
စစ်ကောင်စီက တိတ်တဆိတ်ကွပ်မျက်ခဲ့သည့် လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၏ ရွေးကောက်ပွဲအောင်နိုင်ရေး ကိုယ်စားလှယ်အဖြစ် တာဝန်ယူဖူးသူ နေပြည်တော်ဒေသခံ ဦးခင်မောင်တင့်မှာ ထောင်ကျနေစဉ် သေဆုံးသွားသည်။
မန္တလေးတိုင်း ရမည်းသင်းအကျဉ်းထောင်တွင် သွေးလေးဖက်နာ၊ အဆုတ်ကင်ဆာတို့ကို ရင်ဆိုင်နေရသူ အသက် ၆၀ အရွယ် ဦးခင်မောင်တင့်မှာ မတ်လ ၃ ရက်နေ့တွင် ရမည်းသင်းမြို့ ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ပြီး ယမန်နေ့ မတ်လ ၇ ရက်နေ့ ညနေပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
ဦးခင်မောင်တင့်သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရသည့် ဦးဖြိုးဇေယျာသော်၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ယူခဲ့သည်။
နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက်တွင် နေထိုင်သည့် ဦးခင်မောင်တင့်ကို စစ်ကောင်စီက ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် ထောင် ၅ နှစ်ချကာ ပျဉ်းမနားနှင့် မိုင် ၅၀ ကျော် ဝေးသည့် ရမည်းသင်းအကျဉ်းထောင်သို့ ပို့ဆောင်ချုပ်နှောင်ခဲ့သည်။
ဇနီးနှင့် အရွယ်ရောက်ပြီး သားနှစ်ဦး ကျန်ရစ်သည့် ဦးခင်မောင်တင့် သေဆုံးရသည့်အကြောင်း အသေးစိတ် မသိရသေးဘဲ ယနေ့ ညနေ ၃ နာရီအချိန် ရမည်းသင်းမြို့ သုသာန်တွင် သင်္ဂြိုဟ်မည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“စိတ်နေစိတ်ထား ကောင်းတယ်။ လူတကာကို ကူညီချင်စိတ်ရှိတယ်။ သိတဲ့အတိုင်းပဲ သူက ပျော်ပျော်ပါးပါး နေတတ်တဲ့သူမျိုး” ဟု ဦးခင်မောင်တင့်၏ မိတ်ဆွေ ပျဉ်းမနားမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာမတိုင်မီ ဦးခင်မောင်တင့် နေပြည်တော်အချုပ်ထောင်၌ ရှိနေချိန်၊ အချုပ်ထောင်အတွင်း သီးသန့်တရားခွင်ဖြင့် စစ်ဆေးခံနေရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ရုံးချိန်းတစ်ခုနှင့် ၎င်း၏ ရုံးထုတ် တိုက်ဆိုင်ချိန်တွင် ဦးခင်မောင်တင့်က အချုပ်ကားပေါ်မှ “အမေစု ကျန်းမာပါစေ” ဟု အော်ဟစ်ခဲ့၍ ရဲတပ်ဖွဲ့နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သေးသည်ဟု တရားရုံးနှင့် နီးစပ်သူထံမှ သိရသည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း ပြုလုပ်သည့် မဲဆွယ်ပွဲတစ်ခုတွင် NLD အမတ်လောင်းများဖြစ်သော ဦးမောင်မောင်ဆွေနှင့် ဦးကျော်မင်းလှိုင်ကို ‘နွား’ နှင့် ခိုင်းနှိုင်းကာ ခိုင်းနွားများကဲ့သို့ သဘောထားပြီး အလုပ်ခိုင်းကြရန် ဒေသခံလူထုကို ဦးခင်မောင်တင့်က ဟောပြောခဲ့ရာ နာမည်ကျော်ဖူးသည်။ ထိုရွေးကောက်ပွဲတွင် ဦးမောင်မောင်ဆွေနှင့် ဦးကျော်မင်းလှိုင်တို့ ရွေးကောက်ခံရသလို NLD ပါတီ အပြတ်အသတ်အနိုင်ရခဲ့သည်။
နောင် ငါးနှစ်အကြာ ၂၀၂၀ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်သည်အထိ NLD ထပ်မံအနိုင်ရချိန်တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီခေါင်းဆောင်များအပြင် ပါတီဝင်များ၊ အားပေးထောက်ခံသူများကိုပါ ဖမ်းဆီးနေသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်နှစ်အတွင်း ပါတီကိုယ်စားပြုလွှတ်တော် အမတ် ၈၀၊ ပါတီဝင် ၁၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း ထိုအထဲမှ အမတ် ၂ ဦး၊ ပါတီဝင် ၈၄ ဦးမှာ စစ်ကောင်စီက ဖမ်းဆီးထားစဉ် အသက်ဆုံးရှုံးခဲ့ရကြောင်း NLD က ယခုနှစ် ဇန်နဝါရီတွင် သတင်းထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်ထူထောင်သည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်လုပ်ငန်းတွင်လည်း ဦးခင်မောင်တင့်က တက်ကြွစွာပါဝင်ဖူးသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)