
ရန်ကုန် – တပ်မတော်က ရှမ်းပြည်နယ် သီပေါထောင်ရောက် သတင်းသမား သုံးဦးနှင့် ၎င်းတို့၏အမှုတွဲ အရပ်သားတစ်ဦးကို တရားစွဲထားမှု ပြန်ရုပ်သိမ်းသည့် စက်တင်ဘာ ၁ ရက်နေ့တွင် သီပေါမြို့နယ် တရားရုံးက ၎င်းတို့ကို အာမခံဖြင့် ပြန်လွှတ်ပေးလိုက်သည်။
ရုံးလုပ်ထုံးလုပ်နည်းနှင့် စာရွက်စာတမ်းကိစ္စရပ်များ ဆောင်ရွက်ရန် ကျန်နေသေးသောကြောင့် အမှု လုံးဝ ပြီးဆုံးရန် အချိန်အနည်းငယ်ယူရဦးမည်ဟု တရားစွဲခံရသူများဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးဖြစ်သူ ဦးသန်းဇော်က ပြောသည်။
“မြို့နယ်ဥပဒေရုံးက အမှုရုပ်သိမ်းတဲ့စာက ခရိုင်ကို တင်ပြရဦးမှာ ဖြစ်တဲ့အတွက် စက်တင်ဘာလ ၄ ရက်နေ့ကျရင်တော့ တရားရုံးကို ပြန်သွားရအုံးမှာပါ” ဟု သူကဆိုသည်။
မြို့နယ်တရားရုံးသည် သတင်းသမားတို့၏ အာမခံလျှောက်ထားမှုကို ယခင်က အကြိမ်ကြိမ် ပယ်ချခဲ့သည်။
တပ်မတော်က တရားစွဲထားသူများအနက် သတင်းသမားများအပါအဝင် ပုဂ္ဂိုလ် ၈ ဦးအပေါ် စွဲဆိုထားသည့် အမှုများကို ရုပ်သိမ်းကြောင်း တပ်မတော်က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ စက်တင်ဘာလ ၁ ရက်နေ့တွင် အသိပေးထားသည်။
DVB သတင်းဌာနမှ ဦးအေးနိုင်၊ ဦးပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်းဌာနမှ ဦးသိန်းဇော်(ခ) လဝီဝမ်တို့သည် ဇွန်လ ၂၆ ရက်နေ့က တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA လှုပ်ရှားရာနယ်မြေအတွင်း ကျင်းပခဲ့သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အခမ်းအနားကို သွားရောက်သတင်းယူပြီး အပြန်တွင် တပ်မတော်က ဖမ်းဆီးပြီး မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲခဲ့သည်။ ၎င်းတို့၏ မော်တော်ယာဉ်တွင် ပါဝင်သော အရပ်သားတချို့လည်း ဖမ်းဆီးခံခဲ့ရသည်။
မူးယစ်ဆေးမီးရှို့ပွဲကို ဝန်ထမ်းတချို့အပါအဝင် အရပ်သား ၂,ဝဝဝ ခန့် တက်သော်လည်း ၎င်းတို့သာ အဖမ်းခံရခြင်း ဖြစ်သည်။
အများသူငါ သွားလာနိုင်သည့် နေရာသို့ သွားရောက်သတင်းယူသည့် သတင်းသမား ၃ ဦးကို အရေးယူထားခြင်းမှာ သင့်လျော်မှု မရှိကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သြဂုတ် ၁၄ ရက်နေ့တွင် ပြောခဲ့သည်။



