
ရန်ကုန်– ရှမ်းပြည်နယ်တွင် ထိန်းသိမ်းခံထားရသည်ဟုဆိုသော ရန်ကုန်အခြေစိုက် သတင်းသမား ၃ ဦးမှာ လားရှိုးမြို့မရဲစခန်းတွင် ရှိမနေကြောင်း စခန်းမှူး ဒုတိယရဲမှူး ကျော်နိုင်က ဇွန် ၂၇ ရက်နေ့တွင် ပြောသည်။
သတင်းသမားများဦး အပါအဝင် အမျိုးသား ၇ ဦးကို နမ့်ဆန်မြို့နယ်၊ ဘုရားကြီးရွာတွင် စစ်ဆေးစဉ် တအာင်း/ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) အဖွဲ့ထံမှ ထွက်ခွာလာကြောင်း သိရသဖြင့် အရေးယူနိုင်ရန် လားရှိုးမြို့နယ် ရဲစခန်းသို့ အပ်နှံထားပြီး စစ်ဆေးနေကြောင်း တပ်မတော်၏ ဇွန် ၂၆ ရက်စွဲတပ် သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းစဉ် စခန်းမှူးက ထိုသို့ ဖြေကြားခြင်း ဖြစ်သည်။
“အခုချိန်ထိ ကျွန်တော်တို့စခန်းမှာ မရှိပါဘူး။ ရောက်လည်း မရောက်၊ လွှဲလည်းမလွဲ၊ ကျွန်တော်တို့ မသိပါဘူး” ဟု စခန်းမှူးက ဆိုသည်။
နမ့်ဆန်မြို့မရဲစခန်း၊ လားရှိုးခရိုင်ရဲတပ်ဖွဲ့ရုံး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ရုံးများသို့ ဆက်သွယ်သော်လည်း တယ်လီဖုန်း လက်ခံ ဖြေဆိုခြင်း မရှိသေးပေ။
ရဟန်းတစ်ပါး ပါဝင်ဟုဆို
သတင်းသမား ၃ ဦးမှာ DVB သတင်းဌာနမှ သတင်းထောက် ဦးအေးနိုင်နှင့် ဦးပြည့်ဘုန်းနိုင်၊ ဧရာဝတီ သတင်းဌာနမှ သတင်းထောက် လဝီဝမ် (ခေါ်) ဦးသိန်းဇော်တို့ဖြစ်ပြီး TNLA အဖွဲ့က ပြုလုပ်သည့် မူးယစ်ဆေး မီးရှို့ဖျက်ဆီးသည့် အခမ်းအနားသို့ သွားရောက် သတင်းယူကြခြင်းဖြစ်ကြောင်း ထိုသတင်းဌာနများထံမှ သိရသည်။
ကျန်အမျိုးသား ၄ ဦး မည်သူမည်ဝါဖြစ်ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိပေ။
TNLA အဖွဲ့ ပြန်ကြားရေးအရာရှိတစ်ဦးဖြစ်သည့် ဗိုလ်မှူးသာပန်လှကမူ ထိုသူများမှာ လားရှိုးဒေသခံ ယာဉ်မောင်းနှစ်ဦး၊ ယာဉ်နောက်လိုက်တစ်ဦး၊ ရဟန်းတစ်ပါးတို့ဖြစ်သည်ဟု သိရကြောင်း ပြောသည်။
ထိန်းသိမ်းခံထားရသူများမှာ နမ့်ဆန်မြို့နယ်အနီးရှိ တပ်မတော်စခန်းတစ်ခုသို့ ရောက်နေဖွယ်ရှိသည်ဟု သူက ခန့်မှန်းသည်။
သတင်းထောက်အခွင့်အရေး
၂ဝ၁၄ ခုနှစ် သတင်းမီဒီယာဥပဒေတွင် သတင်းသမားများသည် စစ်မက်ဖြစ်ပွားရာဒေသတွင် သတင်းရယူစဉ် ဖမ်းဆီးထိန်းသိမ်းခံရခြင်းမှ ကင်းလွတ်စေရမည်ဟု ပြဋ္ဌာန်းထားသည်။
အခြေခံဥပဒေ၊ သတင်းမီဒီယာဥပဒေတို့တွင် သတင်းစာသမားတို့၏ လုပ်ပိုင်ခွင့်များနှင့်ပတ်သက်၍ ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ သတင်းထောက်များကို ဖမ်းဆီးခြင်းမှာ ရှိပြီးသား ဥပဒေကို အသိအမှတ်မပြုသည့် ပုံစံ ဖြစ်နေကြောင်း သတင်းစာဆရာ ဦးရဲနိုင်မိုးက ပြောသည်။
“သတင်းမီဒီယာကောင်စီအပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ မီဒီယာအဖွဲ့အစည်းတွေက ဒါနဲ့ပတ်သက်ပြီး ရှင်းပြတာ၊ တောင်းဆိုတာမျိုးတွေ လုပ်သင့်ပါတယ်။ သတိထားရမယ့် အချက်က မြန်မာနိုင်ငံ အစိုးရ အဖွဲ့အစည်းတချို့ဟာ သတင်းမီဒီယာရဲ့အခွင့်အရေးကို နားမလည်ဘူး၊ ပဋိပက္ခဖြစ်တဲ့ အနေအထားမျိုးထက် ညှိနှိုင်းပြီးတော့ သူတို့သဘောပေါက်အောင် ဆောင်ရွက်နိုင်ရင် အကောင်းဆုံးပါ” ဟု ဦးရဲနိုင်မိုးက ဆိုသည်။
