
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာမှ နေအိမ်အလုံး ၉၀ ကျော်ကို မတ်လ ၆ ရက်တွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလိုက်သည်ဟု မြောင်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ (CDSOM) က ပြောသည်။
ချောင်းဆင်းရွာရှိ အိမ် ၇၄ လုံး၊ ရသစ်ကျေးရွာရှိ အိမ် ၁၇ လုံး၊ CDSOM နှင့် မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ (Myinmu Civil Revolution Force) တို့၏ စခန်းနှစ်ခု မီးလောင်သွားသည်ဟု CDSOM ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ ထိုစခန်းများကို မြစ်တစ်ဖက်ကမ်း မြင်းခြံခရိုင်အတွင်း ခြေကုပ်ယူထားသော အင်အား ၃၀၀ နီးပါး ပါဝင်သည့် စစ်ကောင်စီတပ်က သုံးဖွဲ့ခွဲ၍ စီးနင်းခဲ့ခြင်းဖြစ်သည်။
တိမ်းရှောင်နေရသည့် မီးဘေးဒုက္ခသည် ဒေသခံများထံ Myanmar Now က ဆက်သွယ်၍ မရသေးပါ။
စခန်းစီးနင်းသည့်တပ်က ဒရုန်းဖြင့်လည်း ဗုံးသီးကြဲချသည်၊ CDSOM ၏ တိုက်ခိုက်ရေးအဖွဲ့ခေါင်းဆောင်၏ ဦးခေါင်းအနီး ဗုံးသီးစ ထိမှန်သည်၊ ဒဏ်ရာရရှိသူ အခြားနှစ်ဦးအနက် တစ်ဦးမှာ ဦးခေါင်းဒဏ်ရာကြောင့် အရေးပေါ်အခြေအနေ ဖြစ်နေသည်ဟု သိရသည်။
စစ်ကောင်စီ၏ ဝါဒဖြန့် အွန်လိုင်းမီဒီယာအချို့တွင်မူ ထိုစခန်းနှစ်ခုမှ PDF များ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်းနှင့် စခန်းအတွင်းရှိ အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားသည်။
CDSOM ၏ ပြန်ကြားရေးတာဝန်ခံက စစ်ကောင်စီတပ်ရင်း ၂ ရင်းစာ အင်အားရှိ စစ်ကြောင်းများ စီးနင်းစဉ် စခန်းများအတွင်းရှိ လက်လုပ်စိန်ပြောင်း ၂ ခု၊ လက်လုပ်လက်ပစ်ဗုံး ၃ လုံး၊ လက်လုပ် (၁၂ ဗို့) သေနတ် ၁ လက်၊ ကျည်ဆန်များ၊ ကွန်ပျူတာပစ္စည်းအချို့ ပျက်စီးသွားကြောင်း ပြောသည်။
ထို့ပြင် ၎င်းတို့အဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ကူညီခြင်းမရှိဟု ပြောသည်။
“အရေးကြီးလက်နက်တွေတော့ မပါသွားဘူး။ ဒါပေမဲ့ ကျွန်မတို့အဖွဲ့ကို ဒေသကာကွယ်ရေးအဖွဲ့ဖြစ်နေလို့ MOD တပ်ရင်းတွေက မကူညီကြပါဘူး။ အခု စခန်းနှစ်ခုလုံး အကုန်ပြာကျကုန်တော့ အစကနေ ပြန်စရမယ်” ဟု သူက ပြောသည်။
CDSOM မှာ မြောင်မြို့နယ်အတွင်းရှိ စစ်ရှောင်များနှင့် စစ်ရှောင်ကျောင်းသားများ၏ ပညာရေးကို အဓိကကူညီနေသည့် အဖွဲ့လည်းဖြစ်သည်။
MOD ၏ အတွင်းဝန် ဦးနိုင်ထူးအောင်ကမူ PDF တပ်ရင်းတပ်ဖွဲ့မဖြစ်သေးသည့် အဖွဲ့များကို ဆောင်ရွက်သည့် စစ်ဆင်ရေးများအပေါ် မူတည်၍ ထောက်ပံ့ခဲ့ဖူးသည်ဟု Myanmar Now ကို ပြောသည်။
မြောင်မြို့နယ်တွင် ၂၀၂၂ ဒီဇင်ဘာ ၁၁ ရက်နေ့က စစ်ကောင်စီ စစ်ကြောင်းဝင်ပြီးနောက် ဖွားစော၊ ကတုတ်ကုန်းနှင့် လှေတင်ဦး ကျေးရွာသုံးရွာရှိ အိမ်ခြေ ၄၀ မီးလောင်ကျွမ်းခဲ့ပြီး ဒေသခံ ၈,၀၀၀ ကျော် စစ်ဘေးရှောင်ခဲ့ရဖူးသည်။
စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ မြောင်မြို့နယ်အတွင်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသည့် အရပ်သားပြည်သူ ၄၆ ဦးကျော် ရှိနေပြီး၊ သတ်ဖြတ်ခံရသည့်အရေအတွက်မှာ ၂၅ ဦး ရှိလာပြီဖြစ်ကြောင်း CDSOM က ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)