
မြန်မာနိုင်ငံတွင် လူမျိုးရေးရှင်းလင်းမှုများ ဖြစ်ပွားနေကြောင်း ပြောကြားထားသည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ဂလုံခြုံရေးကောင်စီသို့ စက်တင်ဘာ ၂၈ တွင် တွေ့ဆုံပြောကြားသွားမည်ဟု သိရသည်။
လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံအနက် ဆွီဒင်၊ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ အီဂျစ်၊ ဆီနီဂေါ၊ ကာဇက်စတန် နိုင်ငံတို့က ဆွေးနွေးပွဲခေါ်ယူရန် တောင်းဆိုထားခြင်းဖြစ်သည်။
ဆွေးနွေးပွဲမတိုင်မီ ပြင်ဆင်မှုအဖြစ် ကုလသမဂ္ဂနိုင်ငံရေးဆိုင်ရာ အကြီးအကဲ ဂျက်ဖာရီဖတ်မင်းက အင်္ဂါနေ့တွင် လုံခြုံရေးကောင်စီ၏ တံခါးပိတ်အစည်းအဝေးတွင် အကျဉ်းချုပ် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သံတမန်အသိုင်းအဝိုင်းက ပြောကြားသည်။
အဆိုပါအကြမ်းဖက်မှုများ ပြီးဆုံးစေရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ထိရောက်လျင်မြန်သည့် လုပ်ငန်းများဆောင်ရွက်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က လိုလားကြောင်း ဒုသမ္မတမိုက်ပန့်စ်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြောကြားသည်။
လုံခြုံရေးကောင်စီအနေဖြင့် ရိုဟင်ဂျာပြဿနာအတွက် တံခါးပိတ်အစည်းအဝေး နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ယင်းပြဿနာကို ရှုတ်ချကြောင်းနှင့် မြန်မာအာဏာပိုင်များအနေဖြင့် ပြဿနာဖြစ်ပွားမှုကို အဆုံးသတ်နိုင်အောင် ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ဖော်ပြထားသည့် အလွတ်သဘော ကြေညာချက်တစ်စောင်ကို ယခုလအစောပိုင်းက ထုတ်ပြန်ခဲ့သည်။
အခြေအနေ တိုးတက်လာခြင်းမရှိပါက လုံခြုံရေးကောင်စီအနေဖြင့် တရားဝင်ကြေညာချက်တစ်စောင် ထုတ်ရန် စဉ်းစားသင့်ကြောင်း သံတမန်များက ပြောကြားထားသော်လည်း ပြင်းထန်သည့် အရေးယူ ဆောင်ရွက်မည့် အစီအစဉ် လုပ်ဆောင်လာပါက တရုတ်နှင့် ရုရှားတို့က ဗီတိုအာဏာသုံး ကန့်ကွက်သွားဖွယ်ရှိသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် အရေးယူသည့်ကြေညာချက် ထုတ်ပြန်နိုင်ရန် ထောက်ခံမဲ ၉ မဲလိုမည့်အပြင် ရုရှား၊ တရုတ်၊ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ် အစရှိသည့် အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံတို့က ဗီတိုအာဏာဖြင့် မပယ်ချရန်လည်း လိုအပ်မည်ဖြစ်သည်။
ကုလသမဂ္ဂ၏ အရေးယူမှုများ ဖြစ်ပေါ်မလာစေရန် ဗီတိုအာဏာသုံးခွင့်ရှိသည့် တရုတ်၊ ရုရှားတို့နှင့် ဆွေးနွေးမှုများ မြန်မာအစိုးရက ယခုလအစောပိုင်းအတွင်း လုပ်ဆောင်နေကြောင်း သိရသည်။