
ရန်ကုန် – လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၂ နေရာ၊ ကချင်ပြည်နယ်လွှတ်တော် ၂ နေရာ၊ ရှမ်းပြည်နယ် လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီး ၁ နေရာအတွက် အနိုင်ရခဲ့သည်။
ပါတီ၏ အထွေထွေအတွင်းရေးမှူး၊ ၃၆ နှစ်အရွယ် ရှေ့နေ ဦးလာမာလေးသည် ကချင်ပြည်နယ် ဆော့လော်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ အရွေးခံရခြင်း ဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း Myanmar Now က ဆက်သွယ်မေးမြန်းစဉ် ဦးလာမာလေးက ပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတက ရွေးချယ်ခြင်းမပြုဘဲ ပြည်နယ်လွှတ်တော်က ရွေးချယ်သင့်ကြောင်း မှတ်ချက်ပေးသည်။ ဒုက္ခသည်၊ ငြိမ်းချမ်းရေး၊ ကချင်ဒေသ၊ လီဆူတိုင်းရင်းသားအရေးတို့နှင့် ပတ်သက်သည့် ဆက်သွယ်မေးမြန်းချက်ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။
မေး – ဦးလာမာလေးက လီဆူတိုင်းရင်းသားဖြစ်ပေမဲ့ ကချင်ပြည်နယ်၊ ဆော့လော်မြို့မှာ ဘာကြောင့် အနိုင်ရတာလဲ။ အဲဒီမှာ လီဆူက အများစုလား။
ဖြေ – အဲဒီဒေသမှာ လူဦးရေ ၆,ဝဝဝ ကျော်ရှိပါတယ်၊ မဲပေးနိုင်တဲ့ အရေအတွက်က ၃,၈ဝဝ ပါ၊ အဲဒီထဲမှာမှ လီဆူလူမျိုးက ၁,၄ဝဝ ပါ။ ဒေသခံတွေက သူတို့အခက်အခဲတွေကို လွှတ်တော်ကို တင်ပေးနိုင်မယ်ထင်ပြီး မဲပေးခဲ့တာမို့လို့ကျွန်တော် အနိုင်ရရှိခဲ့တာလို့ယုံကြည်ပါတယ်။ ပါတီအနေနဲ့ပြောမယ်ဆိုရင် အခြားပါတီတွေနဲ့ ယှဉ်လို့မရပါဘူး။ ကျွန်တော်တို့က ပါတီငယ်လေးပါပဲ။
မေး – လွှတ်တော်မှာ အဓိက ဘယ်အကြောင်းအရာတွေကို ဆွေးနွေးသွားမလဲ။
ဖြေ – ကချင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ဒုက္ခသည်ကိစ္စရယ်၊ ငြိမ်းချမ်းရေးကိစ္စရယ်၊ ဆော့လော်မြို့နယ် ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ပညာရေး၊ ကျန်းမာရေး၊ နောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေထဲက တချို့ဥပဒေတွေကို ပြင်ဆင်ဖို့အတွက်လည်း ဆွေးနွေးသွားမှာပါ။
မေး – အခြေခံဥပဒေရဲ့ ဘယ်ပုဒ်မတွေကို ပြင်ဆင်သင့်တယ်လို့ ထင်ပါသလဲ။
ဖြေ – ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်ကပဲ ရွေးချယ်သင့်ပါတယ်။ သမ္မတကနေ တိုက်ရိုက်ခန့်တဲ့ စနစ်ကို လုံးဝ မကြိုက်ပါဘူး၊ ပြင်သင့်ပါတယ်။ တခြားဥပဒေနဲ့ပတ်သက်ရင်တော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ပြစ်ဒဏ်တွေကိုလည်း ပြင်ချင်ပါတယ်။ ပုဒ်မ ၁၅ က သုံးစွဲတဲ့ အမှု။ ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် သုံးစွဲရင် ထောင် ငါးနှစ်ချတယ်။ ကလေးတွေကျတော့ ပြုပြင်ထိန်းကျောင်းနိုင်အောင် ပြစ်ဒဏ်လျှော့သင့်ပါတယ်။ လူငယ်ဆိုတာက အနာဂတ်ရဲ့ခေါင်းဆောင်တွေပါ။
