အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
မေးမြန်းခန်း

“ဘိန်းခင်းတွေ မဖျက်ဆီးခင် ပြုပြင်ပြောင်းလဲရေးကို အရင်လုပ်သင့်တယ်”

ရန်ကုန် – ဘိန်းခင်းဖျက်ဆီးခြင်းမပြုမီ ဘိန်းစိုက်ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်သင့်သည် ဟု မူးယစ်ဆေးနှင့် ပတ်သက်သည့် အမြင်များ၊ မူဝါဒများပြုပြင်ပြောင်းလဲရေး လှုံ့ဆော်နေသည့် Drug Policy Advocacy Group (DPAG) အဖွဲ့၏ ညှိနှိုင်းရေးမှူး ဒေါက်တာနန်းပန်းအိခမ်းက ပြောသည်။

ရန်ကုန်တွင် အခြေစိုက်သော ထိုအဖွဲ့ကို ၂ဝ၁၄ တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်များထဲတွင် မူးယစ်ဆေးသုံးစွဲသူ၊ ဘိန်းစိုက်တောင်သူတို့၏ ကွန်ရက်များ၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ ပါဝင်သကဲ့သို့ Save the Children ကဲ့သို့သော နိုင်ငံတကာအဖွဲ့များလည်း ပါဝင်သည်။

မကြာသေးခင်က ရန်ကုန်မြို့တွင် Myanmar Now နှင့် တွေ့ဆုံစဉ် ဒေါက်တာ နန်းပန်းအိခမ်းက နိုင်ငံတွင်း မူးယစ်ဆေးပြဿနာ၊ မူးယစ်ဥပဒေ ပြုပြင်ပြောင်းလဲရေး၊ ဘိန်းစိုက်ဒေသအခြေအနေများအကြောင်း ပြောပြထားသည်။

မေး – DPAG အဖွဲ့အကြောင်း နည်းနည်း မိတ်ဆက်ပေးပါဦး။

ဖြေ – မူးယစ်ဆေးဝါးမူဝါဒတွေကို ပြောင်းလဲစေချင်လို့ ဖွဲ့စည်းခဲ့တာပါ။ ဘယ်လို ပြောင်းလဲစေချင်တာလဲ ဆိုတော့ လူ့အခွင့်အရေး စံချိန် စံညွှန်းတွေနဲ့ကိုက်ညီဖို့၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေးကို ဦးစားပေးတဲ့ မူးယစ်ဆေးဝါးမူဝါဒတွေဖြစ်ဖို့အတွက် စတင်ဖွဲ့စည်းဖြစ်တာပါ။ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်တဲ့ HIV, ဘီပိုး၊ စီပိုးရောဂါ ဝင်နေသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးချင်တဲ့အတွက် ကျွန်မ ကိုယ်တိုင် ဒီအဖွဲ့ထဲကို ဝင်ခဲ့ခြင်းဖြစ်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲတွေ၊ လူထုဆွေးနွေးပွဲတွေကို မြန်မာနိုင်ငံမှာ အနှံ့အပြားမှာရှိတဲ့ မူးယစ်ဆေးဝါး ပြဿနာတွေရှိတဲ့ နယ်မြေတွေမှာ ပြုလုပ်သွားမှာပါ။

မေး – ကချင်နဲ့ရှမ်းပြည်နယ်မှာ ဘယ်လိုမူးယစ်ဆေး ပြဿနာတွေ တွေ့ရပါသလဲ။

ဖြေ – ကချင်မှာက စိုက်တာလည်းရှိတယ်၊ ဘိန်းဖြူ အကြောထဲ ထိုးသွင်းတဲ့ ပြဿနာ ရှိပါတယ်။ အပ်ကနေ HIV ပိုးကူးစက်တာလည်း အများကြီးရှိပါတယ်။ ရှမ်းမြောက်မှာဆိုရင်လည်း ကချင်နဲ့တူတူပဲ။ ရှမ်းတောင်မှာဆိုရင် များသောအားဖြင့်က ဘိန်းမဲ သုံးစွဲတာ ပိုများတယ်၊ စိတ်ကြွဆေးသုံးစွဲတာတွေလည်း တွေ့ရတယ်။ တစ်နေရာနဲ့တစ်နေရာကတော့ မတူကြပါဘူး။

