
နေပြည်တော်၊ ဇူလိုင် ၁၆ — အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံတွင် ပျံ့နှံ့နေထိုင်ကြသည့် နာဂတိုင်းရင်းသားများ၏ ‘နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN)’လက်နက်ကိုင် တော်လှန်ရေးအဖွဲ့နှစ်ဖွဲ့အနက်မှ NSCN-K အဖွဲ့ ကိုယ်စားလှယ်များသည် ကျင်းပဆဲ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးသို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သော်လည်း ၎င်း၏ နိုင်ငံရေးရည်မှန်းချက်ကြောင့် အပစ်ရပ်စာချုပ်ထိုးရန် မဖြစ်နိုင်သေးဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
အိန္ဒိယအရှေ့မြောက်ခြမ်းဒေသတွင် နာဂနိုင်ငံတော်ထူထောင်ရေးအတွက် အိန္ဒိယအစိုးရကို လက်နက်ကိုင် တိုက်ခိုက်နေသည့် ထိုအဖွဲ့သည် မြန်မာဘက်ခြမ်း၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ နာဂလူမျိုးများနေထိုင်သည့် ဒေသများကိုပါ ထည့်သွင်းပြီး သီးခြားနာဂနိုင်ငံထူထောင်ရန် ရည်မှန်းချက်ရှိနေခြင်းကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) တွင် ပါဝင်ရန်မဖြစ်နိုင်သေးဟု ၎င်းကပြောသည်။
“ကျွန်တော်တို့ သွားနေတာက ပြည်ထောင်စုက ခွဲထွက်ဖို့ကို ကျွန်တော်တို့က လက်မခံဘူး။ အဲဒီတော့ခွဲထွက်ဖို့ ရည်ရွယ်ချက် မျှော်မှန်းချက် ရှိတဲ့ အဖွဲ့တွေနဲ့က ဆွေးနွေးဖို့ ခက်ပါတယ်” ဟု ပြည်ထောင်စု ငြိမ်းချမ်း ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင်လည်း ဖြစ်သည့် ဦးဇော်ဌေးကပြောသည်။
အဆိုပါ နာဂလက်နက်ကိုင်အဖွဲ့ကို NCA တွင်ပါဝင်လာရန် ကမ်းလှမ်းခဲ့ဖူးကြောင်းလည်း ၎င်းက ဆက်ပြောသည်။
“NCA လက်မှတ်ထိုးဖို့ကမ်းလှမ်းခဲ့တယ်။ သူတို့က မပါခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ Background က ဟိုဘက်ဒီဘက် ရှုပ်ထွေးမှုလေးတွေရှိတယ်” ဟုပြောသည်။
UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေကလည်း နာဂ ဆိုရှယ်လစ်ကောင်စီအနေဖြင့် ခွဲထွက်ရေးမူကို စွန့်လွှတ်မှသာလျှင် NCA တွင်ပါဝင်ဖို့ ဖြစ်နိုင်မည်ဟု ပြောသည်။
NSCN-K အဖွဲ့သည် သမ္မတဦးသိန်းစိန်အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့(စစ်ကိုင်းတိုင်းဒေသကြီး) နှင့် ၂၀၁၂ ခုနှစ် ဧပြီလက အပစ်ရပ်လက်မှတ်ရေးထိုးခဲ့ပြီး စစ်ကိုင်းတိုင်း ခန္တီးမြို့တွင် ရုံးခွဲတစ်ရုံး ဖွင့်လှစ်ခွင့် ရလာခဲ့သည်။
NSCN-K အဖွဲ့သည် နာဂအမျိုးသားကောင်စီ NSCN ၏အဓိကအဖွဲ့ကြီးနှစ်ဖွဲ့အနက်မှ တစ်ဖွဲ့ဖြစ်ပြီး အဖွဲ့ ခေါင်းဆောင်သည် မြန်မာဘက်ခြမ်းမှ နာဂအမျိုးသား ခပ်လန်း (Shangwang Shangyung Khaplang) ဖြစ်သည်။ ၎င်းဦးဆောင်သည့်အဖွဲ့ဖြစ်သဖြင့် National Socialist Council of Nagaland-Khaplang (NSCN-K) ဟု ခေါ်သည်။ ကျန်သည့်တစ်ဖွဲ့မှာ ဆဝူ (Isak Chishi Swu) နှင့် မူဗီယာ (Thuingaleng Muviah) တို့ ဦးဆောင်သည့် အဖွဲ့ဖြစ်၍ NSCN-IM ဟု ခေါ်သည်။
အိန္ဒိယအရှေ့မြောက်ခြမ်းနှင့် မြန်မာဘက်ခြမ်းတို့ရှိ နာဂတိုင်းရင်းသားမျိုးနွယ်စုများ နေထိုင်သည့် ဒေသအားလုံးကို စုပေါင်းပြီး သီးခြားနာဂနိုင်ငံ (Nagalim) ထူထောင်လိုသည့် ရည်ရွယ်ချက်ဖြင့် NSCN သည် အိန္ဒိယအစိုးရကိုရော မြန်မာအစိုးရကိုပါ နှစ်နိုင်ငံလွတ်လပ်ရေး ရပြီးကာလများမှစ၍ လက်နက်စွဲကိုင် တိုက်ခိုက်ခဲ့သည်။ NSCN ၏ကြေညာစာတမ်းပါ ကြွေးကြော်သံမှာ “ခရစ်တော်အတွက် နာဂပြည်” ဖြစ်သည်။
၂၀၁၅ ခုနှစ်အတွင်း မဏိပူရပြည်နယ်အတွင်း အိန္ဒိယတပ်ယာဉ်တန်းတစ်တန်းကို တိုက်ခိုက်ပြီးနောက်ပိုင်း အိန္ဒိယအစိုးရက NSCN-K ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့သည်။
ထို့အဖွဲ့သည် ပြန်ပေးဆွဲခြင်း၊ လုပ်ကြံ သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ အဓမ္မဘာသာကူးပြောင်းစေခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များ လုပ်သည်ဟုလည်း အိန္ဒိယအစိုးရကစွပ်စွဲထားသည်။
အိန္ဒိယဘက်ခြမ်းနှင့်ယှဉ်လျှင် မြန်မာဘက်ခြမ်းတွင် NSCN-K ၏ စစ်ရေးလှုပ်ရှားမှု သေးငယ်သော်လည်း ၂၀၁၂ ခုနှစ် အပစ်အခတ်ရပ်စဲရေးသဘောတူပြီးနောက်တွင် တိုက်ပွဲထပ်မံဖြစ်ပွားခြင်းမရှိတော့ပေ။
လူဦးရေ နှစ်သန်းခန့်ရှိသည့် နာဂလူမျိုးအုပ်စုဝင် မျိုးနွယ်စုများသည် အိန္ဒိယနိုင်ငံရှိ နာဂလင်း၊ မဏိပူရ၊ အရူနာခါ ပရာဒေ့ရှ်၊ အာသံနှင့် မြန်မာဘက်ခြမ်း စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် နယ်စပ်စည်းကိုခွ၍ ပျံ့နှံ့ နေထိုင်ကြသည်။ အများစုမှာ တောင်ပေါ်သားများ ဖြစ်ကြပြီး ရိုးရာနတ်ကိုးကွယ်ကြကာ နောက်ပိုင်း ခရစ်ယာန်ဘာသာဝင်ဖြစ်လာသူများလည်း ရှိသည်။
မြန်မာနိုင်ငံ၏၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ကိုင်းတိုင်းရှိ လဟယ်၊ လေရှီးနှင့် နန်းယွန်းသုံးမြို့နယ်ကို ပေါင်း၍ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် သတ်မှတ်ထားသည်။