တောင်သူလယ်သမား၊ အလုပ်သမား၊ တတ်သိပညာရှင်များအတွက် ရည်ရွယ်ထူထောင်ထားသည့် NUD ပါတီတွင် အနာဂတ်ရှိကြောင်း မဲဆန္ဒရှင်များ သိလာလိမ့်မည်ဟုလည်း ဦးစိန်ဝင်းက ဆိုသည်။ 

ပါတီအနာဂတ်ကို မျှော်မှန်းလျက် သားနှင့် သမီးကို လေ့ကျင့်ပျိုးထောင်ပေးနေသည်ဟုလည်း ဦးစိန်ဝင်းက ဆိုသည်။ ရွေးကောက်ပွဲတွင် မိသားစုလိုက်အနိုင်ရရှိရန်နှင့် ဝင်ပြိုင်သည့် မဲဆန္ဒနယ်ထက်ဝက်ခန့်တွင် ၎င်း၏ပါတီက အောင်ပွဲဆင်နိုင်မည်ဟုလည်း မျှော်မှန်းထားသည်။ 

“သိန်းတစ်သောင်းသာရှိရင် အာဏာရအစိုးရဖြစ်အောင် လုပ်လို့ရတယ်” ဟုလည်း မိသားစုလိုက်ရွေးကောက်ပွဲဝင်ပြိုင်မည့် ဦးစိန်ဝင်းက ဟစ်ကြွေးသည်။

ခမောက်ပုံ၊ ခေါင်းပေါင်းပုံ၊ အလုပ်သမားခေါင်းဆောင်းပုံများပါမကျန် ကြယ်ဖြူများ ဝိုင်းရံဖော်ကြူးထားသည့် NUD ပါတီ၏ အလားအလာနှင့် ပတ်သက်၍ ပုံပြင်ထဲက ယုန်နှင့်လိပ် အပြေးပြိုင်ပွဲကို  ဦးစိန်ဝင်းက ဥပမာပေးလေသည်။ 

“လိပ်မှာ ဝီရိယရှိဖို့တော့ လိုတာပေါ့” ဟု အသက် ၆၄ နှစ်အရွယ် ဦးစိန်ဝင်းက ဆိုလိုက်သည်။ 

Show More

Related Articles

Back to top button