
(နေပြည်တော်) — NCA ဟု လူသိများသည့် အပစ်ရပ်စာချုပ်တွင် မပါဝင်သေးသည့် မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့က နေပြည်တော်တွင် ရှိစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲရေး စာချုပ်နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်ဟု ဗိုလ်ချုပ် ဂွန်မော်က ဇူလိုင် ၁၂ တွင် ပြောသည်။
၎င်းတို့ စုစည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အနေဖြင့် တွေ့ဆုံခြင်းဖြစ်သည်ဟု ဆိုသည်။
“FPNCC ဘက်ကနေ အရင် တင်ထားတဲ့ စာတမ်းအပေါ်မှာ ထပ်ပြီး ဆွေးနွေးချင်တဲ့ အကြောင်းအရာကို ပြောတယ်။ အဖွဲ့ခေါင်းဆောင် ဦးကျောက်ကော်အမ်းက ဦးစီးပြီး NCA အပေါ်မှာ ထားရှိတဲ့ တချို့သဘောထားတွေကို တင်ပြပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း သူတို့ဘက်က သဘောထားတွေတချို့ကို ကျွန်တော်တို့ကို ပြန်ပြီးရှင်းပြပါတယ်” ဟု ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။
ဗိုလ်ချုပ်ဂွန်မော်က ၂၁ ရာစု ပင်လုံညီလာခံကို လာရောက်ခြင်းမှာ ဖိတ်ကြားသူကို အပြန်အလှန် အသိအမှတ်ပြုသည့် သဘောဖြင့် လာရောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ ပင်လုံညီလာခံ ပြင်ပတွင် တွေ့ဆုံရန်လည်း ကမ်းလှမ်းခဲ့သည်ဟု သိရသည်။
“နောက်ပိုင်းမှာတော့ ဆွေးနွေးပွဲတွေဟာ သူ့အစီအစဉ်နဲ့ စနစ်တကျသွားနေတဲ့ ပင်လုံအစည်းအဝေးလို မဟုတ်ဘဲ အခြားအချိန်တစ်ခုမှာ ဆွေးနွေးသင့်တယ်ဆိုပြီး ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်”ဟု ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ခေါ်ချက်
အစိုးရက တရုတ်-မြန်မာနယ်စပ် အခြေစိုက်သော ဤအဖွဲ့များကို ပင်လုံတက်ရန် ရန်ကုန်ရှိ တရုတ်သံရုံးမှတဆင့် ဖိတ်ကြားခြင်း ဖြစ်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ ပါဝင် လက်မှတ်ရေးထိုးပြီး ဖြစ်သည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ပါဝင်လာရန်လည်း ဖိတ်ခေါ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တစ်နှစ်ကျော် ရပ်နားထားပြီး ပြန်လည်စတင်သည့် ပင်လုံညီလာခံဖွင့်ပွဲ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
“ဒီအဖွဲ့တွေ ပါဝင်လာနိုင်ဖို့ကိုလည်း ကျွန်မတို့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးတံခါး အစဉ်အမြဲ ဖွင့်လှစ်ထားပြီး တွေ့ဆုံဆွေးနွေးအဖြေရှာရေးလမ်းကြောင်းနဲ့ ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်။ အလုံးစုံ အားလုံးပါဝင်နိုင်ဖို့ အင်မတန်မှ ခက်ခဲနိုင်မယ်ဆိုတာ သိထားပေမယ့်လည်း ကျွန်မတို့နိုင်ငံ၊ ကျွန်မတို့ ပြည်ထောင်စုရဲ့ သမိုင်းဝင်နိုင်ငံရေး ဆွေးနွေးပွဲတွေဟာ ဒီအဖွဲ့တွေ ပါဝင်လာနိုင်ခြင်း မရှိသေးတာကြောင့် ပြီးပြည့်စုံပြီလို့ မဆိုနိုင်သေးပါဘူး။ လစ်ဟာချက်ကို ဖြည့်ဆည်းနိုင်ဖို့ ကျွန်မတို့အနေနဲ့ အချိန်တိုင်း ဆက်ပြီးကြိုးစား နေဦးမှာပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
တပ်မတော်နှင့် တွေ့ခြင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြောဆိုဆွေးနွေးမှု မတိုင်ခင်က မြောက်ပိုင်း မဟာမိတ် အဖွဲ႕များသည် ဇူလိုင် ၁၁ ရက်နေ့တွင် တပ်မတော်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် “သွေးချင်းညီနောင်များ” ဖြစ်သော ကြောင့် “ညီရင်းအစ်ကိုသဖွယ် စိတ်ဓာတ်ဖြင့် ဆွေးနွေးတိုင်ပင် ညှိနှိုင်း ဆောင်ရွက်သွားရန်” ပြောဆိုခဲ့သည်ဟု သိရသည်။
ထိုစကားဝိုင်းတွင် NCA လက်မှတ်ရေးထိုးနိုင်ရေးဆိုင်ရာကိစ္စရပ်များ ပါဝင်သည်ဟု ဆိုသည်။
FPNCC ကော်မတီဝင် အဖွဲ့များ
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)
အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် “မိုင်းလား အဖွဲ့ (NDAA)
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA)
ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)