သတင်း

ဒေသတော်လှန်ရေးအဖွဲ့ဝင်များကို PDF တပ်ရင်းက ဖမ်းဆီးစစ်ဆေး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ကျေးရွာကာကွယ်ရေးအဖွဲ့ (ပကဖ) ခေါင်းဆောင် သေနတ်ပစ်ခံရပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ခရိုင်တပ်ရင်းက ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၁၅ ဦးကို ဖမ်းဆီးစစ်ဆေးနေသည်။

ယခုလ ၁၇ ရက်က ဝက်လက်မြို့နယ် ဆားတောင်ကြီးကျေးရွာမှ ပကဖခေါင်းဆောင် ဦးဆန်း သေနတ်ဖြင့် အပစ်ခံရကာ ပေါင်တွင် ဒဏ်ရာရရှိခဲ့သည်။ ထို့နောက် ဒေသအခြေစိုက် GZ Special Task Force အမည်ရ ဒေသခံတော်လှန်ရေးအဖွဲ့မှ အဖွဲ့ဝင်များ သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံရခြင်းဖြစ်သည်။

ရွှေဘိုခရိုင် PDF မှ တပ်ရင်းမှူးအမိန့်ဖြင့် GZ အဖွဲ့ဝင် ၉ ဦးကို စဖမ်းပြီးနောက် ၁၀ ဦး ထပ်အဖမ်းခံရကြောင်း၊ လေးဦးကိုသာ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

“ဆားတောင်ပကဖအဖွဲ့ဝင် ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီးတော့ GZ တပ်ဖွဲ့ဝင်တွေကို စစ်ဆေးချင်တယ်ဆိုလို့ (GZ အဖွဲ့) ခေါင်းဆောင်ကိုယ်တိုင်က ရဲဘော်တွေကို လွှတ်ပေးလိုက်တာ။ အဲ့ဒါကို ဖမ်းထားလိုက်တာ” ဟု ဝက်လက်နယ်အတွင်းရှိ တော်လှန်ရေးအဖွဲ့များနှင့် နီးစပ်သူ ကိုကေဂျေဆိုသူက ပြောသည်။

ဖမ်းဆီးခံထားရသူများ ရိုက်နှက်စစ်ဆေးခံရသည်ဟုလည်း ၎င်းက ဆိုသည်။

“အမှန်တရားအတွက် ပူးပေါင်းပေးလိုက်တာ။ ကျွန်တော်တို့လုပ်တာ မဟုတ်ဘူးဆိုပြီးတော့ သူတို့ စစ်ဆေးမေးမြန်းတာကို လွှတ်ပေးလိုက်တာ။ လွှတ်ပေးလိုက်တဲ့အချိန်မှာ ဘာထပ်လုပ်လဲဆိုတော့ GZ တပ်ဖွဲ့ဝင် နောက်ထပ် ၁၀ ဦးကို ထပ်ဖမ်းပြီးတော့ အချုပ်ခန်းထဲမှာ ထည့်ပြီးတော့ တစ်ယောက်ချင်း ခေါ်ထုတ်ပြီး ရိုက်နေတယ်” ဟု ကိုကေဂျေက ပြောသည်။

အဖွဲ့ဝင် ၉ ဦး ကနဦးဖမ်းဆီးခံရပြီးနောက် ထပ်စစ်ဆေးစရာရှိသည်ဟု ဆိုသဖြင့် ထပ်မံစေလွှတ်ခဲ့သည့် GZ အဖွဲ့ဝင် ၁၀ ဦးကိုပါ PDF တပ်ရင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ရွာပကဖခေါင်းဆောင်ကို ထိုအဖွဲ့က တိုက်ခိုက်ခဲ့၍ ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၂ အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို အတည်ပြုသည်။

