
ရန်ကုန် – မကြာသေးခင် စတင်လိုက်သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစုပင်လုံမှ နိုင်ငံအတွက် အလားအလာကောင်းများ ပေါ်ထွက်လာနိုင်မည်ဟု ချင်းတိုင်းရင်းသားအများအပြားက ယူဆနေကြသည်။
နေပြည်တော်တွင် လဆန်းပိုင်းက ပြီးဆုံးသွားခဲ့သော ညီလာခံ ပထမအကြိမ် အစည်းအဝေး တက်ရောက်ခဲ့သော မင်းတပ်မြို့၊ အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ ဦးထန်းတမ်က ညီလာခံ ပြုလုပ်ခြင်းကြောင့် ငြိမ်းချမ်းရေး အမှန်တကယ် ဖော်ဆောင်နိုင်မည်ဖြစ်ပြီး သေနတ်သံ၊ ဗုံးသံ ပျောက်သွားနိုင်သည် ဟု ပြောသည်။
လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် ချင်းအမျိုးသားတပ်ဦးမှ ဒုတိယဥက္ကဋ္ဌ (၃) ဦးထန်းနိန်ကီးက ညီလာခံကို နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ယုံကြည်လေးစားရသော ပုဂ္ဂိုလ်များကိုယ်တိုင် ဦးဆောင်သောကြောင့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောသည်။
လွန်ခဲ့သောနှစ်ပေါင်း ၆ဝ ကျော်က ပြုလုပ်ခဲ့သော ပင်လုံညီလာခံကို အစွဲပြုပြီး ၂၁ ရာစုပင်လုံဟု အမည်ပေးထားသည့် ငြိမ်းချမ်းရေးညီလာခံအပေါ် မျှော်လင့်ချက်ကြီးသူများထဲတွင် ကန်ပက်လက်မြို့မှ ဆလိုင်းထန်းလွန်းကဲ့သို့သော လူငယ်များလည်း ပါဝင်သည်။
“၂၁ ရာစုပင်လုံဟာ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ နှစ်ပေါင်း ၆ဝ ကျော်မှ နိုင်ငံသားအားလုံး ပြန်ပြီး နိုးကြားလာကြတာ၊ တိုင်းရင်းသားအားလုံး လိုလားနေတဲ့ ညီလာခံပဲလေ” ဟု ဆလိုင်းထန်းလွန်းက ပြောသည်။
သို့သော်လည်း အစိုးရသစ်က အုပ်ချုပ်ရေးတာဝန်ယူပြီး လအနည်းငယ်အတွင်း ကမန်းကတန်း ပြုလုပ်သော ညီလာခံ ဖြစ်သောကြောင့် အလျင်စလိုနိုင်လှသည်ဟု သူက ယူဆသည်။
၂၁ ပင်လုံ၏ ပထမအကြိမ်အစည်းအဝေး တက်ရောက်သူ အစုအဖွဲ့အသီးသီးတွင် အမျိုးသမီးပါဝင်မှု စုစုပေါင်း ၁၃ ရာခိုင်နှုန်းခန့် ရှိကြောင်း သိရသည်။ ထိုရာခိုင်နှုန်းမှာ နည်းပါးနေသည်ဟု ချင်းအမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ မခင်ဝင်းရီက Myanmar Now ကို ပြောသည်။
ငြိမ်းချမ်းရေးဖြစ်စဉ်ဖြစ်မြောက်ရေးကော်မတီ၏ ဇန်နဝါရီလ အစည်းအဝေးက နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်တွင် အမျိုးသမီး ၃ဝ% ပါဝင်ရေး ကြိုးပမ်းရန် သဘောတူထားသော်လည်း လက်တွေ့တွင် ဖြစ်မလာသေးကြောင်း၊ ညီလာခံ စာတမ်း ၇၂ စောင်တွင် အမျိုးသမီးနှင့် ပတ်သက်သည့် စာတမ်း ၂၁ စောင် ပါလာသည့်အတွက် ဝမ်းသာကြောင်း ပြောသည်။
“ဒါပေမဲ့ အမျိုးသမီးတွေကို အပြည့်အဝ လက်ခံပေးခြင်း မရှိသေးပါဘူး၊ အားနွဲ့တဲ့အမျိုးသမီးတွေလို့ပဲ သတ်မှတ်နေကြသေးတယ်” ဟု မင်းတပ်မြို့မှ မခင်ဝင်းရီက ပြောသည်။
“အမျိုးသမီးတွေရဲ့ တွေးခေါ်ဆင်ခြင်နိုင်မှုကို လျစ်လျူရှုထားကြတယ်၊ ကျွန်မတို့ အမျိုးသမီးတွေမှာလည်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်တဲ့ အရည်အသွေး ရှိပါတယ်”
