သတင်း

၂၁ရာစု ပင်လုံညီလာခံတွင် နိုင်ငံအမည်ဖော်ပြရေး အကြိတ်အနယ်ဆွေးနွေး

(နေပြည်တော်) — ၂၁ရာစု ပင်လုံညီလာခံ တတိယအစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍမူဝါဒကို ဆွေးနွေးစဉ် နိုင်ငံအမည်ကိုဖော်ပြရေးနှင့် ပတ်သက်ပြီး အကြိတ်အနယ်ဆွေးနွေးခဲ့ရကြောင်း ညီလာခံတက်ရောက်ခဲ့သူများက ဆိုသည်။

ဇူလိုင်လ ၁၄ ရက်နေ့ ညီလာခံ တတိယနေ့အစည်းအဝေး၏ နိုင်ငံရေးကဏ္ဍတွင် ဆွေးနွေးသည့် ကျား/မ တန်းတူရေးနှင့်ဆိုင်သည့် အချက်လေးချက်မှ အပိုဒ်(က)နှင့်(ဂ)တွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဟူသော အသုံးအနှုန်းကို သုံးစွဲထားသည်။

နိုင်ငံအမည်မပါဝင်သည့်အတွက် တပ်မတော်သားအစုအဖွဲ့က နိုင်ငံအမည်ဖြစ်သည့် မြန်မာနိုင်ငံတော်ကို ထည့်သွင်းပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော်ဟု ဖြည့်စွက်ပေးရန် တောင်းဆိုခဲ့သည်။

“တပ်မတော်ဘက်က တင်ပြတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုတဲ့ဟာကို ထည့်ဖို့ ဆွေးနွေးဖြစ်ပါတယ်။ ကျွန်တော်တို့ ညှိနှိုင်းပြီးတော့ ကျွန်တော်တို့ EAOsဘက်က NCA စာချုပ် ထဲမှာ ပါတဲ့အတိုင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဆိုပြီး ထည့်ပေးလိုက် ပါတယ်။” ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။

နေပြည်တော်တွင် ကျင်းပနေသည့် ညီလာခံ တတိယနေ့က အစိုးရအစုအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့၊ တပ်မတော်ကိုယ်စားလှယ်များအစုအဖွဲ့၊ တိုင်းရင်းသားလက်နက် ကိုင်များအစုအဖွဲ့၊ နိုင်ငံရေးပါတီများအစုအဖွဲ့ ဟူ၍ အစုအဖွဲ့  ၅ခုက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်အရေး၊ လုံခြုံရေး ဆိုသည့် ကဏ္ဍ ၅ရပ်ကို သီးခြား ဆွေးနွေးကြသည်။

ထိုသို့သီးခြားဆွေးနွေးရာတွင် နိုင်ငံရေးကဏ္ဍဆွေးနွေးချက် ၄ချက်ဖြစ်သည့် ကျား./မ တန်းတူရေးတွင် တပ်မတော်နှင့် ကျန်အစုအဖွဲ့များကြားတွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဟူသည့် အသုံးအနှုန်းအပေါ် သဘောထားကွဲလွဲခဲ့ကြခြင်းဖြစ်သည်။

သို့သော်လည်း ကျန်အစုအဖွဲ့ ၄ခုက UPDJC ၏မူလအဆိုပြုလွှာအတိုင်းသာ လက်ခံရန် ဆုံးဖြတ်ခဲ့ကြသည်။

ထိုသို့ ဆုံးဖြတ်ခဲ့ကြပြီးနောက် UPDJC ၏ဇူလိုင်၁၅ရက်အစည်းအဝေးတွင် တပ်မတော်အစုအဖွဲ့၏ ဖြည့်စွက်ချက်ကိုသာ သဘောတူခဲ့ကြသည်။

အတည်ပြုနိုင်ခဲ့သော နိုင်ငံရေးကဏ္ဍ အချက် ၄ချက်မှာ ပြည်ထောင်စုသဘောတူစာချုပ် ဖြစ်လာမည်ဖြစ်ပြီး ပြင်ဆင်ရေးဆွဲမည့် အခြေခံဥပဒေ၏ အခြေခံမူ ဖြစ်လာမည်ဖြစ်သည်။

ဇိုးမီးဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်တာဝန်ခံ ဦးပူခမ်လမ်တွောင်က တပ်မတော်နဲ့ သဘောထားကွဲလွဲရတဲ့ အချက်တွေဟာ အနာဂတ်နိုင်ငံတော်အတွက် အခြေခံဥပဒေ ဖြစ်လာနိုင်တာ ကြောင့် အရေးပါသည့်အချက်များ ဖြစ်သည်ဟု ပြောသည်။

“မြန်မာနိုင်ငံဆိုတဲ့ စကားလုံးမထည့်လဲ ပြည်ထောင်စုဆိုတဲ့ စကားလုံးထည့်ရင် အားလုံးသိပြီးသား ဖြစ်တယ်လေ။”ဟု ၎င်းက ပြောသည်.။

နိုင်ငံရေးကဏ္ဍဆိုင်ရာ မူဝါဒအဆိုပြုချက်တွင် ကျား/မ တန်းတူ ညီမျှရေး အဖြစ်

(၁)ကျား/မ ဆိုင်ရာ တန်းတူညီမျှမှုတွင် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု၏ မည်သည့်နိုင်ငံသားကိုမျှ ကျား/မဆိုင်ရာ လိင်ကွဲပြားမှုကို အခြေခံသော ခွဲခြားဆက်ဆံခြင်း မရှိစေရေးနှင့် တန်းတူညီမျှမှု ရှိစေရေးအတွက် မူဝါဒ ချမှတ်ရန်။

(၂) ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရေးကို အားပေးရန်။

(၃) ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတွင် ကျား/မ ရေးရာ အခြေပြု အကြမ်းဖက်မှုများအား ကာကွယ်နိုင်သည့် မူဝါဒများကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရန်။

(၄) ကျား/မဆိုင်ရာ တန်းတူညီမျှမှုကို အထောက်အကူပြုစေရန် အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန် ဟူသည့် အဆိုပြုချက်များကို ဆွေးနွေးနေခြင်းဖြစ်သည်။

Show More

Related Articles

Back to top button