ပြန်ကြားရေးဝန်ကြီးဌာန ဆက်ရှိသင့် မရှိသင့် ဟူသော အချက်ကို ကျယ်ကျယ်လောင်လောင် ဆွေးနွေးခဲ့ဖူးကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆက်ရှိသင့်သည်ဟု ယူဆပါက ယခုကိစ္စတွင် သတင်းမီဒီယာဘက်မှ ရဲရဲဝံ့ဝံ့ ရပ်တည် ဖြေရှင်းပေးသင့်ကြောင်း သူက ဆက်ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးရဲနိုင်က ဌာနအနေဖြင့် သတင်းသမား ၃ ဦး ထိန်းသိမ်းခံရခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ကို ဆက်သွယ် ပြောဆိုဦးမည်မဟုတ်ဟု ဆိုသည်။
“စုံစမ်းစစ်ဆေးဆဲအဆင့်ပဲ ဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်က ဘာမှ သွားပြောလို့ မရသေးဘူးပေါ့။ ကျွန်တော်တို့ သိသလောက်တော့ တပ်မတော်ဦးစီးချုပ်ရုံးဘက်က စုံစမ်းတယ်။ ကျွန်တော်တို့ အဲ့ဒီလောက်ထိပဲ ပြောနိုင်ပါသေးတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက သတင်းထောက်များကို မည်သည့် ရည်ရွယ်ချက်ဖြင့် ထိန်းသိမ်းစေကာမူ လက်ခံနိုင်စရာမရှိဟု ဆိုသည်။
“သတင်းထောက်ဆိုတာ သူ့အသက်ကို ရင်းပြီး သွားရတာလေ။ သတင်းထောက်တွေ လွတ်မြောက်ရေးအတွက်တော့ အကောင်းဆုံး နည်းလမ်းရှာပြီးတော့ လုပ်ရမှာပဲ” ဟု ဦးဂျင်မီက ပြောသည်။
မီဒီယာကောင်စီ၏ ပါဝင်မှု
စာရေးဆရာမ သွေး (စစ်ကိုင်း) က ဒီမိုကရေစီဖော်ဆောင်နေသည့် နိုင်ငံ၊ ပြည်သူရွေးချယ် တင်မြှောက်ထားသည့် အစိုးရလက်ထက်တွင် ဤဖြစ်စဉ်မျိုး မဖြစ်သင့်ဟု သုံးသပ်သည်။
“ကျွန်မလည်း ပြည်သူတစ်ယောက်ဖြစ်တဲ့အတွက် ပြည်သူအနေနဲ့သတင်းသိပိုင်ခွင့်ရှိတယ်။ ပြည်သူတွေရဲ့သတင်းသိပိုင်ခွင့်အတွက် သတင်းထောက်ကလည်း သတင်းရှိတဲ့နေရာကို သွားမှာပဲလေ။ သတင်းထောက်တွေက သူတို့အလုပ်ကို သူတို့လုပ်တယ်လို့မြင်တယ်” ဟု စာရေးဆရာမက ပြောသည်။
ဖမ်းဆီးခဲ့သည့် အဖွဲ့အစည်း၊ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ၊ ပြန်ကြားရေးဝန်ကြီးဌာနတို့အနေဖြင့် ကြားဝင်ဖြေရှင်းပေးသင့်ကြောင်းလည်း သူက မှတ်ချက်ပြုသည်။
တိုင်းရင်းသားဒေသသို့ သွားရောက်သတင်းယူသူကို ဖမ်းဆီးခြင်းသည် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို အဟန့်အတားဖြစ်စေမည်ဟု မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က သုံးသပ်သည်။
“မီဒီယာက တိုင်းရင်းသားလက်နက်ကိုင်နဲ့ပတ်သက်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်တဲ့ သတင်းတွေ လက်ရှောင်ရင် သက်ဆိုင်တဲ့သူ အားလုံး အကျိုးယုတ်မှာပါ။ အစိုးရလည်း တိုင်းရင်းသား လက်နက်ကိုင်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ သိခွင့် ပိုနည်းသွားလိမ့်မယ်။ လူထုလည်း မသိတော့ဘူး” ဟု ဦးမြင့်ကျော်က ဆိုသည်။
ကောင်စီအနေဖြင့် တပ်မတော်နှင့် တိုက်ရိုက်ဆက်သွယ်ရန် ကြိုးစားပြီး သတင်းသမားများကို အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ဤအတောအတွင်း သတင်းသမားများကို ဖမ်းဆီးခြင်းနှင့် ပတ်သက်ပြီး သတင်းမီဒီယာအဖွဲ့အစည်းများ ၊ အရပ်ဖွဲ့အစည်းများက ကြေညာချက်ထုတ်ပြီး ကန့်ကွက်နေကြသည်။