ပိုလန်ကဗျာဆရာမကြီး Wisława Szymborska (၁၉၂၃-၂၀၁၂) အတွက် ဂုဏ်ပြုညနေခင်း အစီအစဉ်ကို တနင်္ဂနွေနေ့က ရန်ကုန်မြို့မှာ လုပ်တော့ ကဗျာချစ်သူတချို့ တက်ရောက်ကြတာ တွေ့ရပါတယ်။
ပိုလန်ကဗျာဆရာမကြီး ကွယ်လွန်သွားတာ ၅ နှစ် ရှိပါပြီ။ သူဟာ ကဗျာဆရာ၊ အက်ဆေးရေးသူ၊ ဘာသာပြန်သမား၊ စာပေဝေဖန်ရေးသမား ဖြစ်တယ်လို့ သိရပါတယ်။ ၁၉၉၆ မှာ နိုဗဲလ်စာပေဆု ရရှိတဲ့ နောက်ပိုင်းမှာတော့ ကမ္ဘာကျော် ကလောင်ရှင် ဖြစ်သွားပါတယ်။
မိတ်ဆွေရင်းတွေကတော့ သူဟာ နှိမ့်ချတတ်သူဖြစ်တယ်၊ ခပ်အေးအေးနေတတ်တယ်၊ သူတစ်ပါးအတွင်းရေး မေးခွန်းထုတ်တာတွေကို မနှစ်သက်သလို သူ့အကြောင်း ထုတ်ပြောရတာလည်း ကြိုက်သူမဟုတ်ဘူးလို့ ဆိုကြတယ်။ ဂုဏ်ပြုတာတွေလည်း ကြိုက်တတ်သူမဟုတ်ဘူးလို့ ဆိုသော်လည်း ရန်ကုန်၊ ပုဇွန်တောင်မြို့နယ် PEN Myanmar ရုံးခန်းမှာတော့ သူ့အမှတ်တရ အစီအစဉ်လုပ်ခဲ့ပါတယ်။
အစီအစဉ်ဖြစ်မြောက်ရေးအတွက် ကမကထ ပြုသူတွေကတော့ ကလောင်ရှင်တွေနဲ့စုစည်းထားတဲ့ PEN Myanmar အဖွဲ့၊ ရန်ကုန်မြို့ ပိုလန်သံရုံးတို့ပါပဲ။
၈၈ နှစ် အရွယ်မှာ ကွယ်လွန်သွားတဲ့ ဆရာမကြီးအတွက် ဂုဏ်ပြုညနေခင်းအစီအစဉ်မှာ သူ့ကဗျာ မြန်မာဘာသာပြန်ထားတာတွေကို ဖတ်ကြ ရွတ်ကြ၊ အမှတ်တရစကား ပြောကြပါတယ်။
ဆရာမကြီးကို အတုယူစရာကောင်းတဲအချက်တွေထဲက ၂ ခု အကြောင်းကိုလည်း ကဗျာဆရာ မောင်ပြည့်မင်းက ပြောသွားပါတယ် … သူတို့ဆီက ကွန်မြူနစ်ပါတီ ကောင်းစားချိန်မှာ သူဟာ ပါတီကနေ သတ္တိရှိရှိ ထွက်လိုက်တယ်လို့ ဆိုတယ်။ နောက်တစ်ချက် လေးစားစရာ ကောင်းတာကတော့ သူရေးတဲ့ ကဗျာပုဒ်ရေက ၃၅ဝ ထက် နည်းနေတာ ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းကို ဆရာမကြီးက အိမ်မှာ အမှိုက်ပုံး ရှိတယ် လို့ ပြန်အဖြေပေးခြင်းပါပဲ တဲ့။
ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာလည်း သူကွယ်လွန်တဲ့ ၅ နှစ်ပြည့် နှစ်ပတ်လည်နေ့က အမှတ်တရ ပို့စ်တစ်ခု တင်ထားတာတွေ့ရပါတယ်။
ပိုလန်က သူတို့ဆရာမကြီးပုံတွေနဲ့ တံဆိပ်ခေါင်းတွေ ထုတ်ထားပါတယ်။ မြန်မာပြည်မှာလည်း ဂုဏ်ပြုထိုက်တဲ့စာဆိုကြီးတွေ အများအပြား ရှိပါတယ်။ ယဉ်ကျေးမှုဆိုင်ရာ ကြီးမြတ်သူတွေကို တံဆိပ်ခေါင်းထက် တင်တဲ့ အစဉ်အလာ မြန်မာပြည်မှာ မရှိသေးပါဘူး။ အနာဂတ်မှာတော့ ရှိလာကောင်းပါရဲ့။
မြန်မာကလောင်ရှင်များရဲ့ စာပေလက်ရာတွေကို အင်္ဂလိပ်လို ဘာသာပြန်ထားတာရှိမယ်၊ အဲဒီလက်ရာတွေကို အဆိုတင်သွင်းသူတွေလည်း ရှိမယ်ဆိုရင် အနာဂတ်မှာ မြန်မာစာပေလက်ရာတွေလည်း နိုင်ငံတကာစာပေဆုတွေ ရနိုင်ပါလိမ့်မယ်။
လတ်တလော ဘာသာပြန်စာပေ အားမကောင်းသေးတဲ့အတွက် အနာဂတ်အတွက်ပဲ မျှော်လင့်ချက် ထားနိုင်ပါတယ်။
အနာဂတ် မြန်မာ သံတမန်တွေကလည်း သူတို့တာဝန်ကျတဲ့ နိုင်ငံတွေမှာ မြန်မာစာပေကို မိတ်ဆက်ပေးတဲ့ ယဉ်ကျေးမှု ရှိလာရင် ကျေနပ်စရာ ကောင်းမှာ ဖြစ်ပါတယ်။ ။