စုံစမ်းဖော်ထုတ်ရေးသားမှုဆောင်းပါး

သင်္ကန်းဝတ် ဗိုလ်သံမဏိအဖွဲ့ ညီအစ်ကိုတစ်စုအပါအဝင် ၂၀ ကျော်ကို သတ်ဖြတ်ခဲ့

စစ်တပ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံး လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေသော မြန်မာပြည်အနောက်မြောက်ခြမ်း၊ ချင်းတွင်းမြစ်အနောက်ဘက် စစ်ကိုင်းတိုင်းတွင် တော်လှန်ရေးရဲဘော်အချင်းချင်းနှင့် ရွာသူရွာသား နှစ်ဒါဇင်နီးပါးကို လွန်ခဲ့သည့်နှစ်နှောင်းပိုင်းမှ ယခုလပိုင်းအတွင်း ဒေသခံ PDF အဖွဲ့က သတ်ဖြတ်ခဲ့သည်။ 

သတ်ဖြတ်မှုများ ကျူးလွန်သည်ဟု စွပ်စွဲခံရသောအဖွဲ့၏ ခေါင်းဆောင်မှာ သင်္ကန်းဝတ် ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးဖြစ်သည်။ 

အသက် ၄၄ နှစ်အရွယ် ဗိုလ်သံမဏိဟု လူသိများသူ ဦးသောပါကဦးဆောင်သော အင်အားရာဂဏန်းရှိ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေး (PDF) အဖွဲ့က သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြောင်း သတ်ခံရသူများ၏ မိသားစုဝင်အချို့နှင့် မျက်မြင်သက်သေများက ပြောကြားသည်။ 

ယင်းမာပင်မြို့နယ်နှင့် မင်းကင်းမြို့နယ်ရှိ ရွာများတွင် ဖြစ်ပွားခဲ့သော ထိုလူသတ်မှုများအနက် ညီအစ်ကိုတစ်စု၊ အမျိုးသမီး ၂ ဦးအပါအဝင် အသတ်ခံရသူ ၁၇ ဦး၏ဖြစ်စဉ်များကို Myanmar Now က အတည်ပြုနိုင်သည်။ 

သတ်ဖြတ်ခံရသူအချို့သည် စစ်တပ်၏ ချေမှုန်းပစ်ခတ်မှုများမှ တိမ်းရှောင်နေစဉ် ဗိုလ်သံမဏိအဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံရခြင်းဖြစ်သည်။ 

သတ်ဖြတ်ခံရသူများတွင် အရပ်သားများနှင့် PDF အဖွဲ့ဝင်တချို့ပါပြီး စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း မတ် ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။

ငွေကြေးပြဿနာများနှင့် ဗိုလ်သံမဏိအဖွဲ့မှ ခွဲထွက်ကာ သီးခြား PDF အဖွဲ့များ ထူထောင်သူများကို မကျေနပ်သည့် အမုန်းတရားသည် ထိုလူသတ်မှုများ၏ အဓိကအကြောင်းတရားများဖြစ်ကြောင်း သိရှိရသည်။​

သတ်ဖြတ်ခံရသူများသည် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းနှင့် ဓားဖြင့် ခုတ်သတ်ခံရခြင်းတို့ဖြစ်ကြောင်း သိရှိရသော်လည်း အသေးစိတ်အချက်အလက်များ မရရှိပေ။ ယခုအချိန်ထိ သတ်ဖြတ်ခံရသူ အမျိုးသားခြောက်ဦး၏ ရုပ်အလောင်းများကိုသာ မိသားစုဝင်များက ရရှိခဲ့သည်။ 

လူသတ်မှုများကျူးလွန်သည်ဟု စွပ်စွဲခံရသောသူများမှာ ဗိုလ်သံမဏိဦးဆောင်သော ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်သည်။ 

ဗိုလ်သံမဏိအမည်ခံထားသူ သပြေအေးဆရာတော် ဦးသောပါကသည် သင်္ကန်းဝတ်ဖြင့် စစ်တပ်ကို လက်နက်ကိုင်ပုန်ကန်နေရာ လွန်ခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းတွင်မှ လူဝတ်လဲခဲ့သူဖြစ်သည်။ ၎င်း၏ လူနာမည်မှာ ဦးထွန်းဦးဖြစ်သည်။

ယခုအချိန်တွင် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် နေထိုင်ပြီး ယင်းမာပင် PDF ကို ဆက်လက်ဦးဆောင်နေသူ ဗိုလ်သံမဏိက အရပ်သားများနှင့် PDF များသတ်ခံရသည်ကို ၎င်းသိရှိကြောင်း၊ သို့သော် ၎င်းကိုယ်တိုင်သော်လည်းကောင်း၊ ၎င်း၏ PDF သည်လည်းကောင်း ထိုသတ်ဖြတ်မှုများနှင့် ပတ်သက်မှုမရှိကြောင်း ငြင်းဆိုသည်။

ဗိုလ်သံမဏိဦးဆောင်သော ယင်းမာပင်မြို့နယ် PDF အဖွဲ့က သတ်ဖြတ်ခဲ့သူများစာရင်း။

“အဲဒီလိုမျိုးအဖြစ်အပျက်တွေ ဖြစ်သွားတယ်ဆိုတာ ဟုတ်တယ်။ ဖြစ်ပျက်သွားတာတော့ ဟုတ်တယ်။ သတ်တဲ့ကိစ္စကို ဗိုလ်သံမဏိက ဟေ့ သတ်လိုက်။ သတ်တဲ့ကိစ္စကို ငါတာဝန်ယူတယ်လို့ ပြောတာမဟုတ်ဘူး” ဟု ဦးထွန်းဦးခေါ် ဗိုလ်သံမဏိက Myanmar Now ကို ဖုန်းဖြင့် ပြောကြားသည်။

အသက်ခံရသူမိသားစုဝင်များနှင့် လွတ်မြောက်လာသူတစ်ဦး၏အဆိုအရ သတ်ဖြတ်မှုဖြစ်စဉ်များတွင် ဗိုလ်သံမဏိကိုယ်တိုင် ကာယကံမြောက်ပါဝင်သည်၊ သတ်ဖြတ်မှုများဖြစ်နေချိန်တွင် ဗိုလ်သံမဏိကိုယ်တိုင်ရှိနေသည်ဟု မဆိုကြသော်လည်း ဗိုလ်သံမဏိ၏ လက်ထောက်များက ဖမ်းဆီးသတ်ဖြတ်ခြင်း ဖြစ်သည်ဟု ဆိုသည်။​

ဗိုလ်သံမဏိ၏ လက်ထောက်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ထိပ်တန်းဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့်၏ သမက်ဖြစ်သူ ဦးအောင်မြတ်သူလည်း ပါဝင်သည်။ 

သမက်ဖြစ်သူ ဦးအောင်မြတ်သူနှင့် ၎င်း၏ သမီးဖြစ်သူ ဒေါ်ရည်မွန်သန့် ထိမ်းမြားလက်ထပ်သည်ကို သဘောမတူ၍ ၂၀၁၆ ခုနှစ်ကတည်းက ၎င်းတို့နှင့် အဆက်အသွယ်မရှိကြောင်း စစ်အာဏာသိမ်းမှုကြောင့် တိမ်းရှောင်နေသူ ဦးအောင်ကြည်ညွန့်က Myanmar Now ကို ပြောကြားသည်။ 

“ဒီလိုတော်လှန်ရတဲ့ တိုက်ပွဲမှာ မြောက်မြားစွာသော ငါတို့ရဲ့ နိုင်ငံသား လူငယ်တွေအများကြီး အသက်ပေးပြီး လုပ်နေရတဲ့နေရာမှာ ဘယ်သူ့အတွက်မှ အကာအကွယ်ပေးစရာအကြောင်း မရှိဘူး။ တကယ်လို့ စုံစမ်းစစ်ဆေးရေးက တာဝန်ရှိတယ်၊ အပြစ်ရှိတယ်ဆိုရင် အပြစ်ရှိတဲ့ပုံစံမျိုးအတိုင်းပဲ တာဝန်ယူ တာဝန်ခံရမှာပဲ။ ထိုက်သင့်တဲ့ပြစ်ဒဏ် သူ့ဟာသူ ကျမှာပဲ။ ဘာမှ ထိန်းသိမ်းနေစရာ၊ ကာကွယ်ပေးနေစရာ မရှိဘူး” ဟု ၎င်းက ပြောသည်။ 

ဗိုလ်သံမဏိအဖွဲ့မှာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ်အများစုနှင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တော်လှန်ရေးအင်အားစုတစ်စုဖြစ်ကြောင်း NUG တာဝန်ရှိသူများက ရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ 