“ဆားတောင်ကြီးကျေးရွာ ပကဖခေါင်းဆောင် ဦးဆန်းကို GZ အဖွဲ့ဝင်နှစ်ယောက်က GZ ရဲ့ စေခိုင်းမှုနဲ့ ချောင်းမြောင်းပစ်တဲ့ဖြစ်စဉ် ဖြစ်သွားတာပေါ့ဗျာ။ အမှုစစ်ပြီးတော့ ပလဖ (ပြည်သူ့လုံခြုံရေးတပ်ဖွဲ့) က ဖမ်းတယ်ပေါ့ဗျာ။ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်နေလို့ ကျွန်တော်တို့က သွားခေါ်ပေးတာပေါ့ဗျာ။ မြို့နယ်ပလဖကတော့ အမှုမှန်ပေါ်အောင် စစ်ဆေးနေတယ်၊ ကျူးလွန်သူကတော့ ကျသင့်ကျထိုက်တဲ့ ပြစ်ဒဏ်ကျမှာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

ပစ်ခတ်မှုကို GZ အဖွဲ့ခေါင်းဆောင်ကိုယ်တိုင်က စေခိုင်းခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ထားပြီး ဖမ်းခံရသူများက ဝန်ခံဖြောင့်ချက်ပေးထားကြောင်း၊ တချို့ကို ပြန်လွှတ်ပေးကြောင်းလည်း ဆိုသည်။

“တကယ်က (ဗိုလ်) GZ  ကိုယ်တိုင် လာဖြေရှင်းရမှာ။ သူကိုယ်တိုင်လည်း လာရောက်မဖြေရှင်းဘူး။ သူက ပြေးနေတယ်။ သူက ခိုင်းစေတယ် ထင်ရှားနေတော့ သူကိုယ်တိုင်လည်း တရားစွဲခံရမှာပဲ။ အမှုက ပေါ်သွားပြီ။ ဝန်ခံဖြောင့်ချက်ပေးတယ်။ ကျွန်တော်တို့ အရမ်းကာရော မလုပ်ဘူး” ဟု PDF တပ်ရင်း ၂ အဖွဲ့က ပြောသည်။

စတင်ဖမ်းဆီးချိန်၌ တစ်ဦးကို ချက်ချင်းပြန်လွှတ်ပေးခဲ့သည့်အပြင် ဖေဖော်ဝါရီ ၂၁ ရက်တွင် ၃ ဦး ပြန်လွှတ်ပေးခဲ့ကြောင်း၊ ယနေ့ (ဖေဖော်ဝါရီ ၂၃) တွင်လည်း ၁၁ ဦး ပြန်လွှတ်ပေးမည်ဟု သိရသည်။

“တရားဝင်ပတ်သက်မှုမရှိတဲ့ ၁၁ ယောက်ကို ဒီနေ့ ထပ်လွှတ်မှာ။ တိုက်ရိုက်သက်ဆိုင်တဲ့သူတွေကတော့ တရားဥပဒေအရ အရေးယူမှာ။ လက်ရှိကျန်နေတာကတော့ လေးယောက်” ဟု ယနေ့ ဆက်သွယ်မေးမြန်းစဉ် အထက်ပါ PDF တပ်ဖွဲ့ဝင်က ပြောသည်။​

ဆားတောင်ကြီးရွာ ပကဖခေါင်းဆောင် ပစ်ခတ်ခံရမှုမှာ ၎င်းတို့လက်ချက်မဟုတ်ကြောင်း GZ  အဖွဲ့ခေါင်းဆောင်က ငြင်းဆိုသည်။

“ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေက အဲဒီရွာမှာ မရှိဘူး။ အဲ့ဒါကို ဘာဖြစ်လို့ စစ်ဆေးချင်မှန်း မသိဘူး”

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းကလည်း ရွှေဘိုခရိုင် PDF တပ်ရင်းက GZ အဖွဲ့ဝင်တချို့ကို ဖမ်းဆီး စစ်ဆေးခဲ့ဖူးသည်ဟု သိရသည်။

“NUG အ‌နေနဲ့ သူ့တပ်ဖွဲ့တွေကို နည်းနည်းထိန်းသင့်တယ်လို့ ပြောချင်ပါတယ်။ အခုက သူ့တပ်ဖွဲ့တွေကို လွှတ်ထားသလို ဖြစ်နေတာ။ ပြည်သူတွေနဲ့လည်း သဟဇာတမဖြစ်ဘူး။ တော်လှန်ရေးအဖွဲ့အချင်းချင်းကြားလည်း သဟဇာတမဖြစ်တော့ မြေပြင်ကို ဆင်းပြီးတော့ လေ့လာစေချင်တယ်” ဟု GZ အဖွဲ့ခေါင်းဆောင်က ထပ်မံပြောဆိုသည်။