မေး – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အလားအလာ ဘယ်လိုရှိမယ်ထင်ပါသလဲ။
ဖြေ – လက်နက်ကိုင်အဖွဲ့အစည်းတော်တော်များများက အရင်အစိုးရထက်စာရင် NLD အစိုးရကို ပိုပြီးတော့ မျှော်လင့်တဲ့ပုံစံကို ကျွန်တော်မြင်နေရပါတယ်။ တပ်မတော်က လက်ရှိအသစ်တက်လာမယ့် အစိုးရနဲ့အတူ လက်တွဲပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး တိုးတက်ဖို့လုပ်မလား၊ မလုပ်ဘူးလား ဆိုတဲ့ အပိုင်းကို စောင့်ကြရဦးမှာဆိုတော့ ပြောဖို့တော့ ခက်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ မျှော်လင့်ထားသလို ဖြစ်မလာရင်တော့ တိုက်ပွဲကတော့ ဆက်ဖြစ်နေအုံးမှာပဲ။ အစိုးရနဲ့စစ်တပ် ညှိနှိုင်းဆောင်ရွက်မယ်ဆိုရင်တော့ တိုက်ပွဲဖြစ်ပွားမှု လျော့နည်းလာမှာပါ၊ ညှိနှိုင်းမလုပ်ဘူးဆိုရင်တော့ တိုက်ပွဲ ပိုဖြစ်လာနိုင်တယ်။
မေး – ကချင်ပြည်နယ်မှာ ရှိတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့အခြေအနေဘယ်လိုရှိလဲ။
ဖြေ – အစိုးရ ထိန်းချုပ်မှုနယ်မြေမှာရှိတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို NGO အဖွဲ့အစည်းတွေက ထောက်ပံ့နေပါတယ်။ အစိုးရ ထိန်းချုပ်မှုအောက်မှာ မရှိတဲ့သူတွေကျတော့ ကိုယ်ဘာသာကိုယ် ရပ်တည်နေရတာကို တွေ့ရပါတယ်၊ အဲဒီနေရာတွေကို NGO အဖွဲ့အစည်းတွေက မသွားရဲသလို အစိုးရကလည်း လုံခြုံရေးမယူပေးနိုင်ပါဘူး၊ ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို အစိုးရကရော အရပ်ဘက်အဖွဲ့အစည်းတွေကရော ပြည့်ပြည့်ဝဝ မထောက်ပံ့ပေးနိုင်တာကို တွေ့ရပါတယ်။ အမြန်ဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်၊ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုး၊ အဲဒါမှပဲ နေရပ်ကိုပြန်နိုင်မှာပါ။ ဒီပုံစံအတိုင်းပဲဆိုရင်တော့ ဘယ်လိုမှ နေရပ်ကို ပြန်နိုင်မှာ မဟုတ်ပါဘူး။
မေး – အစိုးရသစ်လက်ထက် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရာမှာ ဘယ်လိုအခက်အခဲတွေ တွေ့နိုင်လဲ။ အောင်မြင်နိုင်ပါမလား။