မေး – ဒီအဖွဲ့က ဘိန်းစိုက်တောင်သူတွေ၊ ဆေးစွဲနေသူတွေထဲမှာ ဘယ်သူ့ကို ဦးစားပေး ကူညီမှာလဲ။

ဖြေ – ဘိန်းစိုက်ပျိုးတဲ့သူတွေကိုရော၊ မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေရော နှစ်ဖက်စလုံးကို ကူညီပေးသွားမယ်လို့ ရည်ရွယ်ထားပါတယ်။ ဒီအဖွဲ့ကလုပ်တဲ့ လုပ်ငန်းတွေမှာ စိုက်ပျိုးသူရော၊ သုံးစွဲသူရော ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ အစည်းအဝေးတွေ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ရင်လည်း သူတို့ကို ဖိတ်ပါတယ်၊ သူတို့ကလည်း ပူးပေါင်းဆောင်ရွက်ပါတယ်။ သူတို့ကို အန္တရာယ်လျှော့ချရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ သင်တန်း၊ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းတွေ ပေးဖို့သွားဖို့တော့ ရှိပါတယ်။

မေး – လက်ရှိ မူးယစ် ဥပဒေအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ – ပြောင်းလဲပြင်ဆင်ဖို့လိုတယ်။ ပြီးခဲ့တဲ့နှစ်က မူးယစ်ဗဟိုအဖွဲ့၊ အစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာနတို့နဲ့ ပေါင်းပြီး အလုပ်ရုံဆွေးနွေးပွဲလေးတစ်ခု လုပ်ဖြစ်ပါတယ်။ သူတို့က မူးယစ်ဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ အဖြေထွက်လာပါတယ်။ အစိုးရအသစ်လက်ထက်မှာလည်း မူးယစ်ဥပဒေ ပြင်ဆင်လို့ရအောင် အစ်မတို့အဖွဲ့ ဦးစားပေးလုပ်ဆောင်သွားမှာပါ။ မူးယစ်ဆေးသုံးစွဲသူတွေ အပြစ်ဒဏ်လျော့နည်းရေး၊ ပပျောက်ရေးအတွက် သူတို့နဲ့အတူတူ ပူးပေါင်းပြီး လက်တွဲလုပ်ဆောင်သွားမှာပါ။ ဆေးစွဲနေသူတစ်ယောက်က ဆေးဖြတ်ချင်တယ် ဆိုရင် မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းနဲ့ ချိတ်ဆက်ပေးသွားမှာပါ။ မူးယစ်ဆေး သုံးစွဲသူတွေကို ထောင်သွင်းအကျဉ်းချ ပြစ်ဒဏ်ပေးမယ့် အစား ပထမဆုံး သုံးစွဲတဲ့သူဆိုရင် ကျန်းမာရေးဝန်ဆောင်မှုတွေဆီကို လွှဲပြောင်းပေးမယ်။ မူးယစ်ဆေး သုံးစွဲတဲ့သူတွေက ကူးစက်ရောဂါ အန္တရာယ်ရှိတဲ့အတွက် ဆေးထိုးအပ်၊ ဆေးထိုးပြွန် (အခမဲ့ ဖြန့်ဝေ) ပေးတာတို့၊ ဆေးဝါးကုသပေးတာတို့ကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။ သူတို့ကို တကယ် ကူညီနိုင်မယ့် မူဝါဒတွေကို နိုင်ငံတော်အနေနဲ့ချမှတ်ပေးဖို့လိုသလို ပြည်သူလူထုကလည်း လက်တွဲ ကူညီဖို့ လိုပါတယ်။ ကျွန်မတို့က မူးယစ်ဆေးဝါးသုံးစွဲသူတွေကို အားပေးတဲ့အဖွဲ့ မဟုတ်ပါဘူး။ တချို့ဆို သူ့လက်ထဲမှာ မိတဲ့ မူးယစ်ဆေးဝါးက နည်းနည်းလေး၊ ဒါပေမဲ့ ကျခံလိုက်ရတဲ့ ထောင်ဒဏ်က အနှစ် ၂ဝ၊ ဒါဆိုရင် သူ့အပေါ်မှာ မမျှတပါဘူး။ စိုက်ပျိုးတဲ့သူတွေကိုလည်း အပြစ်ဒဏ်လျှော့ပေါ့ပေးသင့်ပါတယ်။