သို့သော် ဗိုလ်သံမဏိကမူ ၎င်း၏တပ်ဖွဲ့သည် NUG သစ္စာခံတပ်ဖြစ်ကြောင်း၊ NUG က ထောက်ပံ့သော လက်နက်အကူအညီများကို အခြားသော PDF အဖွဲ့များထံ ၎င်းက ပြန်လည်ဖြန့်ဖြူးရသည်ဟု Myanmar Now ကို ပြောကြားသည်။ 

ထို့ပြင် ဗိုလ်သံမဏိက ၎င်းသည် အင်တာနက်မှတစ်ဆင့် ပြုလုပ်သော NUG ၏ အစည်းအဝေးများတွင်လည်း တက်ရောက်ဖူးကြောင်း ဆိုသည်။ 

သတ်ဖြတ်ခံရသူ ၂၁ ဦးအနက် အရပ်သားလေးဦးနှင့် PDF အဖွဲ့ဝင်ခြောက်ဦး သတ်ဖြတ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး ဗိုလ်သံမဏိအပါအဝင် လူပေါင်း ၂၀ ကို ကနဦးကြားနာစစ်ဆေးခဲ့ရာ မှားယွင်းစီရင်ခြင်းခံရသည်ကို တွေ့ရှိရကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က မတ် ၂၁ တွင် Myanmar Now ကို ပြောသည်။​

“တိုင်ကြားခံထားရသူအချို့ကို ဆင့်ခေါ်ထားပေမဲ့ အခုချိန်ထိ စစ်ဆေးလို့ ရရှိတဲ့အနေအထား မရှိသေးပါဘူး။ ဒီရက်ပိုင်းမှာ နောက်ဆုံးဆင့်ခေါ်ထားပြီးတော့ မလာရောက်ရင်လည်း အစီရင်ခံမှုကိုတော့ စိစစ်ရရှိသမျှနဲ့ တင်ပြသွားမဲ့အနေအထားပါ” ဟု ၎င်းက ပြောသည်။​

ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ လိုက်နာရမည့် ကျင့်ဝတ်များကို ဖောက်ဖျက်ပါက အရေးယူမည့် လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဟုလည်း ဦးနိုင်ထူးအောင်က ဆိုသည်။

“ကျွန်တော်တို့ရဲ့ တော်လှန်ရေးဟာ စစ်အာဏာရှင်ချုပ်ငြိမ်းဖို့ ဖြစ်ပြီးတော့ ပြည်သူတွေကို ကာကွယ်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပြည်သူတွေကို ထိခိုက်စေတဲ့ကိစ္စမျိုးတွေ၊ တော်လှန်ရေးရဲဘော်ရဲဘက်ချင်း ထိခိုက်အောင်ဖြစ်မဲ့ကိစ္စမျိုးတွေကိုတော့ လုံးဝ လက်ခံမှာမဟုတ်” ဟု ၎င်းက ပြောသည်။

ဗိုလ်သံမဏိအဖွဲ့က သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ရာ နေရာများ။

ငြိမ်းချမ်းရေးကိုယ်တော်မှ သင်္ကန်းဝတ်လက်နက်ကိုင်သူ 

စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေစစ်အုပ်ချုပ်ရေးကာလ ၁၉၉၉ ခုနှစ် ၉ ရက် ၉ လ ရက်စွဲကို အခြေပြု၍ စစ်တပ်ကို ဆန့်ကျင်သည့် ကိုးလေးလုံးလူထုလှုပ်ရှားမှု ပေါ်ပေါက်ရန် နိုင်ငံရေးအင်အားစုများ ကြိုးပမ်းခဲ့စဉ် ဦးသောပါကလည်း ပါဝင်ဖူးသည်။

စစ်ကိုင်းတိုင်းဇာတိ ငယ်ဖြူရဟန်းငယ်တစ်ပါးဖြစ်သော ဦးသောပါကမှာ ထိုစဉ်က အသက် ၂၂ နှစ်အရွယ်ဖြစ်ပြီး ရန်ကုန်မြို့ရှိ ဗုဒ္ဓသာသနာ့တက္ကသိုလ်တွင် တက်ရောက်နေစဉ် အခြားသံဃာများနှင့်အတူ ထိုနိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။​

ထိုစဉ်က အဖမ်းမခံရသော်လည်း ၎င်းသည် ၂၀၀၁ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နောင်တွင် ဂျာမနီ၌ နေထိုင်ခွင့်ရခဲ့သည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့အရေးအခင်းဖြစ်ချိန်တွင် ဦးသောပါက ထိုင်းနိုင်ငံသို့ ပြန်လာသည်။ ဘန်ကောက်မြို့မှ မြန်မာနယ်စပ် ထိုင်းနိုင်ငံ မဲဆောက်အထိ လမ်းလျှောက်ချီတက်ဆန္ဒပြသဖြင့် ထိုင်းအာဏာပိုင်များက ၎င်းကို ဂျာမနီသို့ ပြန်ပို့ခဲ့သည်။ ​ 

ထိုနောက်ပိုင်း ဂျာမနီနိုင်ငံရောက်ရှိစဉ် ၎င်းသည် နိုင်ငံတကာငြိမ်းချမ်းရေးညီလာခံများကို တက်ရောက်ခဲ့ပြီး အာရှ၊ အမေရိကနှင့် ဥရောပတိုက်များတွင်ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးအထိမ်းအမှတ် လမ်းလျှောက်ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သည်။ ၎င်းကို နိုင်ငံတကာအဖွဲ့အစည်းများက အရှင်သောပါက (Ashin Sopaka) ဟု သိရှိထားသည်။ 

စစ်တပ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံ အာဏာလွှဲပြောင်းပေးပြီးနောက် အရှင်သောပါက မြန်မာနိုင်ငံသို့ တိတ်တဆိတ် ပြန်လည်ဝင်ရောက်ခဲ့သည်။ ထိုမတိုင်မီက မြန်မာနယ်စပ် ထိုင်းနိုင်ငံ မဲဆောက်တွင် စာကြည့်တိုက်ဖွင့်ခြင်းနှင့် အခြားပရဟိတလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ 

၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်းက မန္တလေးမြို့ မဟာမုနိဘုရားကြီးတွင် ဦးသောပါကနှင့် သံဃာအချို့ ဆန္ဒပြနေစဉ်။ 

ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ပြီးနောက် ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံရေးလှုပ်ရှားမှုတစ်ခုတွင် ဦးသောပါက ပါဝင်ခဲ့သည်။ မန္တလေးမြို့ မဟာမုနိဘုရားကြီး၌ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန်နှင့် ပြည်တွင်းစစ်ရပ်စဲရေး သံဃာလေးပါး ဆန္ဒပြရာတွင် ဦးသောပါက ပါဝင်ခြင်းဖြစ်သည်။

ထိုဆန္ဒပြမှုကြောင့် နေရပ်ပြန်ပို့ခြင်းခံရသည်။ ထိုမှစ၍ ဇာတိဖြစ်သော ယင်းမာပင်မြို့နယ် သပြေအေးရွာဘုန်းကြီးကျောင်းတွင် ပြန်လည်နေထိုင်ခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများ၌ ဦးသောပါက ပါဝင်ဆင်နွှဲခဲ့သည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ဗုဒ္ဓဘာသာဘုန်းတော်ကြီးများပါဝင်သည့် နွေဦးတော်လှန်ရေးသံဃာကွန်ရက်တွင် ဦးသောပါက တက်ကြွစွာ ပါဝင်သည့်ပြင် ဒေသခံပြည်သူများအတွက် စားဝတ်နေရေး ထောက်ပံ့ပေးသူလည်းဖြစ်သည်။ 

အာဏာသိမ်းပြီးနောက် စစ်တပ်က အင်အား ၂၀၀ ကျော်ဖြင့် ဦးသောပါကသီတင်းသုံးနေသော ယင်းမာပင်မြို့နယ်ရှိ ဘုန်းကြီးကျောင်းကို ဝိုင်းစဉ် အနီးအနားရှိ ဒေသခံများ မခံမရပ်နိုင်ဖြစ်ကာ တူမီးသေနတ်များဖြင့် ခုခံတိုက်ခိုက်ခဲ့ရာ ထိုဖြစ်စဉ်ကို သပြေအေးတိုက်ပွဲဟု လူသိများခဲ့သည်။ 

နောက်ပိုင်းတွင် ရပ်ရွာလုံခြုံရေးအဖွဲ့ဝင်များကို စုစည်းကာ ဦးသောပါကလည်း ယင်းမာပင်မြို့နယ် PDF ခေါင်းဆောင်ဖြစ်လာသည်။ သင်္ကန်းဝတ်ဖြင့် PDF ခေါင်းဆောင်ဖြစ်လာသူပင်ဖြစ်သည်။ 

စစ်အာဏာရှင်ကို တော်လှန်မည့် လက်နက်ကိုင်လမ်းစဉ် အားကောင်းစေရေး ၎င်း၏အဖွဲ့က ပံ့ပိုးသည်ဟု ဗိုလ်သံမဏိက Myanmar Now ကို ပြောကြားသည်။ 

လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်ခန့်ကမှ လူဝတ်လဲထားပြီဖြစ်သော ဦးသောပါကတစ်ဖြစ်လဲ ဗိုလ်သံမဏိက လူသတ်မှုများအကြောင်း စွပ်စွဲပြောဆိုချက်များသည် လူထုထောက်ခံမှုကျအောင် လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကုန်မှစ၍ စစ်အုပ်ချုပ်ရေးအာဏာပိုင်များကို သတင်းပေးပြုလုပ်သော ဒလန်ရှင်းလင်းရေးလုပ်ငန်းများ မရှိတော့ကြောင်းလည်း ဗိုလ်သံမဏိက ဆိုသည်။​

“ဗြောင်စွပ်စွဲပြီးတော့ ဗိုလ်သံမဏိကို ထိုးချဖို့၊ တိုက်ခိုက်ဖို့ အကွက်ကျကျ စီစဉ်ထားတယ်လို့ မြင်တယ်။ စစ်ကောင်စီဘက်က လူတွေလည်း ပါလောက်တယ်။ ဗိုလ်သံမဏိကို အသည်းအသန်လိုက်ရှာတယ်။ ဖမ်းတယ်။ ဖမ်းမရတဲ့အဆုံးမှာ လူထုထောက်ခံမှုကျအောင် လုပ်နေတယ်လို့ မြင်တယ်” ဟု ၎င်းက ပြောသည်။​

ယင်းမာပင် PDF တွင်းက ကြမ္မာငင်မည့် အက်ကြောင်းများ 

ယင်းမာပင်မြို့နယ် PDF အဖွဲ့၏ သင်တန်းဆင်းပွဲတစ်ခု။

ပူပြင်းခြောက်သွေ့ရာဒေသဖြစ်သော စစ်ကိုင်းတိုင်းသည် ခေတ်အဆက်ဆက် လက်နက်ကိုင်တော်လှန်ရေးများ ကြီးကြီးမားမားမရှိခဲ့သော်လည်း ၂၀၂၁ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လက်နက်ကိုင်ခုခံတော်လှန်ရေးတွင် ကြီးမားသည့် အခန်းကဏ္ဍနေရာမှ ပါဝင်လာသည်။ 

ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် PDF များက စစ်ကောင်စီကို နည်းမျိုးစုံဖြင့် အန်တုကာ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေသည်။ 

ပင်မမြို့ကြီးများတွင် အာဏာစက်စိုးမိုးနိုင်သော်လည်း ကျေးရွာများတွင် PDF များ၏ လှုပ်ရှားမှုကို မထိန်းချုပ်နိုင်သော စစ်ကောင်စီသည် ၎င်း၏ ကျင့်သုံးနေကျ ရွာများကို မီးတင်ရှို့ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် တိုက်လေယာဉ်များဖြင့်ပါ ဗုံးကြဲတိုက်ခိုက်နေသည်။

ထိုအခြေအနေတွင် ပြည်တွင်းပြည်ပ အဆက်အသွယ်ကောင်းမွန်သူ ဗိုလ်သံမဏိမှာ NUG ၏ ယင်းမာပင်ခရိုင် လက်နက်ခွဲဝေရေးတာဝန်ခံဖြစ်လာသည်အထိ တန်ခိုးထွားလာခဲ့ကြောင်း သံဃာကွန်ရက်မှ ဦးဝါယမက မိန့်သည်။ ​

သို့သော် လွန်ခဲ့သော ခြောက်လကျော်မှစ၍ ဒေသခံ အခြား PDF များနှင့် ဗိုလ်သံမဏိအဖွဲ့တို့ သဘောထားကွဲလွဲမှုများ ရှိလာသည်ဟု ဆိုသည်။

“ငွေရေးကြေးရေးစီးဆင်းမှုတွေမှာ ခွဲဝေပေးကမ်းမှုတွေ နည်းတယ်ဆိုတဲ့ ပုံစံမျိုးတွေကနေ စဖြစ်တာ။ နောက်တစ်ခုက တချို့တွေကလည်း ထောက်ပံ့မှု မရလို့။ သူ့အောက်ကလူတွေကလည်း လက်နက်တွေဘာတွေ ရလာတဲ့အခါမှာ အစည်းအဝေးတွေမှာ လက်နက်တွေဘာတွေနဲ့ ပြောဆိုငေါက်ငမ်းတာတွေ ဖြစ်လာတော့ ကျန်တဲ့အဖွဲ့အစည်းတွေက မနေချင်တော့တာတွေ ဖြစ်လာတာပေါ့” ဟု ဦးဝါယမက မိန့်သည်။

ယင်းမာပင်မြို့နယ်အတွင်း စစ်ကောင်စီကို ရရာလက်နက်ဖြင့် ခုခံတော်လှန်နေသော ကျေးရွာများစုပေါင်းပြီး အင်တောရွာတွင် ပြီးခဲ့သည့်နှစ် ဩဂုတ်လဆန်းပိုင်းတွင် အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့သည်။ ရွာပေါင်း ၈၀ နီးပါးမှ ဒေသခံများ တက်ရောက်သည့် ထိုအစည်းအဝေးတွင် သပြေအေးဆရာတော်ကို လိုလားသူနှင့် မလိုလားသူဟူ၍ စတင်နှစ်ခြမ်းကွဲခဲ့သည်။ 

အစည်းအဝေးတွင် ဗိုလ်သံမဏိ၏ စစ်ရေးလက်ထောက် ဗိုလ်ဦး (ခ) ဗိုလ်ထွဋ်ခေါင်က လိုအပ်ချက်များ တင်ပြရန် ဖိတ်ခေါ်ခဲ့ရာ ရန်ပုံငွေကိစ္စနှင့် ခေါင်းဆောင်မှုပြဿနာများ ဆွေးနွေးတင်ပြခဲ့ကြောင်း၊ တိုက်ခိုက်ရေးများတွင် ငယ်ရွယ်သည့် လူငယ်လူရွယ်များကို စုစည်းကာ ထောက်ပံ့မှုပေးရန်လည်း အကြံပြုခဲ့ကြောင်း အစည်းအဝေးကိုယ်တိုင်တက်ရောက်ခဲ့သူ မုံရွာတက္ကသိုလ်မှ CDM ကထိကဆရာမတစ်ဦးက ပြောသည်။​

“ဘုန်းဘုန်းက ခရိုင်တစ်ခုလုံးအတွက် အလှူငွေတွေကို ချုပ်ကိုင်ထားပြီးတော့ ခွဲပေးမယ်လို့ ကြားနေရသော်လည်း လူငယ်တွေမှာ ပင်ပန်းနေပါတယ်။ ရပ်ရွာတွေလည်း ရန်ပုံငွေရှာဖွေရတာ ပင်ပန်းနေပါပြီ။ မဖြစ်သင့်ပါဘူး။ တိုက်ရိုက်ပေးသင့်ပါတယ်လို့ ပြောလိုက်တယ်” ဟု ထိုစဉ်က အစည်းအဝေးအကြောင်းကို ကထိကဆရာမက ပြန်ပြောပြသည်။​ လုံခြုံရေးကြောင့် ၎င်း၏ အမည်ကို မဖော်လိုကြောင်း ဆရာမက ပြောကြားသည်။ 

ဦးအောင်ကြည်ညွန့်၏ သမီးဖြစ်သူနှင့် သမက်ဖြစ်သူ ဦးအောင်မြတ်သူကို ဗိုလ်သံမဏိ၏ ကိုယ်ရေးအရာရှိများအဖြစ် ထားကာ တိုက်ပွဲတွင် ပါဝင်စေခြင်းမရှိဘဲ စီမံခန့်ခွဲမှုအပိုင်းနှင့် တပ်ရင်းများကို ချုပ်ကိုင်ခွင့်ပေးထားကြောင်းလည်း ဆရာမက ဆိုသည်။ 

“အောက်ခြေအထိ ဆင်းကြည့်ဖို့ ပြောတယ်။ ဘုန်းဘုန်းမဆင်းနိုင်ရင် သူ့ရဲ့ ရဲဘော်ရဲဘက်အဖွဲ့ဝင်တွေ အားလုံးက နယ်မြေမှာ ချိတ်ဆက်မှုရှိအောင် နယ်မြေမှာ ချိတ်ဆက်ပါ။ စစ်ရေးလုပ်ငန်းတွေလည်း အားလုံးကို အတူတူတွဲကြပါ။ လူငယ်တွေကို စုစည်းပြီး လုပ်ဆောင်ပေးပါလို့ ပြောခဲ့တာရှင့်” ဟု ၎င်းက ပြောသည်။

ထိုစဉ်မှစ၍ ၎င်းကို ဒလန်ဟု စွပ်စွဲပြောဆိုမှုများရှိလာကြောင်း လက်ရှိအချိန်တွင် ဗိုလ်သံမဏိအမည်ခံ သပြေးအေးဆရာတော်ဦးဆောင်သော ယင်းမာပင် PDF အဖွဲ့၏ ဥပဒေမဲ့လုပ်ရပ်များကို အထောက်အထားပြုနေသူ ကထိကဆရာမက ပြောသည်။​

အထက်ပါ ကျေးရွာပေါင်းစုံအစည်းအဝေးအပြီး ရက်အနည်းငယ်အကြာတွင် သပြေးအေးဆရာတော်အောက်မှ ခွဲထွက်သည့် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု၊ ဟီးရိုးတိုက်ဂါးတပ်ဖွဲ့ဆိုသော အဖွဲ့များ ပေါ်ပေါက်လာသည်။ 

ဟီးရိုးတိုက်ဂါးအဖွဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်ကျားကြီးအမည်ခံ အမျိုးသားတစ်ဦးမှာ နောက်ရက်အနည်းငယ်အကြာတွင် ဗိုလ်သံမဏိအဖွဲ့၏ ခြိမ်းခြောက်မှုကို ကြုံရသည်။

ယင်းမာပင်မြို့နယ် ကုန်းရွာရှိ ၎င်းနှင့် ယောက်ဖဖြစ်သူတို့၏ အိမ်များကို ဗုံးတစ်လုံးစီခွဲခံရကြောင်း ထိခိုက်ဒဏ်ရာရသူမရှိသော်လည်း ထိုတိုက်ခိုက်မှုများသည် ဗိုလ်သံမဏိအဖွဲ့က ခြိမ်းခြောက်သည့်လုပ်ရပ်ဟု ယူဆကြောင်း ဗိုလ်ကျားကြီးက Myanmar Now ကို ပြောသည်။ 

ဦးသောပါကကို ဖျောင်းဖျရန် နွေဦးတော်လှန်ရေးသံဃာကွန်ရက်ထံ အကူအညီတောင်းခံခဲ့ရသည်ဟု မုံရွာတက္ကသိုလ်မှ CDM ကထိကဆရာမက ဆိုသည်။ 

နောက်ပိုင်းတွင် ယင်းမာပင်မြို့နယ်အတွင်း ဗိုလ်သံမဏိအဖွဲ့က PDF အဖွဲ့ဝင်များအပါအဝင် ဒေသခံများကို ဒလန်ဟု စွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်ခြင်း ကျူးလွန်လာခြင်းဖြစ်သည်။ 

“ခေါင်းထောင်ကြည့်ရင် သတ်ပစ်မယ်”

ဗိုလ်သံမဏိအဖွဲ့၏ သတ်ဖြတ်မှုများသည် လွန်ခဲ့သည့်နှစ်ကုန်ပိုင်းမှစ၍ ပြန့်နှံ့လာခဲ့သည်။ ၎င်းအဖွဲ့၏ နောက်ဆုံးသတ်ဖြတ်မှုမှာ ယခုလ (မတ်လ) ၂ ရက် ယင်းမာပင်မြို့နယ် ချင်းပုန်းရွာမှ ညီအစ်ကိုငါးဦး သတ်ဖြတ်ခံရမှုဖြစ်သည်။ 

၎င်းတို့ကို ဖမ်းဆီးသတ်ဖြတ်သူမှာလည်း ချင်းပုန်းရွာသားဖြစ်သော ဗိုလ်သံမဏိအဖွဲ့၏ တပ်ရင်းမှူးတာဝန်ယူထားသူ ကိုညွန့်ဝင်း ခေါ် ဗိုလ်ဂဠုန်ဆိုသူဖြစ်သည်။

သတ်ဖြတ်ခံရသူများမှာ အသက် ၂၀ မှ အသက် ၄၀ နှစ်ကြားရှိ မွေးချင်းညီအစ်ကိုများဖြစ်သော ကိုဝင်းဆွေ၊ ကိုမောင်နီ၊ ကိုအောင်နိုင်ဖြိုး၊ ကိုအောင်ဝင်းဖြိုးနှင့် ၎င်းတို့နှင့် ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ကိုတူးတို့ဖြစ်ကြသည်။ 

အသက် ၂၀ ဝန်းကျင်ခန့်ရှိ ကိုအောင်ဝင်းဖြိုးနှင့် ကိုတူးတို့မှာ ယင်းမာပင်ရှိ PDF အဖွဲ့တစ်ခု၏ အဖွဲ့သားများဖြစ်ပြီး ဗိုလ်သံမဏိအဖွဲ့မှ ဟုတ်မဟုတ်ကိုမူ ရှင်းလင်းစွာ မသိရပေ။ 

ဖမ်းဆီးသတ်ဖြတ်ခံရသူများ၏ မိသားစုဝင်တစ်ဦး၏ ပြောကြားချက်အရ လွန်ခဲ့သည့်လ ဖေဖော်ဝါရီ ၂၆ ရက်က ချင်းပုန်းရွာအနီးတွင် ယင်းမာပင် PDF က သင်တန်းဆင်းပွဲပြုလုပ်စဉ် စစ်တပ်က ရဟတ်ယာဉ်များဖြင့် စီးနင်းတိုက်ခိုက်ခဲ့သည်။ 

စစ်တပ်ရန်ကြောင့် ချင်းပုန်းရွာအပြင်ဘက်တွင် ထွက်ပြေးပုန်းရှောင်နေစဉ် ဗိုလ်ဂဠုန်နှင့်အဖွဲ့က ညီအစ်ကိုငါးဦးကို လာရောက်ဖမ်းဆီးသတ်ဖြတ်ခြင်းဖြစ်သည်ဟု ၎င်းတို့နှင့် ဆွေမျိုးသားချင်းတော်စပ်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။ 

မတ်လ ၂ ရက်နေ့က ညီအစ်ကိုငါးဦးအနက် ၃ ဦးအပါအဝင် အခြားရွာသားများနှင့်အတူ ရွာပြင်တွင် ပုန်းအောင်းနေခိုက် ဗိုလ်ဂဠုန်နှင့် မျက်နှာဖုံးဝတ်ထားသူနှစ်ဦး ရောက်လာခဲ့ကြောင်း၊ ရောက်ရောက်ချင်း ၎င်းတို့၏ ဖုန်းများကို သိမ်းကာ အမျိုးသားသုံးဦးကို ပထမဆုံးဖမ်းဆီးလျက် လက်ပြန်ကြိုးတုပ် ရိုက်နှက်စစ်ကြောင်းလည်း မိသားစုဝင်အမျိုးသမီးက ဆိုသည်။ 

ဗိုလ်ဂဠုန်နှင့်အဖွဲ့က ထိုသို့ ရိုက်နှက်စစ်ဆေးစဉ် အတူရှိနေသည့် ကျန်ထွက်ပြေးပုန်းရှောင်လာသူများကိုလည်း “ခေါင်းထောင်ကြည့်ရင် သတ်ပစ်မယ်” ဆိုသော ခြိမ်းခြောက်ခံရမှုကြောင့် အားလုံး ပြားပြားဝပ်နေရသည်ဟု ဆိုသည်။

“မင်းညီတွေ ကျန်သေးလား” ဟု ဗိုလ်သံမဏိအဖွဲ့ဝင်တစ်ဦး၏ ရိုက်နှက်မေးမြန်းမှုကို ညီအစ်ကိုသုံးဦးအနက်မှ အစ်ကိုဖြစ်သူ ကိုဝင်းဆွေ၏ ပြန်ဖြေသံတစ်ချက်ကို ကြားလိုက်ရသော်လည်း အချိန်နာရီဝက်ခန့်အကြာ ဘာသံမှ ထပ်မကြားရတော့သဖြင့် မျက်စိဖွင့်ကြည့်ချိန်တွင် သုံးဦးစလုံးကို မတွေ့ရတော့ပေ။ ထို့နောက်တွင် သတ်ဖြတ်ခံထားရသည်ကို တွေ့ရှိခဲ့သည်ဟု မိသားစုဝင်အမျိုးသမီးက ဆိုသည်။ 

“သေနတ်နဲ့ပစ်တာလည်း မဟုတ်ဘူး။ ဓားနဲ့ ရက်ရက်စက်စက်ကို ဗိုက်တွေကို အချက်ပေါင်းများစွာ ထိုးပြီးတော့ မျက်နှာတွေလည်း ရစရာမရှိအောင် လှီးဖြတ်ထားတာရှင့်။ ကျွန်မ ရင်နာလွန်းလို့” ဟု ၎င်းက ဆိုသည်။ 

၎င်း၏ အစ်ကိုများဖြစ်သော အသက် ၄၀ အရွယ် ကိုဝင်းဆွေ၊ ၃၀ အရွယ်ဖြစ်သည့် ကိုမောင်နီနှင့် ကိုအောင်နိုင်ဖြိုးတို့ကို ဗိုလ်ဂဠုန်နှင့်အဖွဲ့က စစ်ဆေးမေးမြန်းရင်း သတ်ပစ်ခဲ့ခြင်းဖြစ်သည်။​

ထိုနေ့၌ပင် ၎င်း၏ မောင်များဖြစ်သော ကိုအောင်ဝင်းဖြိုးနှင့် ကိုတူးတို့မှာလည်း သတ်ဖြတ်ခံရပြီး လက်သည်မှာ ဗိုလ်သံမဏိအဖွဲ့ပင်ဖြစ်မည်ဟု မိသားစုဝင်အမျိုးသမီးက ဆိုသော်လည်း အသေးစိတ်ရှင်းလင်းစွာ မသိရပေ။ 

ညီအစ်ကိုငါးဦးအနက် ကိုဝင်းဆွေမှာ ချင်းပုန်းရွာရန်ပုံငွေကိုင်ထားသူဖြစ်ပြီး ဗိုလ်ဂဠုန်နှင့်အဖွဲ့က ကျပ်သိန်း ၁၀၀ လာထုတ်ယူစဉ် ချက်ချင်းထုတ်မပေးသဖြင့် ကတောက်ကဆတ်ဖြစ်ဖူးသည်ဟု မိသားစုဝင်အမျိုးသမီးက ဆိုသည်။ 

“ကျွန်တော့်အစ်ကိုက ပေးလိုက်တယ်။ ဒီခေတ်ကြီးပြီးရင် ဒီဟာတွေကို လိုက်ပြီးစစ်ဆေးမေးမြန်းမှာ သူတို့က ကြောက်တာ။ အဲ့လိုကြောင့်မို့ ကျွန်တော့်အစ်ကိုက အသတ်ခံရတာ” ဟု ထိုအမျိုးသမီးက ဆိုသည်။ 

ထို့ပြင် ရန်ငြိုးရန်စွယ်ဖြစ်လာနိုင်သဖြင့် အစ်ကိုအကြီးဆုံးဖြစ်သူ ကိုဝင်းဆွေနှင့်အတူ ကျန်ညီအစ်ကိုများကိုပါ သုတ်သင်သတ်ဖြတ်သည်ဟုလည်း သူက ယူဆသည်။ 

“ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေက တစ်ယောက်ထိရင် တစ်ယောက်က မခံဘူး။ အဲ့လိုမျိုး ငုံ့မခံတဲ့အတွက် ပြန်လုပ်မှာကြောက်လို့ ကျွန်တော့်အစ်ကိုတွေကို အကုန်လိုက်သတ်နေတာ။ အဲဒါတော့ အာမခံရဲတယ်။ သစ္စာရေသောက်ဆိုလည်း သောက်ရဲတယ်။ ကျွန်မတို့အခု တအားဒုက္ခရောက်နေတာ” ဟု သူက ပြောသည်။

၎င်းနှင့် ကျန်ရစ်သူ မိခင်ဖြစ်သူတို့မှာ ဗိုလ်သံမဏိအဖွဲ့ရန်ကြောင့် လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေရသည်။

ချင်းပုန်းရွာသား ညီအစ်ကိုငါးဦး အသတ်ခံရခြင်းနှင့် ပတ်သက်၍ ၎င်းကိုယ်တိုင် စစ်တပ်ရန်က လွတ်အောင် ထွက်ပြေးနေရသဖြင့် အသေးစိတ်မသိရသေးကြောင်း ဗိုလ်သံမဏိက ပြောသည်။​

တပ်ထောက်ခံသူများဟု စွပ်စွဲသတ်ဖြတ်မှု

ယင်းမာပင်မြို့အနောက်ဘက် ၆ မိုင်ဝန်းကျင်အကွာ ဇီးတောရွာတွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ချေးငွေထုတ်ပြန်လာသည့် ဒေသခံလေးဦး သတ်ဖြတ်ခံရသည်။​ 

အသတ်ခံရသူများမှာ ၄၇ နှစ်အရွယ် ဒေါ်ချိုမာ၊ အသက် ၂၀ အရွယ် သမီးဖြစ်သူ မစန္ဒလမင်း၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသူ ၄၁ နှစ်အရွယ်ရှိ သမဝါယမဝန်ထမ်း ဦးဇော်လင်းအောင်နှင့် မည်သူမည်ဝါ မသိရသူတစ်ဦးဖြစ်သည်။​ 

ထိုဒေသခံလေးဦးကို စစ်တပ်သတင်းပေး ဒလန်ဟု စွပ်စွဲကာ ဗိုလ်သံမဏိနှင့်အဖွဲ့က သတ်ဖြတ်ခြင်းဖြစ်သည်ဟု မုံရွာတက္ကသိုလ်မှ ကထိကဆရာမက Myanmar Now ကို ပြောသည်။ 

“အဲဒီရက်ပိုင်းမှာပဲ စစ်ထောက်ခံပွဲက ပြန်လာသူလေးယောက်ကို ငရဲပြည်သို့ ပို့လိုက်ပြီလို့ ဗိုလ်သံမဏိအကောင့်နဲ့ တင်ထားတယ်။ တစ်ယောက်ကတော့ အမည်မသိဘူး။ အခုချိန်ထိလည်း စုံစမ်းလို့မရဘူး” ဟု ဇီးတောရွာမှ သတ်ဖြတ်ခံရသူများအကြောင်း မုံရွာတက္ကသိုလ်မှ ကထိကဆရာမက ပြောသည်။

ဒေါ်ချိုမာတို့သားအမိနှင့် ကိုဇော်လင်းအောင်တို့မှာ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူများဖြစ်ကြောင်း၊​ ချေးငွေ သိန်း ၅၀ ထုတ်ယူလာသည့် မှတ်တမ်းများလည်းရှိပြီး တောသူတောင်သားများသာဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။​

“ငွေချေးပြန်လာတာ။ ငွေတွေရော စုစုပေါင်း သိန်း ၅၀ လောက် ပါသွားတယ်။ လက်ဝတ်လက်စား၊ ဆိုင်ကယ်ရော သူတို့ (ဗိုလ်သံမဏိအဖွဲ့) က သိမ်းလိုက်တယ်။ စစ်ထောက်ခံပွဲက ပြန်လာတယ်။ ဒီငွေတွေသည် ထောက်ခံပွဲသုံးမဲ့ငွေဆိုပြီးတော့ သမုတ်လိုက်တာ” 

ယင်းမာပင်မြို့နယ်အပါအဝင် ထိုဒေသတစ်ဝိုက်တွင် အောက်တိုဘာလအတွင်းက စစ်တပ်ထောက်ခံပွဲမရှိကြောင်း ပုလဲမြို့နယ်အခြေစိုက် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော မြန်မာ့တော်ဝင်နဂါးတပ်တော် (PDF) ခေါင်းဆောင် ဗိုလ်နဂါးက ပြောသည်။

“ငွေရောလူရော လက်စဖျောက်ပစ်တာ။ အဲဒီရက်တုန်းက တပ်ထောက်ခံပွဲလည်း မရှိဘူး” ဟု ၎င်းက ပြောသည်။​

ဇီးတောရွာတွင် သတ်ဖြတ်ခံရသူများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထောက်ခံသူများဖြစ်ပြီး တပ်ထောက်ခံပွဲမှ ပြန်လာစဉ် ဖမ်းဆီးထိန်းသိမ်းသည်ဟု ရဲဘော်တစ်ဦးက ဖုန်းဆက်အကြောင်းကြားသော်လည်း သတ်ဖြတ်လိုက်သည်ကို ၎င်းကိုယ်တိုင် မသိရှိကြောင်း ဗိုလ်သံမဏိက ဆိုသည်။

“နောက်ပိုင်းမှာ သူတို့ပျောက်သွားတယ်လို့ ပြောတယ်။ ထိန်းထားတဲ့သဘောမျိုးမှာ ကိုယ်က သတင်းကြားလိုက်တာ။ နောက်ပိုင်းကျတော့ ဘယ်လိုလုပ်လိုက်သလဲဆိုတာ သတင်းမပို့တော့ဘူး။ တိတိကျကျ ဘာဖြစ်သွားလဲဆိုတာ မသိရဘူး” ဟု ၎င်းက ပြောသည်။ 

ယင်းမာပင် PDF ခွဲထွက်သူများနှင့် ရောယောင်အသတ်ခံရသူများ 

ယင်းမာပင်မြို့နယ်အနောက်ခြမ်းတွင် နိုဝင်ဘာလအတွင်းက လူ ၁၀ ဦး အသတ်ခံရသည်မှာလည်း ဗိုလ်သံမဏိအဖွဲ့လက်ချက်ဖြစ်သည်ဟု ဒေသခံများက ယုံကြည်ထားသည်။ 

ယင်းမာပင်မြို့အနောက်ဘက် ၈ မိုင်ကျော်အကွာရှိ လာဘို့ရွာတွင် လူငယ်လေးဦး အဖမ်းခံရစဉ် လိုက်သွားရာမှ စုစုပေါင်း လူငယ် ၁၀ ဦးအထိ ပျောက်ဆုံးခဲ့သည်။ ယနေ့အချိန်ထိ အစအနပျောက်နေသဖြင့် သတ်ဖြတ်ခံရသည်ဟု ယူဆထားသည်။ လူငယ်လေးဦးကို ဗိုလ်သံမဏိလက်အောက်ခံ ဗိုလ်တိုက်ကောင်းဆိုသူ ဦးဆောင်သည့်အဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စတင်အဖမ်းခံရသူ လူငယ်များမှာ ယင်းမာပင်မီးသတ်တပ်ဖွဲ့ဝင် ၂၅ နှစ်အရွယ် ကိုသက်ပိုင်ထွန်း၊ လုပ်ဖော်ကိုင်ဖက် ၂၃ နှစ်အရွယ် ကိုစိုးကိုကို၊ ခရိုင်မီးသတ်ဦးစီး၏သား ၁၈ နှစ်အရွယ် ကိုကောင်းခန့်ကျော်နှင့် ၂၅ နှစ်အရွယ် ကိုအောင်နိုင်လင်း (ခ) ဖိုးအဲဆိုသူတို့ဖြစ်သည်။​

အဖမ်းခံရသူ လူငယ်များအနက် ကိုအောင်နိုင်လင်း၏အစ်ကို ကိုဝင်းမင်းသက်မှာ ဗိုလ်သံမဏိအဖွဲ့မှ ခွဲထွက်ပြီးနောက် ဟီးရိုးတိုက်ဂါးအမည်ရ ဒေသခံ PDF အဖွဲ့တွင် ပါဝင်လှုပ်ရှားနေသူဖြစ်သည်။ 

ထိုသို့ အဖမ်းခံရပြီးနောက် တပ်ဖွဲ့ဝင်၏ ညီဖြစ်သူအတွက် အာမခံပေးရန် ဟီးရိုးတိုက်ဂါးအဖွဲ့မှ တပ်ရင်းမှူးတစ်ဦးဖြစ်သူ ကိုထိုက်မောင်က အဖွဲ့ဝင်ခြောက်ဦးနှင့်အတူ ဗိုလ်သံမဏိလက်အောက်ခံအဖွဲ့ ချိန်းဆိုရာသို့ လိုက်သွားစဉ် အစပျောက်သွားခြင်းဖြစ်ကြောင်း မုံရွာတက္ကသိုလ်မှ ကထိကဆရာမက ပြောသည်။

“ဗိုလ်ထိုက်မောင်အပါအဝင် PDF ၆ ယောက်စလုံးရော၊ ဖမ်းသွားတဲ့ မီးသတ်ဝန်ထမ်းနှစ်ဦးနဲ့ ပြည်သူနှစ်ဦးရော စုစုပေါင်း ၁၀ ဦးစလုံး မတွေ့ရတော့ပါဘူး။ နောက်ပိုင်း အသတ်ခံရတယ်လို့ သတင်းရပါတယ်” ဟု ၎င်းက ပြောသည်။

ဗိုလ်သံမဏိလက်အောက်ခံအဖွဲ့က ဖမ်းဆီးခဲ့သော အရပ်သားတစ်ဦးကို ကယ်တင်ရန် ကြိုးပမ်းရာမှ ကိုထိုက်မောင်အပါအဝင် အဖွဲ့ဝင်ခြောက်ဦးစလုံး အဆက်အသွယ်ပြတ်တောက်သွားသည်ဟု ဟီးရိုးတိုက်ဂါးအဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကြီးက ယခုလဆန်းပိုင်းတွင် ပြောသည်။

“ကိုထိုက်မောင်တို့က ဖိုးအဲကို အာမခံပေးဖို့ လိုက်သွားတာ။ မီးသတ်တပ်ဖွဲ့ဝင် သက်ပိုင်ထွန်းကို CDM မဝင်ထားလို့ တရားစီရင်ချင်လည်း စီရင်ပေါ့။ ဒါပေမဲ့ ဖိုးအဲမှာ ဘာအပြစ်မှ မရှိဘူး။ ဖိုးအဲအတွက် အာမခံလိုက်ပေးတာ။ ကိုထိုက်မောင်တို့ပါ ပျောက်သွားတယ်” ဟု ၎င်းက ပြောသည်။​

ဗိုလ်သံမဏိအမည်ခံ သပြေအေးဆရာတော်ဦးဆောင်သော အဖွဲ့ရှိရာသို့ သွားရောက်တွေ့ဆုံသော်လည်း လက်ခံတွေ့ဆုံခြင်းမရှိဟုလည်း ဗိုလ်ကျားကြီးက ပြောသည်။​

မိုင်းဆွဲတိုက်ခိုက်ဖူးသည့်အတွက် ရန်ငြိုးရန်စရှိထားသည့် ကိုထိုက်မောင်နှင့်အဖွဲ့ကို ဖမ်းမိချိန်တွင် သတ်ပစ်လိုက်ခြင်းဖြစ်သည်ဟု ဗိုလ်သံမဏိက ဆိုသည်။​

“အဒီလူတွေက အသတ်မခံရခင် ဝန်ခံသွားတယ်လို့ ပြောတယ်။ အဲဒီကနေ ပြဿနာတွေတက်ကြတာလို့ သိရတယ်။ အသေးစိတ်တော့ မသိရသေးဘူး” ၎င်းက ပြောသည်။​

ဒီဇင်ဘာလကုန်ပိုင်းက ယင်းမာပင်မြို့နယ် စုန်းချောင်းရွာသား ဦးကျော်မြင့်အောင်ကို သပြေအေးဆရာတော်၏ လက်အောက်ခံအဖွဲ့က နေအိမ်၌ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ပစ်ခဲ့သည်ဟု အထက်ပါ ကထိကဆရာမက ပြောသည်။

တောင်သူတစ်ဦးဖြစ်သူ ဦးကျော်မြင့်အောင်မှာ PDF များကို ထောက်ပံ့နေသူဖြစ်ကြောင်း၊ ဒလန်ဟု စွပ်စွဲကာ သပြေအေးဆရာတော်အဖွဲ့က သတ်ပစ်လိုက်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“အာမခံပေးချိန် မရလိုက်ပါဘူး။ သူထောက်ပံ့ပေးနေတဲ့ ရွာတွေရှိပါတယ်။ အာမခံပေးချင်ပါတယ်ဆိုတာ မရလိုက်ဘူး။ ညတွင်းချင်း သတ်ပစ်တာ”

လုပ်ကြံသတ်ဖြတ်ခံရသူ လက်ရင်းတပည့်ဟောင်း

ဗိုလ်သံမဏိအဖွဲ့က ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်ခံရသူများတွင် ဗိုလ်သံမဏိ၏ အနီးကပ်လူယုံအဖြစ် လုပ်ကိုင်ခဲ့သူ ယင်းမာပင် PDF အဖွဲ့ဝင်ဟောင်း ဦးဝင်းဇော်ဦးဆိုသူလည်း အပါဖြစ်သည်။

အသက် ၄၆ နှစ်အရွယ် ဦးဝင်းဇော်ဦးမှာ ဗိုလ်သံမဏိအဖွဲ့မှ ခွဲထွက်ကာ ချင်းတွင်းရိုးမတပ်ပေါင်းစုဆိုသည့် PDF အဖွဲ့တွင် ပါဝင်လှုပ်ရှားနေရင်း ဇန်နဝါရီလကုန်ပိုင်းတွင် အသတ်ခံရခြင်းဖြစ်သည်။​

တပ်ပေါင်းစုအဖွဲ့ဝင်နှစ်ဦးနှင့်အတူ မင်းကင်းနယ်သို့ လက်နက်သွားသယ်စဉ် ဗိုလ်သံမဏိအဖွဲ့မှ ဦးအောင်မြတ်သူနှင့် နောက်လိုက်နောက်ပါများ၏ လိုက်လံလုပ်ကြံခြင်းခံရသည်။

ဇန်နဝါရီ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက မင်းကင်းမြို့တောင်ဘက်တွင် အင်အား ၃၀ ခန့်ပါ ဦးအောင်တို့အဖွဲ့နှင့် ပက်ပင်းတိုးခြင်းဖြစ်ကြောင်း၊ ချင်းတွင်းမြစ်ကို စက်လှေဖြင့် ကူးရန် ပြင်နေစဉ် မေးစရာရှိသဖြင့် ခဏလာရန် ခေါ်သွားကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးဝင်းဇော်ဦးနှင့်အတူ ပါသွားသူ ကိုမုန်တိုင်းဆိုသူက ပြောသည်။​

“ခင်ဗျားတို့နှစ်ယောက်လည်း မေးစရာရှိတယ်ဆိုပြီး ကျွန်တော်တို့ကို နှစ်နေရာခွဲလိုက်တယ်။ ကိုဝင်းဇော်ဦးက ကမ်းပါးစပ်မှာ။ ကျွန်တော်တို့နှစ်ယောက်ကို ကမ်းပါးယံအပေါ် တစ်နေရာကို ခေါ်သွားပြီးတော့ ခင်ဗျားတို့မှောက်ပြီးတော့ ခေါင်းပေါ် လက်တင်ထား။ လှုပ်ရင် ပစ်မှာဆိုပြီးတော့” ဟု ထိုစဉ်က ဖြစ်ပျက်ပုံကို ၎င်းက ပြောပြသည်။​

“ကျွန်တော်တို့အပေါ်မှာ လှုပ်ရင် ပစ်မယ်ဆိုပြီး စကားဆုံးပြီးခါရှိသေးတယ်။ အဲဒီမှာ သေနတ်အစစ်နဲ့ ၆ ချက်၊ နှစ်ဖက်ညှပ်ထည့်ပြီးတော့ ပစ်လိုက်တာ”

ထိုအဖွဲ့ပြန်ထွက်သွားပြီးနောက် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် ဦးဝင်းဇော်ဦး၏ ရုပ်အလောင်းကိုသာ တွေ့ရတော့ကြောင်း၊ ဦးအောင်ဆိုသူမှာ သပြေအေးဆရာတော်အဖွဲ့မှ ဖြစ်ပြီး NLD ပါတီဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့်၏ သမက်ဖြစ်ကြောင်း ဦးဝင်းဇော်ဦးထံမှ သိခဲ့ရသည်ဟုလည်း ကိုမုန်တိုင်းက ပြောသည်။​

ဦးဝင်းဇော်ဦးကို မည်သည့်အတွက်ကြောင့် လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်သည်ကို အတိအကျ မသိရသော်လည်း သပြေအေးဆရာတော်လက်အောက်မှ ခွဲထွက်သွားသည်ကို မကြိုက်သောကြောင့် ဒလန်ဆိုကာ သုတ်သင်ရှင်းလင်းခြင်းဖြစ်သည်ဟု သုံးသပ်မှုများလည်းရှိသည်။​

ဗိုလ်သံမဏိအဖွဲ့ခေါင်းဆောင် သပြေအေးဆရာတော်နှင့်အတူ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ခဲ့သူဖြစ်သော်လည်း ဦးဝင်းဇော်ဦးမှာ နောက်ပိုင်းတွင် သဘောထားမတိုက်ဆိုင်သဖြင့် လမ်းခွဲခဲ့သူဖြစ်သည်ဟု သိရသည်။​

ဦးဝင်းဇော်ဦးသည် သပြေအေးဆရာတော် ဦးသောပါက၏ စီမံခန့်ခွဲမှုကို သဘောမကျသဖြင့် ခွဲထွက်လာသူဖြစ်ကြောင်း၊ စီမံခန့်ခွဲမှုအလွဲများအကြောင်း NUG ထံ တိုင်ကြားမည်ကို စိုးရိမ်သဖြင့် နှုတ်ပိတ်ခြင်းဖြစ်နိုင်ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် အဖွဲ့ဝင်တစ်ဦးက သုံးသပ်သည်။​

“သူက သပြေအေးဆရာတော်ရဲ့ လက်ရင်းတပည့်။ သူ့အကြောင်းတွေကို NUG ဆီ သွားအကြောင်းကြားမှာစိုးလို့လို့ ကြားတယ်။ ကျွန်တော်တို့နဲ့ မစ်ရှင်တွေ အတူတူလုပ်ခဲ့ကြဖူးတယ်” ဟု ၎င်းက ဆိုသည်။ 

မင်းကင်းနယ်တွင် ဦးဝင်းဇော်ဦး အသတ်ခံရခြင်းနှင့် ပတ်သက်၍ ၎င်းကိုယ်တိုင် ဦးအောင်ကို စစ်ဆေးမေးမြန်းရာတွင် မဟုတ်မှန်ကြောင်း ဗိုလ်သံမဏိက ဆိုသည်။

“အဲဒီလူက ကျုပ်လက်အောက်ခံ မဟုတ်ဘူး။ သစ်ခိုးတဲ့ကိစ္စတွေနဲ့ ဆက်စပ်တယ်လို့ ပြောတယ်။ သစ်ခိုးသမားတွေနဲ့ ပေါင်းတယ်။။ ပေါင်းတဲ့အခါကျတော့ လက်နက်ဝယ်ဖို့ဆိုပြီးတော့ မင်းကင်းဘက် သွားရင်းနဲ့ အသတ်ခံရတာလို့ သိရတယ်” ဟု ၎င်းက ပြောသည်။​

စစ်တပ်လည်း ကြောက်ရ ဗိုလ်သံမဏိလည်း ကြောက်ရပြီ 

ယင်းမာပင်မြို့နယ်အတွင်း စစ်တပ်က ကျေးရွာများကို ဝင်ရောက်စီးနင်းချိန်တွင် သပြေးအေးဆရာတော်ဦးဆောင်သော ဗိုလ်သံမဏိအဖွဲ့က ခုခံမှုမလုပ်ဘဲ စစ်တပ်ပြန်ထွက်သွားမှ ဒေသခံများကို ဒလန်၊ သူလျှိုဟု စွပ်စွဲသတ်ဖြတ်တတ်သည်ဟု မြို့နယ်ချင်းထိစပ်နေသည့် ကနီမြို့နယ်မှ တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

လူသူလက်နက်အင်အား တောင့်တင်းသော ဗိုလ်သံမဏိအဖွဲ့ဝင်များကို ဒေသခံများက ကြောက်လန့်နေရသည်ဟု ၎င်းက ဆိုပြီး ၎င်းတို့အဖွဲ့အနေဖြင့် ဗိုလ်သံမဏိအဖွဲ့က သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ထားသူ ၉ ဦးကို ကယ်ဆယ်ပေးထားရသည်ဟုလည်း ပြောသည်။

“တိုင်ရင် တိုင်တဲ့သူအားလုံးပါ လိုက်ရှင်းလေ့ရှိတယ်။ လူတွေတော်တော်များများကလည်း ထိတ်လန့်ကုန်ကြတယ်။ ယင်းမာပင်နယ်က သုံးပုံတစ်ပုံလောက် ကြောက်လန့်ပေမဲ့ သူတို့အင်အားကို ကြည့်ပြီးတော့ ဘာမှမလုပ်ရဲဘူး” ဟုလည်း ထိုတော်လှန်ရေးအဖွဲ့ဝင်က ပြောသည်။

ပုလဲမြို့နယ်မှ ဗိုလ်နဂါးသည်လည်း သပြေးအေးဆရာတော်အဖွဲ့က ဝင်ဖမ်းသွားသည့် အမျိုးသမီးနှစ်ဦးကို လိုက်လံကယ်ထုတ်ပေးခဲ့ရဖူးသည်။ နတ်ကတော်ဖြစ်သူ အမျိုးသမီးကို ဗိုလ်မှူးမိန်းမဟု စွပ်စွဲကာ ဖမ်းဆီးစဉ် အခြားအမျိုးသမီးတစ်ဦးကိုပါ ရောယောင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

“ဖမ်းထားပြီးပြီ။ ဖုန်းလည်း ကျွန်တော်ခေါ်စစ်တော့ ဗိုလ်မှူးမိန်းမလည်း မဟုတ်ဘူး။ အဲဒါက သတ်ရမဲ့ကိစ္စမဟုတ်ဘူးဆိုတော့မှ ပကဖကို အပ်မယ်လို့ ပြောတယ်” ဟု အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရသည့် ဖြစ်စဉ်အပေါ် ဗိုလ်နဂါးက ပြောသည်။

ပုလဲနယ်မြို့နယ်ထဲမှ ရွာသားတစ်ဦးကို စစ်တပ်နှင့် ပတ်သက်သည်ဆိုကာ ဖမ်းဆီးခဲ့သော်လည်း အထောက်အထားမရှိသဖြင့် ဗိုလ်သံမဏိအဖွဲ့ဆီက ပြန်ထုတ်ပေးခဲ့သည်ဟုလည်း ဗိုလ်နဂါးက ပြောသည်။

ယခုကဲ့သို့ ယင်းမာပင်နယ်တွင် ဒေသခံ PDF အဖွဲ့ဝင်အချင်းချင်း သတ်ဖြတ်နေခြင်းများအပြင် ဒေသခံများကို ဒလန်ဟု စွပ်စွဲကာ ဥပဒေမဲ့လုပ်ရပ်များ ကျူးလွန်နေသည့်  ဗိုလ်သံမဏိအဖွဲ့ကို အချိန်မလွန်မီ ထိန်းကျောင်းအရေးယူပေးရန် တောင်းဆိုမှုများ ရှိနေသည်။ 

ဗိုလ်သံမဏိအဖွဲ့ကို လက်နက်ဖြုတ်သိမ်းရန်အထိ တောင်းဆိုထားသူတစ်ဦးမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်ဖြစ်သည်။ 

လာဘို့ရွာမှ PDF အဖွဲ့ဝင်ခြောက်ဦး ဖမ်းဆီးခံရသဖြင့် လိုက်လံစုံစမ်းစဉ် လက်လွန်သွားပြီဟု သိခဲ့ရပြီး NUG က စစ်ကိုင်းတိုင်းအတွက် သပြေအေးဆရာတော်မှတစ်ဆင့် လက်နက်များချပေးရာတွင် အခြားအဖွဲ့များထံ ခွဲဝေပေးခြင်းမရှိကြောင်း ၎င်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။ 

“လက်အောက်ဗိုလ်တွေ၊ တပ်မှူးတွေက ငါတို့မှာ အော်တို အလုံအလောက်ရှိတယ်။ ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူးဆိုပြီး ရမ်းလာတာကို သူက (ဗိုလ်သံမဏိ) မတားနိုင်တာ၊ အားပေးသလိုဖြစ်နေတာ၊ သူမသိအောင် ကျူးလွန်တာတွေလည်း ရှိလာနိုင်တယ်” ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။ 

ဗိုလ်သံမဏိအဖွဲ့နှင့် ပတ်သက်၍ သံဃာကွန်ရက်အဖွဲ့နှင့် NUG ထံ တိုင်ကြားမှုများလည်း ရှိနေသည်။ 

သံဃာကွန်ရက်အနေဖြင့် ဦးသောပါကကို ခေါ်၍ဆုံးမခဲ့စဉ် “လုံးဝ မဖြစ်စေရတော့ပါဘူး” ဟု ကတိပေးခဲ့သည်ဟု ဦးဝါယမက ပြောသည်။

“လုံးဝမဖြစ်စေရဘူး၊ စိတ်ချ။ တပည့်တော်ဘက်က အာမခံပါတယ်ဆိုပြီး ပြီးပြတ်ခဲ့တယ်။ သတ်တဲ့ကိစ္စတွေလည်း ရောက်လာတယ်။ ရောက်လာတော့ တပည့်တော် ဖြေရှင်းနေပါတယ်ဆိုပြီး ပြောတယ်။ နောက်ပိုင်းကျတော့ ဘာမှ အကြောင်းမပြန်တော့ဘူး” 

မကျေနပ်မှုများကို ပြေလည်အောင် မဖြေရှင်းပေးနိုင်ပါက စစ်အာဏာရှင်ကို ခုခံတွန်းလှန်မှု ဖရိုဖရဲဖြစ်သွားနိုင်သောကြောင့် အစိုးရတစ်ရပ်ကဲ့သို့ အမှုတည်ဆောက်နေခြင်းထက် ဖြစ်စဉ်တွင် ပါဝင်သူများကို ညှိနှိုင်းပေးရန် သံဃာကွန်ရက်က လိုလားသည်။

“သောပါကဘက်က မဟုတ်တာတွေလုပ်နေတာကို ကာကွယ်ရေးဘက်က ဖြေရှင်းပေးလိုက်လို့ရှိရင် ဦးအောင်ကြည်ညွန့်တို့ သူ့သမက်ပါနေတဲ့ကိစ္စ ဖြေရှင်းလိုက်လို့ရှိရင် ဖြစ်နိုင်တဲ့ကိစ္စတွေ။ သူတို့ရဲ့ (NUG) ဆောင်ရွက်ချက်က နှောင့်နှေးတယ်။ ဦးဇင်းတို့တင်ပြတာ ငါးလလောက်ရှိပြီ” ဟု ဦးဝါယမက မိန့်သည်။ 

ယင်းမာပင်နယ်နှင့် ထိစပ်နေသည့် ပုလဲနယ်မှ ဗိုလ်နဂါးကလည်း “တော်လှန်ရေးရဲ့ ပုံရိပ်ကိုလည်း ထိခိုက်စေတယ်။ အပြစ်ကို အပြစ်တိုင်း ဝေဖန်ရမယ်။ ငါတို့ တော်လှန်ရေးအဖွဲ့ဖြစ်နေလို့ဆိုတာမျိုး ကျွန်တော်တို့က ဖုံးဖိသိုသိပ်နေလို့မရဘူး” ဟု ပြောသည်။​

ယခုကဲ့သို့ အဖွဲ့ဝင်အချင်းချင်းသတ်ဖြတ်မှုများသည် စနစ်တကျဖွဲ့စည်းထားသည့် စစ်တပ်များတွင်ပင် ရံဖန်ရံခါဖြစ်ပွားလေ့ရှိပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ ပီပြင်စွာမဖွဲ့စည်းနိုင်သော တော်လှန်ရေးလက်နက်ကိုင်အင်အားစုများတွင် ပို၍ ဖြစ်လွယ်သည်ကို တွေ့ရှိရသည်။

၁၉၈၈ က စစ်တပ်ကို တော်လှန်ရန် တောခိုခဲ့သော တက္ကသိုလ်ကျောင်းသားအများစုပါသည့် ABSDF တပ်ဖွဲ့အတွင်း အလားတူသတ်ဖြတ်မှုများသည် ယခုအချိန်ထိ စစ်အာဏာရှင်တော်လှန်ရေးသမိုင်းတွင် ဖျက်မရသည့်အမည်းစက်ဖြစ်နေတော့သည်။ 

အာဏာသိမ်းစစ်ကောင်စီအဖို့မူ ၎င်း၏ လူမဆန်စွာရက်စက်သတ်ဖြတ်မှုများကြောင့် ပြည်သူတို့ ပုန်ကန်ထကြွသည်ကို ပုံဖျက်ရန် ABSDF သတ်ဖြတ်မှုဖြစ်စဉ်များကို ပြန်လည်ဝါဒဖြန့်နေပြီး စစ်ကိုင်းတိုင်းက PDF တပ်ဖွဲ့၏ သတ်ဖြတ်မှုများသည် ထိုဝါဒဖြန့်ချိရေးအတွက် လွန်စွာအသုံးတည့်နိုင်သည်။ 

NUG ၏ ကာကွယ်ရေးအတွင်းဝန် ကိုနိုင်ထူးအောင်ကမူ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနတွင် PDF များကို အဆင့်ဆင့်ကွပ်ကဲ​ရေး လုပ်ဆောင်သွားနိုင်ရန် ကြိုးပမ်းမှုများ တိုးတက်မှုများရှိနေပြီဖြစ်ကြောင်း ပြောကြားသည်။ 

ဆောင်းပါးကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုရန် – Buddhist monk who ditched robes to fight Myanmar’s junta accused of ordering murders of civilians and resistance fighters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button