လွန်ခဲ့သည့်နှစ်အတွင်းကလည်း အလားတူဖြစ်စဉ်မျိုးရှိခဲ့ကာ ဝက်လက်မြို့နယ်အရှေ့ပိုင်းတွင် လှုပ်ရှားသည့် ဗိုလ်ကျားကြီးအမည်ရ တော်လှန်ရေးအဖွဲ့၏ ကင်းစခန်းကို ရွှေဘိုခရိုင် PDF လက်အောက်ခံ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဝင်ရောက်ပစ်ခတ်စဉ် ဗိုလ်ကျားကြီးအဖွဲ့မှ နှစ်ဦး သေဆုံးပြီး ၁၂ ဦး ဖမ်းဆီး ထိန်းသိမ်းခံရသည်။

ထိုသို့ဖြစ်ပြီးနောက် စုံစမ်းစစ်ဆေးပြီး အရေးယူပေးရန် ဗိုလ်ကျားကြီးအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရထံ တိုင်ကြားခဲ့သည်။

နောက်ပိုင်းတွင် ဖမ်းဆီးထားသည့် ဗိုလ်ကျားကြီးအဖွဲ့ဝင်များကို ပြန်လွှတ်ပေးခဲ့သော်လည်း သေဆုံးခဲ့သူနှစ်ဦး၏ ရုပ်အလောင်းများကို ပြန်လည်ပို့ဆောင်ပေးခြင်း မရှိပေ။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ NUG ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းခဲ့သည့်နည်းတူ ဒေသအလိုက် ကိုယ်ထူကိုယ်ထကာကွယ်ရေးအဖွဲ့များလည်း ပေါ်ပေါက်ခဲ့သည်။ စစ်ကောင်စီကို လက်နက်ကိုင် ခုခံတော်လှန်ရာ၌ ဒေသကာကွယ်ရေးအဖွဲ့အချင်းချင်း အငြင်းပွားဖွယ်ရာ ဖမ်းဆီးသတ်ဖြတ်မှုအချို့လည်း ပေါ်ပေါက်ခဲ့သည်။

စစ်ကိုင်းတိုင်းတောင်ပိုင်း ယင်းမာပင်မြို့နယ် ရဟန်းဝတ် ဗိုလ်သံမဏိဦးဆောင်သော တော်လှန်ရေးအဖွဲ့က ဒေသခံများနှင့် ကာကွယ်ရေးအဖွဲ့ဝင် ၂၀ ခန့်ကို သတ်ဖြတ်ခဲ့သည်။ ဗိုလ်သံမဏိအဖွဲ့နှင့် ပတ်သက်၍ NUG ၏ ကိုင်တွယ်ဖြေရှင်းမှုအပေါ် ဝေဖန်မှုများလည်း ရှိခဲ့သည်။

မကြာမီကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်အခြေစိုက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဝင်အချင်းချင်း သတ်ဖြတ်မှု ပေါ်ပေါက်ခဲ့သည်။ သတ်ဖြတ်မှုကျူးလွန်သူများကို ထောင်ဒဏ် အနှစ် ၂၀ စီ ချမှတ်ကာ မူဆယ်အခြေစိုက် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ (PSDA) ကိုလည်း ဖျက်သိမ်းခဲ့ရသည်။

လက်နက်ကိုင် ခုခံတော်လှန်မှု ပြင်းထန်နေသော စစ်ကိုင်းတိုင်းရှိ မြို့နယ် ၁၁ ခုကို ယခုလဆန်းပိုင်းတွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး၊ ယမန်နေ့ (ဖေဖော်ဝါရီ ၂၂) တွင် ရွှေဘို၊ ဝက်လက်နှင့် အရာတော်မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးသတ်မှတ်ကြောင်း ထုတ်ပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button