မေး – မူးယစ်ဆေးဝါး ဥပဒေထဲမှာ ဘယ်လိုအချက်တွေ ပြန်လည်ပြင်ဆင်သင့်ပါသလဲ။

ဖြေ – ဆေးစွဲနေသောလူနာကို ရာဇဝတ်မှု ကျူးလွန်သူကဲ့သို့ သဘောမထားရန်၊ (မူးယစ်ဆေးသုံးသူများ) မတင် မနေရ မှတ်ပုံတင်စနစ်ကို ပြင်ဆင်ရန်၊ ဆေးကုသမှုကို လူနာဆန္ဒအရ ရွေးချယ်ခွင့်ရှိရန်၊ မူးယစ် ဥပဒေတွင် လူ့အခွင့်အရေးဆိုင်ရာနှင့်အညီ ပြဋ္ဌာန်းရန်၊ ဆေးထိုးအပ်/ပြွန်ဆိုင်ရာ ယစ်မျိုးအက်ဥပဒေကို ပြင်ဆင်ရန်၊ အန္တရာယ်လျှော့ချရေး အစီအစဉ်ကို ဥပဒေအရလက်ခံဆောင်ရွက်ရန် စတဲ့အချက်တွေကို ပြင်ဆင်သင့်တယ်လို့ မြင်ပါတယ်။

မေး – အစိုးရသစ်နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာမလဲ။

ဖြေ – အစိုးရအသစ်ကို အစ်မတို့လုပ်ငန်းတွေနဲ့ပတ်သက်ပြီး တင်ပြသွားမှာပါ။ အဓိက မူးယစ်ဆေးသုံးစွဲနေသူ၊ ဘိန်းစိုက်တောင်သူတွေနဲ့ပူးပေါင်းပြီး သူတို့ရဲ့ ရပိုင်ခွင့်တွေကို ဆက်လက်တင်ပြသွားမှာပါ။ သူတို့ရဲ့လိုအပ်ချက်တွေကို အစိုးရတွေ၊ လွှတ်တော်အမတ်တွေ သိအောင် လုပ်ဆောင်ပေးသွားမှာပါ။

မေး – ပြည်တွင်းငြိမ်းချမ်းရေးရသွားရင် မူးယစ်ဆေးပြဿနာကို ထိန်းချုပ်နိုင်မယ်လို့မြင်လား။

ဖြေ – တောင်တန်းဒေသတွေမှာ ငြိမ်းချမ်းရေးရမယ်ဆိုရင် မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ပဋိပက္ခတွေက လျော့နည်းလာမယ်လို့မြင်ပါတယ်။ ကချင်၊ ရှမ်းမြောက်၊ ရှမ်းတောင်တွေမှာ မူးယစ်ဆေးနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲလုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါမှာ တချို့နေရာတွေက ငြိမ်းချမ်းမရသေးတော့ သွားလို့မရဘူးလေ။

မေး – အဖွဲ့ရဲ့လေ့လာတွေ့ရှိချက်တွေအရ ဘိန်းစိုက်ပျိုးသူတွေရဲ့ အဓိက လိုအပ်ချက်က ဘာတွေများဖြစ်မလဲ။