ဖြေ – တရားဥပဒေစိုးမိုးမှုရှိအောင် လက်နက်ကိုင်တဲ့ အဖွဲ့တွေက ဝိုင်းဝန်းကူညီရပါမယ်။ လက်နက်ကိုင်တဲ့ အဖွဲ့အစည်းထဲမှာ ရဲလည်း ပါမယ်၊ ပြည်သူ့စစ်အဖွဲ့တွေလည်း ပါမယ်၊ နယ်ခြားစောင့်တပ် အဖွဲ့တွေလည်းပါမယ်၊ အားလုံးက သူ့နေရာနဲ့သူ အလုပ်လုပ်ကြမယ်၊ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ထိန်းကျောင်းမယ်ဆိုရင်တော့ တရားဥပဒေစိုးမိုးမှု ရှိလာနိုင်မှာပါ။ တရားရေးလောက တရားရေးဌာနတွေက သူတို့ရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ လွတ်လွတ်လပ်လပ်လုပ်နိုင်မှပဲ တရားဥပဒေစိုးမိုးမှု ရှိနိုင်မယ်လို့ မြင်ပါတယ်။
မေး – အစိုးရ အသစ်က ဘယ်ကိစ္စတွေကို ဦးစားပေးလုပ်ဆောင်သင့်တယ်လို့ ယူဆပါသလဲ။
ဖြေ – တိုင်းရင်းသားရင်ကြားစေ့ရေးကိစ္စကို အဓိက လုပ်ဆောင်သင့်ပါတယ်။ ထာဝရငြိမ်းချမ်းရေးရအောင် လုပ်ဆောင်သင့်ပါတယ်။ လက်နက်ကိုင်တဲ့ အဖွဲ့အစည်းတွေကလည်း မဖြစ်နိုင်တဲ့ အရာတွေကိုတော့ မတောင်းဆိုပါနဲ့။ ဥပမာပြောရရင် ကရင်မို့လို့ ကရင်လူမျိုးအတွက်ပဲ အခွင့်အရေးတောင်းဆိုတာမျိုး မဖြစ်သင့်ပါဘူး၊ ကရင်ပြည်နယ်မှာဆိုရင် အဲဒီမှာရှိတဲ့ တိုင်းရင်းသားအားလုံးအတွက် ကိုယ်စားပြုတောင်းဆိုမှုမျိုးပဲ ဖြစ်သင့်ပါတယ်။
မေး – ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ပြည်ထောင်စု အစိုးရ၊ ပြည်နယ်အစိုးရတွေက လီဆူတိုင်းရင်းသားတွေအတွက် ဘာတွေ လုပ်ပေးခဲ့သလဲ။
ဖြေ – ဦးသိန်းစိန်အစိုးရလက်ထက်မှာ ကျွန်တော်တို့လူမျိုးအတွက် သီးသန့်လုပ်ပေးခဲ့တာ ဘာမှမရှိပါဘူး။ အစိုးရ အသစ်လက်ထက်မှာ ကချင်ပြည်နယ်မှာ ဆိုရင် ချီဖွေ၊ ဆော့လော်၊ ခေါင်လန်ဖူး၊ ပူတာအို၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ တနိုင်းစတဲ့ ဒေသတွေမှာဆိုရင် တရားဥပဒေစိုးမိုးမှုရှိအောင်ပြုလုပ်ပေးသင့်ပါတယ်။ ဆော့လော်မှာဆိုရင် ပြည်သူ့စစ်က နှစ်ဖွဲ့တောင် ရှိပါတယ်။ အစိုးရတပ်မတော်အဖွဲ့ရှိတယ်။ KIA အဖွဲ့တွေ ရှိပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ခြိမ်းခြောက်မှုအောက်က လွတ်ပြီးတော့မှ ဒီမိုကရေစီစံနှုန်းအတိုင်း မိမိရဲ့လွတ်လပ်ပိုင်ခွင့်ကို အပြည့်အဝ ရရှိစေချင်ပါတယ်။ ဖွံ့ဖြိုး တိုးတက်မှု တော်တော်လေး နိမ့်ကျပါတယ်။ အဲဒီဘက်မှာ ကတ္တရာလမ်းဆိုတာ မရှိပါဘူး။ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အနေအထားနဲ့ပြောမယ်ဆိုရင် မိုးနဲ့မြေလောက်ကို ကွာပါတယ်။ ပညာရေးမှာ ၃ တန်းတက်နေတဲ့ ကလေးက မြန်မာစကားကို မတတ်သေးပါဘူး။ ကျန်းမာရေးအပိုင်း ပြောမယ်ဆိုရင်လည်း ယင်လုံအိမ်သာတောင် မသုံးတတ်ကြ၊ မဆောက်တတ်ကြပါဘူး။ ဖုန်းလိုင်း မရပါဘူး။ ရှမ်းပြည်နယ်နဲ့မန္တလေးတိုင်းမှာ ရှိတဲ့ လီဆူလူမျိုးတွေ မှတ်ပုံတင်မရတဲ့ ကိစ္စတွေကိုလည်း အစိုးရအသစ်အနေနဲ့ ကူညီဖြေရှင်းပေးစေချင်ပါတယ်။ မှတ်ပုံတင်မရဘူးဆိုတာ မွေးရာပါ နိုင်ငံသားအခွင့်အရေးကို ဆုံးရှုံးတဲ့ သဘောပါပဲ။
