ရန်ကုန် – ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်မှ အဋ္ဌမတန်းကျောင်းသူနှစ်ဦးအား အဓမ္မပြုကျင့်သည့် ကျောင်းဆရာကို ဖျာပုံခရိုင်တရားရုံးက မေလ ၃၁ ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ် အနှစ် ၄ဝ ချမှတ်လိုက်ကြောင်း တရားလိုရှေ့နေ ဦးကျော်ဇေယျက ပြောသည်။
ရွှေညောင်ပင်ကျေးရွာ အလယ်တန်းကျောင်းမှ ကျောင်းသူနှစ်ဦး၏ အုပ်ထိန်းသူတို့က သီးခြားစီ အမှုဖွင့် တိုင်ကြားကြခြင်း ဖြစ်ကြောင်း၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ အရ အမှုတစ်ခုလျှင် အလုပ်နှင့် ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်ခဲ့ပြီး အမှုနှစ်ခု အတွက် စုစုပေါင်း ထောင်ဒဏ် အနှစ် ၄ဝ ချမှတ်ခြင်းဖြစ်ကြောင်း ဦးကျော်ဇေယျက ရှင်းပြသည်။
“ဒီတစ်ကြိမ်ကတော့ ကျွန်တော့်အတွေ့အကြုံအရ သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး ပထမဆုံး ပြစ်ဒဏ် အများဆုံး ချမှတ်တာပါပဲ” ဟု တရားပြုကျင့်ခံရသည့် ငယ်ရွယ်သူတို့ကို ကူညီ အကျိုးဆောင်ပေးနေသော ဥပဒေရေးရာ ကုစားရေးမြန်မာ အဖွဲ့မှ ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ၊ အထက်တန်းရှေ့နေ ဦးကျော်ဇေယျက ဆိုသည်။
“အဖေက သမီးကို ကျူးလွန်တဲ့ အမှုတွေတောင် ထောင်ဒဏ် ၁ဝ နှစ်ပဲ ချတာပါ”
အမှုကာလ တစ်နှစ်နီးပါးအတွင်း ခရိုင်တရားရုံး ရုံးချိန်းပေါင်း ၃ဝ ဝန်းကျင် ရှိခဲ့ကြောင်း ဦးကျော်ဇေယျက ရှင်းပြသည်။
ကျောင်းသူတစ်ဦး၏ ဖခင်ဖြစ်သူကလည်း တရားရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး အားရ၊ ကျေနပ်သည်ဟု ဆိုသည်။
“ကျွန်တော်တို့တရားရုံးကို အပင်ပန်းခံသွားရတာနဲ့တန်ပါတယ်၊ ပင်ပန်းရကျိုးနပ်တယ်လို့ မြင်ပါတယ်။ ဆရာနဲ့ကျောင်းသူဆိုတာ တကယ်ကို မဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ။ ဒီဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် ကျောင်းတွေမှာ လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပညာပေးသင့်ပြီ ဆိုတာကို ပြလိုက်သလိုပါပဲ” ဟု သူက ဆိုသည်။
ကလေးနှစ်ဦးသည် အမှုရင်ဆိုင်စဉ်ကာလများအတွင်း ကျောင်းဆက်တက်ခဲ့ကြောင်း သူက ဆက်ပြောသည်။
၃၆ နှစ်အရွယ် ကျောင်းဆရာရန်နိုင်က ၁၄ နှစ် နှင့် ၁၅ နှစ်အရွယ် ကျောင်းသူနှစ်ဦးကို ၂ဝ၁၆ ဇူလိုင်၊ သြဂုတ်လများအတွင်း စာသင်ကျောင်းတွင် မကြာခဏ သားမယားပြုကျင့်ခဲ့သည့် ဖြစ်ရပ်ကို မိဘများက ရက်အတန်ကြာမှ သိရသည်ဟု ဆိုသည်။
စက်တင်ဘာလကုန်ပိုင်းတွင် အာဏာပိုင်တို့က သမိုင်းဘာသာရပ်သင်ကြားသူ ကျောင်းဆရာကို နေအိမ်တွင် သွားရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အမှုနှစ်ခုအတွက် ထောင်ဒဏ် စုစုပေါင်း အနှစ် ၄ဝ ချမှတ်လိုက်သည့် ဖျာပုံခရိုင်တရားရုံး၏ ဆုံးဖြတ်ချက်က မတရားပြုကျင့်လိုသူတို့ကို ဟန့်တားရာ ရောက်မည်ဟု အမျိုးသမီးအရေး တက်ကြွ လှုပ်ရှားသူ ဒေါ်ဝင်းဝင်းခိုင်က မှတ်ချက်ပြုသည်။
“ဒီအပြစ်ဒဏ်က ဥပဒေကြောင်းအရ ထိရောက်တဲ့ပြစ်ဒဏ်ပါပဲ။ တရားသူကြီးက သူ့လုပ်ပိုင်ခွင့်အရ အပြည့်အဝ ချမှတ်လိုက်တယ်လို့ ထင်ပါတယ်။ ဒါကို နမူနာကြည့်မယ်ဆိုရင် နောက်လူတွေလည်း မုဒိမ်းမှုကိုကျူးလွန်ရဲမှာ မဟုတ်တော့ပါဘူး” ဟု ရန်ကုန်မြို့မှ ဒေါ်ဝင်းဝင်းခိုင်က ဆိုသည်။
” ကျောင်းသူ၊ ကျောင်းသား ဆိုတာက ဆရာ၊ ဆရာမတွေနဲ့ နေ့စဉ်ထိတွေ့နေရတာပါ။ ကျောင်းဆရာက ကျောင်းသူကို မုဒိမ်းမှုကျူးလွန်တယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ”
၂ဝ၁၆ ခုနှစ်က တစ်နိုင်ငံလုံးတွင် မုဒိမ်းမှု တိုင်ကြားချက်ပေါင်း ၁,၁ဝဝ ရှိသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကိုးကားပြီး ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ ထိုအမှုများထဲတွင် အရွယ်မရောက်သေးသူကို ကျူးလွန်သည့် အမှုပေါင်း ၆၇၁ မှု ပါဝင်သည်ဟု ဆိုသည်။
အရွယ်မရောက်သေးသူတို့ကို မုဒိမ်းပြုကျင့်မှုမှာ ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံး ပေါ်ပေါက်ခဲ့ကြောင်း၊ ရန်ကုန်နောက်တွင် အဆိုပါအမှုမျိုး အများဆုံးဖြစ်ပွားသော တိုင်းဒေသကြီးများမှာ ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်းတို့ ဖြစ်ကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ။