သတင်း

ဝက်လက်တွင် ခရိုင် PDF နှင့် ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခု အပြန်အလှန်ပစ်ခတ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ပိုင်းတွင် ယနေ့ (ဩဂုတ် ၃၁) နံနက်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပစ်ခတ်သဖြင့် ရဲဘော် ၂ ဦး သေဆုံးသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောသည်။

မြို့အရှေ့ပိုင်း ကားလမ်းတစ်နေရာတွင် အကြောင်းမကြားဘဲ ရောက်ရှိလာသည့် ရွှေဘိုခရိုင် PDF တပ်ရင်း ၂ က ပစ်ခတ်သဖြင့် ခုခံပစ်ခတ်ပြီး ထွက်ပြေးရသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့မှ ဗိုလ်ကျားကြီးက ဆိုသည်။

“ကျွန်တော်တို့ ကင်းစခန်းကို ဝင်ပစ်တာပေါ့၊ သူတို့က အကြောင်းမကြားထားဘူး။ ကျွန်တော်တို့က ကားတွေကို စစ်ဆေးနေတာ။ အဲဒီအချိန် ဖောကားတစ်စီးရယ်၊ လိုက်ထရပ် နှစ်စီး လူအင်အားအပြည့် လက်နက်အပြည့်နဲ့ လာပစ်တာ” ဟု ဗိုလ်ကျားကြီးက ပြောသည်။ 

စစ်တပ်ထုတ်ကုန်များ သယ်ဆောင်ခြင်း ရှိမရှိ စစ်ဆေးနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ ကနဦးတွင် စစ်ကောင်စီတပ်သားများ လာရောက်ပစ်ခတ်ခြင်းဖြစ်သည်ဟု ယူဆခဲ့ကြကြောင်း သူက ပြောသည်။

“ကျွန်တော်တို့က စစ်တပ်က xxx တွေ ထင်တာ။ သူတို့က တက်တက်ပစ်ပစ်ပဲ။ လက်နက်ချ၊ လက်နက်ချ ဆိုတော့ xxx တွေ ထင်တာ၊ ပြေးတဲ့လူကပြေး၊ မိုးပေါ်ထောင်ဖောက်တဲ့လူက ဖောက်ပေါ့ဗျာ”

အဆိုပါပစ်ခတ်မှုအတွင်း ဒေသခံကာကွယ်ရေးအဖွဲ့ဘက်တွင်လည်း ထိခိုက်မှုရှိသည်ဟု ၎င်းထံမှ သိရသည်။   

ရွှေဘိုခရိုင် PDF တပ်ရင်း ၂ တပ်ရင်းမှူးကမူ ခရီးသွားကားများထံမှ ငွေကြေးတောင်းခံနေကြောင်း ကြားသည့်အတွက် ညှိနှိုင်းတားမြစ်ရန် သွားရောက်စဉ် ဗိုလ်ကျားကြီးအဖွဲ့က စတင်ပစ်ခတ်ခြင်းဖြစ်သည်ဟု Myanmar Now ကို ပြောသည်။

“ဗိုလ်ကျားကြီးအဖွဲ့က ခရီးသွားပြည်သူတွေကို အကြမ်းဖက်၊ ငွေတောင်းတာတွေလုပ်လွန်းလို့ ကျွန်တော်တို့ဆီကို တိုင်ကြားထားတာတွေရှိတယ်။ အဲဒါကြောင့်လည်း သူ့ကို ခေါ်ပြီး ခံဝန်ထိုးခိုင်းထားပြီးသား၊ လွန်ခဲ့တဲ့ သုံးလလောက် ထိုးခိုင်းထားတာ” ဟု သူက ပြောသည်။

“ဒီနေ့လည်း သူ ငွေကောက်နေတယ်ဆိုတော့ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့ဝင်တွေက တားဖို့ သွားကြတာမှာ ဗိုလ်ကျားကြီးတို့အဖွဲ့က စပစ်တော့ ကျွန်တော်တို့လည်း ပစ်ရတော့တာ”

Bo-Tiger-ဗိုလ်ကျားကြီးတပ်ဖွဲ့က ဝက်လက်မြို့နယ်အတွင်း သွားလာနေသောယာဉ်တချို့ကို စစ်ဆေးနေကြောင်း ဩဂုတ်လ ဒုတိယပတ်က ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ-Supplied) 