ဖြေ – တောင်တန်းဒေသတွေက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် အခြားသီးနှံတွေ စိုက်ပျိုးရင်လည်း ဒါတွေကို ဈေးကွက်ပို့ဖို့ အလှမ်းမမီတဲ့အတွက် အမြတ်မပြောနဲ့ အရင်းတောင် ပြန်မရနိုင်တဲ့ အခြေအနေမျိုးတွေ ရှိပါတယ်၊ ဒါကြောင့်မို့ ဆင်းရဲတဲ့သူ အများစုကတော့ (ဘိန်း) စိုက်ပျိုးကြတာ။ အစိုးရတွေ၊ အရပ်ဘက်အဖွဲ့ အစည်းတွေက ဘိန်းခင်းတွေကို ဖျက်ဆီးလိုက်မယ်ဆိုရင် သူတို့ရဲ့ဆန်အိုးကို ရိုက်ခွဲလိုက်တာနဲ့တူတူပါပဲ။ ဘိန်းခင်းတွေ မဖျက်ဆီးခင် ပြုပြင်ပြောင်းလဲရေးကို အရင်လုပ်သင့်တယ်လို့မြင်ပါတယ်၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ အရင်ဆုံးလုပ်သင့်ပါတယ်၊ ဘိန်းစိုက်ပျိုးသူတွေကို ဘာကြောင့် အခုလိုစိုက်ပျိုးရတာလဲဆိုပြီး မေးမြန်းဆွေးနွေးမှုတွေ လုပ်သင့်ပါတယ်။ ဘိန်းစိုက်ပျိုးတဲ့သူတွေကို အစ်မတို့စကားပြောကြည့်တဲ့အခါ သူတို့ရဲ့မိသားစု စားဝတ်နေရေးကို ရေရှည်ထောက်ပံ့ပေးနိုင်ရင် ဒီအလုပ်ကို စွန့်လွှတ်မှာပါ၊ သူဌေးဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စိုက်ပျိုးတာ မဟုတ်ဘူး ဆိုတာ တွေ့ရပါတယ်။ ဘိန်းစိုက်ပျိုးတဲ့သူတွေက ဘိန်းက လူညွန့်တုံးစေနိုင်တဲ့အတွက် ဖျက်ဆီးသင့်တယ်ဆိုတာမျိုးကို မသိပါဘူး။ သူတို့က စိုက်ပျိုးတဲ့သူတွေပါ၊ ထုတ်လုပ်သူ မဟုတ်တဲ့အတွက် မူးယစ်ဆေးအကြောင်း အသေးစိတ် မသိသလို၊ လူတွေ ဘိန်းစားပြီး ပျက်စီးပါစေတော့ဆိုတဲ့ ရည်ရွယ်ချက်လည်း မရှိပါဘူးဆိုတာ တွေ့ရပါတယ်။

မေး – ကြုံတွေ့နေရတဲ့ အဓိက အခက်အခဲက ဘာဖြစ်မလဲ။

ဖြေ – မူးယစ်ဆေး သုံးစွဲတယ်၊ ဘိန်းစိုက်ပျိုးတယ်ဆိုတာနဲ့ အဲဒီလူကို ရာဇဝတ်မှုကျူးလွန်သူလို့ပဲ လူအတော် များများက မြင်ကြတယ်။ ဆေးစွဲသူအများစုက မိသားစုနဲ့ ပတ်ဝန်းကျင်ရဲ့ အဆင်မပြေမှုတွေကြောင့် မူးယစ် ဆေး သုံးစွဲတာများတာ တွေ့ရတယ်။ ဘာကြောင့် မူးယစ်ဆေးသုံးစွဲရလဲ၊ ဘာကြောင့်ဘိန်းစိုက်ရလဲ စတဲ့ ပြဿနာအရင်းခံကိုသိအောင် အရင်ဆုံး ကြိုးစားသင့်ပါတယ်။ ဘိန်းစိုက်တယ်၊ မူးယစ်ဆေးသုံးစွဲတယ် ဆိုတာနဲ့ သူတို့ကို လူဆိုးလူမိုက်လို့ တန်းပြီးမမြင်စေလိုပါဘူး။ အဲဒီလိုမမြင်အောင် ရှင်းပြရတာကတော့ စိန်ခေါ်မှုပါပဲ။ ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button