
ရန်ကုန် — ထိုင်းနိုင်ငံတောင်ပိုင်း ခိုထောင် (ခေါ်) လိပ်ကျွန်းတွင် ၂၀၁၄ ခုနှစ်က အသတ်ခံခဲ့ရသည့် ဗြိတိန်နိုင်ငံသား နှစ်ဦးအတွက် အပြစ်ရှိသည်ဟု ဆုံးဖြတ်ကာ သေဒဏ် ချမှတ်ခံထားရသူ မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး၏ နောက်ဆုံးအယူခံ ပလပ်ခံရပါက ထိုင်းဘုရင့်မိသားစုထံ အသနားခံစာ တင်မည်ဟု ထိုအမှုအတွက် ကူညီဆောင်ရွက်ပေးနေသော အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့၌ မေ ၁ဝ ရက်နေ့တွင် ကျင်းပသည့် လိပ်ကျွန်းနှင့်ရနောင်း လူသတ်မှု နောက်ဆုံးအခြေအနေ သတင်းစာရှင်းလင်းပွဲတွင် ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးအတွက် လိုက်ပါဆောင်ရွက်နေသည့် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ အလုပ်သမားရေးရာဌာန မှတ်တမ်းတာဝန်ခံ ဦးမင်းဦးက ပြောခြင်းဖြစ်သည်။
“တရားရုံးအဆင့်အနေနဲ့ကတော့ အခုအယူခံဝင်တာက နောက်ဆုံးအဆင့်ဆိုပေမယ့် ကျွန်တော်တို့က ထိုင်းဘုရင် တော်ဝင်မိသားစုကို အသနားခံစာတင်လို့ ရသေးတယ်ပေါ့နော်။ ဒါပေမယ့် အဲဒီလောက်အထိလည်း မဖြစ်ဘူးလို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ရှေ့နေတွေကတော့ ပြင်ဆင်ထားတာပေါ့နော်။ တကယ်လို့များ အယူခံကို ပလပ်လိုက်ရင် တော်ဝင်မိသားစုကို အသနားခံစာတင်တဲ့အဆင့်ကို ဆက်သွားရမှာပဲပေါ့”ဟု ဦးမင်းဦး က ဆိုသည်။
ယင်းနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံရှေ့နေများကောင်စီအပါအဝင် မြန်မာအလုပ်သမားများဘက်မှ ကူညီဆောင်ရွက်ပေးနေသူများက စာမျက်နှာပေါင်း ၃၁၉ မျက်နှာပါရှိသည့် အယူခံလွှာကို ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့တွင် ထိုင်းနိုင်ငံ၏ အမြင့်ဆုံးတရားရုံးချုပ်သို့ တင်သွင်းခဲ့သည်။
တရားလိုဘက်က ယင်းအယူခံလွှာကို ချေပလျှောက်လဲသည့် အယူခံကို ပြီးခဲ့သည့် မတ်လက တရားရုံးသို့ တင်သွင်းခဲ့ပြီး အဆိုပါအယူခံလွှာကို စတင်စစ်ဆေးနေပြီဖြစ်သောကြောင့် မကြာမီ အပြီးသတ် အမိန့်ချနိုင်မည်ဟု မျှော်လင့်ထားကြောင်း၊ ထိုင်းနိုင်ငံ၏ ပုံမှန်တရားရုံး လုပ်ထုံးလုပ်နည်း အရဆိုလျှင် နောက်ဆုံးအဆင့် အယူခံအမိန့်ချရန်မှာ သုံးလမှ သုံးနှစ်အထိ ကြာမြင့်နိုင်ကြောင်း မြန်မာအလုပ်သမား နှစ်ဦး၏ ရှေ့နေ ဦးအောင်မျိုးသန့်က မီဒီယာများသို့ မတ်လက ဖြေကြားခဲ့သည်။
ဗြိတိန်နိုင်ငံသား ခရီးသွားများဖြစ်သော ဒေးဗစ် မေလာ (၂၄ နှစ်) နှင့် ဟန်နာ ဝီသာရစ်ချ် (၂၃ နှစ်) တို့ကို ထိုင်းနိုင်ငံ စူရတ်ဌာနီ ခရိုင်ရှိ ခိုထောင်ကျွန်းပေါ်၌ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် သေဆုံးလျက် တွေ့ရှိခဲ့ကြရပြီး ယင်းလူသတ်မှုအတွက် ထိုကျွန်း၌အလုပ်လုပ်နေသော ယခုအသက် ၂၅ နှစ်အရွယ် ကိုယ်စီရှိသည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို ကော့စမွီခရိုင်တရားရုံးက လူသတ်မှု၊ မုဒိမ်းမှု၊ ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်မှု အပါအဝင် ပုဒ်မ ခုနစ်ခုဖြင့် အပြစ်ရှိသည်ဟု ၂၀၁၅ ဒီဇင်ဘာလတွင် ဆုံးဖြတ်ကာ သေဒဏ် ချမှတ်ခဲ့သည်။
ကာယကံရှင်နှစ်ဦးကမူ အပြစ်ရှိကြောင်း ရဲထံ ဖြောင့်ချက်ပေးခဲ့ခြင်းသည် ညှဉ်းပန်းနှိပ်စက်ခံရခြင်းကြောင့် ဖြစ်သည်ဟု နောက်ပိုင်းတွင် တရားရုံးသို့ ထွက်ဆိုခဲ့ခြင်း၊ ယခုအမှုတွင် သံသယဖြစ်ဖွယ်အချက်များ တွေ့ရှိရခြင်းတို့ကြောင့် ၎င်းတို့နှစ်ဦး၏ ရှေ့နေများက သေဒဏ်ဆုံးဖြတ်ချက်အတွက် အမြင့်ဆုံးအဆင့်ရောက်သည်အထိ အဆင့်ဆင့် အယူခံတက်ခဲ့သည်။
လက်ရှိအချိန်တွင် ကိုဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို နွန်ထပူရီခရိုင် ဘန်ခွမ်အကျဉ်းထောင်တွင် အကျဉ်းချထားသည်။