မင်းတပ်မြို့ အရပ်ဘက်လူမှုကွန်ရက် ဥက္ကဋ္ဌ ဦးလိန်းနိုင်းကမူ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ ပါဝင်မှုကို အပြောင်းအလဲ မလုပ်နိုင်သေးပါက ဒုတိယပင်လုံသည် ရုပ်ပြသက်သက် ဖြစ်သွားနိုင်သည်ဟု ဆိုသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်တပ် ပါနေသေးရင်တော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး၊ ကျင်းပတဲ့ပွဲ သက်သက်ပဲ ဖြစ်မှာ သေချာတယ်” ဟု ဦးလိန်းနိုင်းက သုံးသပ်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင် လက်မှတ်ထိုးပြီးဖြစ်သည့် ချင်းအမျိုးသားတပ်ဦး၏ ဒုဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဆလိုင်းလျန်မှုန်းကမူ တပ်မတော်၏ ပါဝင်နေမှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှု ကြီးမားသူတစ်ယောက် မဟုတ်ပေ။
“ကျွန်တော် ၂ နှစ်၊ ၃နှစ်လောက် တပ်မတော်နဲ့ ဆွေးနွေးလာခဲ့တော့ … လက်ရှိ တပ်မတော်မှာ အများစုက ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားကြပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ခံစားချက်တွေကိုလည်း နားလည်ကြပါတယ်” ဟု Myanmar Now နှင့် မကြာသေးခင်က ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့ဖူးသည်။
NCA လက်မှတ်မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် ၃ ဖွဲ့မှာ ညီလာခံသို့ တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။
တပ်မတော်နှင့် မျက်နှာချင်းဆိုင်ရန် အခြေအနေ မပေးသေးသည့် ထိုအဖွဲ့များ ရောက်မလာခြင်းမှာ လစ်ဟာချက်ကြီးတစ်ခုဖြစ်သည်ဟု မင်းတပ်မြို့ မှ လူငယ် တစ်ဦး ဖြစ်သည့် ဆလိုင်းမာန်ဟုန်းက ထောက်ပြသည်။
“၂၁ ရာစုပင်လုံဟာ စိတ်ရှည်ရှည်နှင့် တိုင်းရင်းသားများရဲ့ အသံကို နားထောင်ပြီး ကျင်းပရမယ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံး၊ လူနည်းစု တိုင်းရင်းသားအားလုံး ပါဝင်နိုင်မယ့် ညီလာခံဖြစ်ရမယ်” ဟု ဆလိုင်းမာန်ဟုန်းက ပြောသည်။
မတူပီမြို့နယ်မှ ချင်းလူငယ်အရေး လုပ်ဆောင်နေသူ ဆလိုင်းမွန်ဘွေးက ၂၁ ရာစုပင်လုံသည် ယခုအချိန်အထိတော့ အောင်မြင်သည်ဟု ပြောနိုင်ကြောင်း၊ အနယ်နယ် အရပ်ရပ်မှ ကိုယ်စားလှယ်များ တွေ့ဆုံပြီး လိုလားချက်များကို တင်ပြနိုင်ခြင်းမှာ အားသာချက် ဖြစ်ကြောင်း ကောက်ချက်ချသည်။
၁၉၉၃ ခုနှစ်တွင် ပြုလုပ်သည့် အမျိုးသားညီလာခံတွင် တိုင်းရင်းသားလူမျိုးစုအများအပြား တက်ရောက်ကြသော်လည်း ထိုစဉ်က စစ်အစိုးရက စာတမ်းများကို ဆင်ဆာဖြတ်၊ တည်းဖြတ်ပြီးမှ တင်သွင်းစေခဲ့သည်။ NLD အစိုးရလက်ထက်တွင် ပြုလုပ်သည့် ၂၁ ရာစု ပင်လုံညီလာခံတွင်မူ ထိန်းချုပ်ခြင်း မရှိဘဲ အယူအဆ သဘောထားများကို ပွင့်ပွင့်လင်းလင်း တင်ပြနိုင်ခဲ့သည်။
————————-
(မိုင်လိန်းဟုန်းလိုင်းသည် Chin World မီဒီယာမှဖြစ်ပြီး ရန်ကုန်မြို့Myanmar Now သတင်းအေဂျင်စီရုံးတွင် အလုပ်သင် သတင်းထောက်အဖြစ် ခေတ္တလုပ်ကိုင်နေသူဖြစ်သည်။)