မေး – ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားလက်နက်ကိုင်တွေတပ်တွေထဲမှာ လီဆူတိုင်းရင်းသားတွေ ပါသလား။
ဖြေ – အနည်းအကျဉ်းတော့ ပါပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆန္ဒမပါပေမဲ့လဲ တချို့လက်နက်ကိုင်အဖွဲ့အစည်းတွေ တပ်သားစုဆောင်းပြီဆိုရင် သွားရတယ်။ အစ်ကိုက မသွားရင် ညီကို ဖမ်းထားမယ်။ ညီရော အစ်ကိုရော မသွားဘူးဆိုရင် မိဘတွေကို ဒဏ်ပေးတာမျိုးတွေ ပြုလုပ်ပါတယ်။ သူတို့ဆန္ဒမပါလည်း တပ်သားစုဆောင်းခံရပါတယ်။
မေး – မြန်မာပြည်မှာ အစ္စလာမ်နဲ့ ဟိန္ဒူဘာသာဝင် အများအပြားရှိပေမယ့် လွှတ်တော်အသီးသီးမှာ အဲဒီဘာသာဝင်တွေ တစ်ယောက်မှ မပါတာနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။
ဖြေ – မွတ်စလင်ဖြစ်စေ၊ ဟိန္ဒူဖြစ်စေ နိုင်ငံသားတိုင်း ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ပြည့်ပြည့်ဝဝ ရစေချင်ပါတယ်။ ဒီနိုင်ငံမှာ မွေးလျက်သားနဲ့ နိုင်ငံသားအခွင့်အရေးကို မရဘူးဆိုရင်တော့ ဒီမိုကရေစီ မဟုတ်တော့ပါဘူး။ ဘာလူမျိုးပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံသားမှန်ရင် ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ရသင့်ပါတယ်။
မေး – တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် အရေအတွက်က နည်းတယ်ဆိုတော့ လွှတ်တော်မှာ တိုင်းရင်းသားအရေးကိစ္စတွေကို ဦးစားပေး ဆွေးနွေးနိုင်ပါ့မလား။
ဖြေ – ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းရင်းသားရင်ကြားစေ့ရေးကို လက်တွေ့ အကောင်အထည်ဖော်မယ် လို့ ပြောပါတယ်။ ဘယ်လိုဖြစ်လာမလဲဆိုတာကတော့ စောင့်ကြည့်ရမယ့် အနေအထားပါ။
မေး – ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ဘာတွေက အဟန့်အတားဖြစ်နေတယ်လို့ ယူဆပါသလဲ။
ဖြေ – အဓိက အဟန့်အတားကတော့ မဟာလူမျိုးကြီးဝါဒလို့ မြင်ပါတယ်။ ငါ့လူမျိုးပဲ တိုးတက်ရမယ်လို့ နိုင်ငံ့ခေါင်းဆောင်ပိုင်းမှာ အဲဒီလိုဖြစ်နေ၊ အဲဒီလိုစိတ်ဓာတ်ရှိနေသရွေ့တော့ ဘယ်တော့မှ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းနိုင်မှပဲ ဖက်ဒရယ်ပြည်ထောင်စုကို ဖွဲ့စည်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ တော်တဲ့၊ တတ်တဲ့ လူတွေနဲ့ ဦးစားပေးဖွဲ့စည်းရပါမယ်။ ငါ့လူမျိုးပဲ ရှိရမယ်ဆိုတဲ့ စိတ်တွေနဲ့ မဖွဲ့စည်းသင့်ပါဘူး။ လူငယ်တွေကိုလည်း ဦးစားပေးပြီး ရွေးချယ်သင့်ပါတယ်။ ။