ဗိုလ်ကျားကြီးတပ်ဖွဲ့သည် မူလက PDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့၏ လက်အောက်တွင် ဖွဲ့စည်းထားသည့် ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ဖြစ်ခဲ့သော်လည်း နောက်ပိုင်း သီးခြားလက်နက်ကိုင်အဖွဲ့ ဖြစ်လာသည်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမိန့်အောက်တွင် မနေဘဲ ကိုယ့်သဘောကိုယ်ဆောင်သည့် တပ်ဖွဲ့တစ်ခု ဖြစ်လာခဲ့သည်ဟု PDF ဘက်က ဆိုသည်။

ဗိုလ်ကျားကြီးကမူ အကြမ်းဖက်ငွေကောက်ခံခြင်းမဟုတ်ကြောင်း တုံ့ပြန်သည်။ 

“ကျွန်တော်တို့အဖွဲ့က ကျွန်တော်တို့နယ်အတွင်း သွားလာနေတဲ့ ကားတွေ၊ မြစ်ကြောင်းကဆိုလည်း မော်တော်ကြီးတွေကို စကစထုတ်ပစ္စည်းတွေ သယ်ဆောင်တာ ရှိမရှိ စစ်ဆေးတာ၊ မသိလို့လုပ်တာဆိုရင် လွှတ်ပေးတယ်၊ နောက်တစ်ခါတော့ မသယ်ကြပါနဲ့၊ စကစအတွက် ထောက်တိုင်တွေဖြစ်ကုန်မယ်၊ ပြောတယ်ဗျ” ဟု ဗိုလ်ကျားကြီးက ပြောသည်။

“ပြောပြီးရင် ကျွန်တော်တို့အဖွဲ့ ရပ်တည်နိုင်ရေးအတွက် ကျွန်တော်တို့က အလှူခံတယ်၊ ဘယ်လောက် ဘယ်လောက် မတောင်းဘူး။ အလှူခံတာ၊ အဲဒါကို သူတို့ (PDF နှင့် ပကဖ) က အကြမ်းဖက် ငွေကောက်တယ်လို့ စွပ်စွဲတာ” 

ယနေ့ ပစ်ခတ်မှုမှာ မလိုလားအပ်ဘဲ ဖြစ်ပွားခဲ့ရပြီး ပြည်သူတို့၏ ကိုယ်စိတ်လုံခြုံရေးအတွက် လုပ်ဆောင်ရခြင်းသာ ဖြစ်ကြောင်း၊ နောက်တစ်ကြိမ် ထပ်မံ မဖြစ်ပွားအောင် ညှိနှိုင်းဆွေးနွေးပြီးဖြစ်ကြောင်း PDF တပ်ရင်း ၂ ဘက်က Myanmar Now ကို ယနေ့  မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ပြောသည်။

ဗိုလ်ကျားကြီးတို့အဖွဲ့သည့် ဝက်လက်မြို့နယ် အရှေ့ပိုင်းရှိ ဒေသတွင်း PDF တပ်ဖွဲ့များနှင့် လက်တွဲကာ ခုခံစစ်ဆင်နေကြောင်း၊ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သည့် စစ်ဆင်ရေးများအတွင်း တက်တက်ကြွကြွရှိသည့်အပြင် စစ်ဆင်ရေးများအတွင်း ရဲဘော် ဆုံးရှုံးမှုများသည့် တပ်ဖွဲ့တစ်ခုဖြစ်ကြောင်း ဒေသတွင်းအဖွဲ့တစ်ခုက ပြောသည်။  

“ဘယ်လိုတွေဖြစ်မှန်း ကျွန်တော်တို့ မသိတော့ဘူး။ ဗိုလ်ကျားကြီးအဖွဲ့ဆိုတာ အရမ်းတက်ကြွပြီး၊ အတော်ကို ရဲရဲတင်းတင်းနဲ့ စစ်ကောင်စီကို တိုက်နေတာ၊ ကျွန်တော်တို့နဲ မကြာမကြာ လက်တွဲခဲ့ဖူးတယ်၊ အခုပြဿနာက ဘယ်လိုဖြစ်မှန်းမသိဘူး” ဟု အဆိုပါ တော်လှန်ရေးအဖွဲ့၏ တာဝန်ခံက ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအဖွဲ့နှစ်ခုကြား ပစ်ခတ်မှုမှာ ကြုံတောင့်ကြုံခဲဖြစ်ရပ်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button