သတင်း

နဂါးလေးကို နောက်ကျမှ ဖမ်းဆီးမှုအတွက် ရဲတပ်ဖွဲ့ ဝေဖန်ခံရ

ရန်ကုန် – ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ရေးအတွက် အခကြေးငွေယူခဲ့သူဟု ယူဆရသည့် နဂါးလေး ခေါ် ကိုအောင်နိုင်မြင့် ကဲ့သို့သော လူဆိုးလူမိုက်မျိုး ဥပဒေပြင်ပတွင် ကာလကြာရှည်စွာ သွားလာလှုပ်ရှားခွင့် ရခဲ့ခြင်းမှာ မဖြစ်သင့်ကြောင်း လူ့အခွင့်အရေးနှင့် နိုင်ငံရေးလောကသား အချို့က မကြာသေးခင်က ပြောလိုက်သည်။

ရန်ကုန်လေဆိပ် လုပ်ကြံမှု အဓိက သံသယ တရားခံ ဦးအောင်ဝင်းဇော်သည် ၂ဝ၁၆ မေလခန့်က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နေ နဂါးလေးကို  ဆက်သွယ်ခဲ့ကြောင်း၊ နဂါးလေးသည် ဦးကိုနီအား သတ်ဖြတ်ရေးအတွက် အခကြေးငွေအဖြစ်   သိန်း ၂ဝဝ နှင့် လိုင်စင်မဲ့ကားတစ်စီး ရယူရန် ညှိနှိုင်းခဲ့ကြောင်း  မကြာသေးမီက ပြုလုပ်ခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာန၏  ရန်ကုန်မြို့ သတင်းစာ ရှင်းလင်းပွဲအရ သိရသည်။

နဂါးလေးသည် မူးယစ်ဆေးဝါးမှု၊ လုယက်မှုတို့ ကျူးလွန်ထားသည့် တရားခံပြေး တစ်ဦးလည်း  ဖြစ်ကြောင်း၊ ဖေဖော်ဝါရီ လလယ်ပိုင်းက သူ့အား ရန်ကုန်တွင် လိုက်လံဖမ်းဆီးစဉ် တိမ်းရှောင်သွားရာ တစ်ပတ်အတွင်းမှာပင်  မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် ဖမ်းဆီးရမိကြောင်း အာဏာပိုင်တို့က ထုတ်ပြန် ကြေညာထားသည်။

နဂါးလေးအား လိုက်လံ ဖမ်းဆီးမှုသည် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့် ရက်မတိုင်ခင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေ အကြံပေးဖြစ်သော၊ အခြေခံဥပဒေအသစ်ပြန်လည်ရေးဆွဲရေးကို လိုလားသော ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး တစ်လကြာ စုံစမ်းဖော်ထုတ်မှုအတွင်း ဖမ်းဆီးရမိသည့် အဓိက သံသယ တရားခံ ၄ ဦး ရှိကြောင်း အာဏာပိုင်တို့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဥပဒေစိုးမိုးရေးနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသေးသည်ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ပြန်ကြားရေးတာဝန်ခံ ဦးမြင့်ကျော်က သုံးသပ်သည်။

“နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့ ဦးကိုနီသတ်ခံရတဲ့ ကိစ္စမျိုးဆိုရင်လည်း ရှိသမျှ စွမ်းဆောင်ရည်တွေ အားလုံးကို သုံးပြီးတော့ လုပ်ရမယ့်ဟာမျိုးပေါ့။ ဒါပေမဲ့ ဒီလောက်နဲ့ပဲ ပြည့်စုံပြီဆိုတဲ့ သဘောမျိုး ချပြတာတော့ ဘယ်သူမှ အားလုံး ကျေနပ်နိုင်တဲ့ အနေအထားမရှိဘူးပဲ ပြောရမှာပေါ့။ အတိုဆုံးပြောရမယ်ဆိုရင် ဥပဒေစိုးမိုးမှုက အားနည်းနေတုန်းပါပဲ။ ဘာကြောင့်  အားနည်းနေတာလဲ နိုင်ငံရေးပြဿနာလား။ စွမ်းဆောင်ရည် ပြဿနာလား ထပ်ပြီးတော့ မေးခွန်း ထုတ်စရာတွေ အများကြီးပါ” ဟု ဦးမြင့်ကျော်က ဆိုသည်။

သက်တမ်း ၁ နှစ် ရှိလာပြီဖြစ်သည့် အစိုးရသစ်လက်ထက်တွင် ဥပဒေစိုးမိုးရေး ဆောင်ရွက်ချက်များ ခက်ခဲနေရခြင်းမှာ လုပ်ပိုင်ခွင့် အကန့်အသတ် ရှိခြင်းကြောင့် ဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်သည်။

အစိုးရသည် တပ်မတော်၊  ရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စသည့် ဌာနဆိုင်ရာများအပေါ်တွင် သြဇာအာဏာမျှ မရှိခြင်းမှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အားနည်းချက်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် အခြေခံဥပဒေကို မဖြစ်မနေ ပြင်ဆင်ရန် လိုအပ်ကြောင်း ဦးကြီးမြင့်က ပြောသည်။

ရာဇဝင်လူဆိုးတို့ကို ထောင်လွတ်ရက် မတိုင်မီ ပြင်ပသို့ ရောက်လာခြင်းသည်လည်း ဥပဒေ စိုးမိုးရေးကို ထိခိုက်စေသည်ဟု သူက ဆိုသည်။

“အရင်အစိုးရလက်ထက်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လူဆိုးတွေကို အကြိမ်ကြိမ် လွှတ်ထားခဲ့တယ်။ အဲ့ဒီကောင်တွေကပဲ ပြန်ပြီးတော့ သောင်းကျန်းတာပဲ၊ လူတွေသတ် ပစ္စည်းတွေလု။   ရာဇဝတ်မှုတွေက ပိုတောင် ဆိုးလာတယ်။ ဒီအမှိုက်ထုပ်ကြီးကို အစိုးရသစ်က ရှင်းနေရတယ်” ဟု ရန်ကုန်မြို့တွင် နေထိုင်သူ ရှေ့နေဦးကြီးမြင့်က မှတ်ချက်ချသည်။

ညီမျှခြင်းမြန်မာအဖွဲ့ ညွှန်ကြားရေးမှူး  ဦးအောင်မျိုးမင်းကလည်း နဂါးလေးကဲ့သို့ ပြစ်မှုမှတ်တမ်းဝင်နေသူများ ရာဇဝတ်မှု ထပ်မံ ကျူးလွန်ခြင်း မပြုနိုင်စေရေးအတွက် ကာကွယ်တားဆီးရန် အရေးကြီးသည်ဟု  သုံးသပ်သည်။

“တချို့သော ရာဇဝင်ရှိပြီးတော့ ဒီလိုမျိုး လုပ်ဆောင်နေတဲ့လူတွေကို  တာဝန်ရှိတဲ့သူတွေက တမင်သက်သက် မွေးထားတဲ့ သဘောမျိုး၊ မွေးထားတဲ့အရာမျိုးဖြစ်တယ်။

သူတို့နဲ့ပတ်သက်ပြီး ကျူးလွန်တယ်ဆိုရင်လည်း ထိရောက်စွာ အရေးယူမှု မရှိဘူး။ ဒါက ပြည်သူလူထု နိစ္စဒူဝ လုံခြုံရေးအပိုင်းကို အများဆုံး ထိခိုက်စေတာ ဖြစ်ပါတယ်”  ဟု လူ့အခွင့်အရေး ပညာပေးသူ ဦးအောင်မျိုးမင်းက ပြောသည်။

ရန်ကုန်၊ ပုဇွန်တောင်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးခင်မောင်လတ်ကမူ ရဲတပ်ဖွဲ့တွင် လူမိုက်တို့ကို တမင်သက်သက် မွေးထားသည့် မူဝါဒ မရှိဟု ဆိုသည်။

“ဒီခေတ်မှာ ရဲတပ်ဖွဲ့က လူဆိုးတွေကို မွေးလို့ မရပါဘူး။ တို့တွေကို သတင်းပေးမယ့်သူရှိမှ တို့တွေက ဖမ်းလို့ရမှာလေ။ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေက၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေ ရဲတပ်ဖွဲ့ကို သတင်းပေးမယ် ဆိုရင် ရဲတပ်ဖွဲ့အနေနဲ့ မြို့နယ်က ခရိုင်၊ တိုင်း (အဆင့်ဆင့်) တင်ပြပြီး ဖမ်းမှာပေါ့”  ဟု ပုဇွန်တောင် ရဲတပ်ဖွဲ့မှူးက Myanmar Now ကို ပြောသည်။

ရာဇဝတ်မှု နှိမ်နင်းရေးနှင့် ပတ်သက်ပြီး နယ်မြေခံအုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတို့၏ ပူးပေါင်း ဆောင်ရွက်မှုရပါက လူဆိုးလူမိုက်တို့ ပြေးစရာမြေရှိမည်မဟုတ်ဟု   ရဲတပ်ဖွဲ့မှူးက ရှင်းပြသည်။

တရားဥပဒေစိုးမိုးရေးကို အဓိကအကောင်အထည်ဖော်သည့် ရဲဌာနတွင်  တပ်ဖွဲ့ဝင်အရေအတွက်ပိုင်းသာမက အရည်အသွေးပိုင်းကိုပါ အဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း၊   ရဲတပ်သားတို့ လိုအပ်သည့် အထောက်အပံ့ နှင့် ပစ္စည်းကိရိယာများ ပြည့်စုံရေးကလည်း အရေးကြီးကြောင်း  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးနေမျိုးကျော်က ဆိုသည်။

“ရပ်ကွက်တွေ၊ မြို့နယ်တွေထဲမှာ ပြဿနာက ဘာလဲဆို နားလည်မှုနဲ့ လူမိုက်တွေရှိနေတာပဲ။ ရဲတွေကလည်း တကူးတက သွားဖမ်းမနေဘူး။ ဖမ်းမယ်ဆိုရင်လည်း ဖမ်းတဲ့ရဲက ပြဿနာ ရှိနိုင်တယ်။  လူတစ်ယောက်ကို ရိုက်ဖို့မပြောနဲ့ လူတစ်ယောက်ကို သတ်ဖို့တောင် ဝန်လေးတဲ့သူတွေ မဟုတ်ဘူး။ အဲ့ဒီအခါကျတော့ ဘယ်သူမှ မလုံခြုံတော့တဲ့ သဘောပေါ့။ အချိန်မရွေး လူတစ်ယောက်က ရိုက်ခံရ၊  သတ်ခံရနိုင်တဲ့ အနေအထားမျိုး ဖြစ်တာပေါ့” ဟု ဘလော်ဂါနေဘုန်းလတ်အဖြစ် လူသိများသည့် ဦးနေမျိုးကျော်က ပြောသည်။

တရားခံပြေးနဂါးလေးကို ဖေဖော်ဝါရီလလယ်မှ လိုက်လံ ဖမ်းဆီးခြင်းနှင့် ပတ်သက်ပြီး မေးမြန်းရန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ အရာရှိများကို တယ်လီဖုန်းဆက်သော်လည်း မတ်လ ၇ ရက်နေ့အထိ အဆက်အသွယ် မရသေးပေ။     ။

Show More

Related Articles

Back to top button