သတင်း

အာရှလမ်းမအဆင့်မြှင့်စီမံကိန်းနှင့်ဆက်စပ်ပြီး လယ်သမား ၁၁ ဦး အမှုဖွင့်ခံထားရဟုဆို

ရန်ကုန် – အဆင့်မြှင့်တင်နေသည့် ကရင်ပြည်နယ် အိန္ဒု-ကော့ကရိတ် အာရှလမ်းမစီမံကိန်းအတွက် လယ်ယာသုံးလမ်းပေါ် ပုံထားသည့် မြေစာများကို မိမိဘာသာဖယ်ရှားသည့် ဒေသခံလယ်သမား ၁၁ ဦးအား ခရိုင်ကျေးလက်ဦးစီးဌာနက ပြီးခဲ့သည့်လကုန်ပိုင်းက အမှုဖွင့်ထားသည်ဟု သတင်းရရှိသည်။

ဘားအံမြို့နယ် လွန်းညကျေးရွာနေ လယ်သမားဦးစောငြိမ်းဖြူသည် အစိုးရစီမံချက်အရ လယ်ယာသုံးလမ်းပေါ် ဖို့ထားသောမြေများကို ဘတ်ဟိုးဖြင့် ဖယ်ရှားခဲ့ပြီး ပြည်သူသွားလာရာလမ်းကို ဖျက်ဆီးသည်ဟုဆိုကာ ခရိုင်ကျေးလက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောကျော်မင်းဦးက ပြီးခဲ့သည့်လ ၂၀ ရက်နေ့တွင် တရားလိုပြု တိုင်ကြားခဲ့ပြီး အိန္ဒုနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၄၃၁ (အများပြည်သူ သွားလာရာလမ်း ဖျက်ဆီးမှု) ဖြင့် အမှုဖွင့်ခဲ့ကြောင်း အိန္ဒုနယ်မြေရဲစခန်းမှ စခန်းမှူး မင်းအောင်ထွန်းက Myanmar Now ကို ယမန်နေ့က ပြောသည်။

“…ဒီလိုဖျက်လိုက်တဲ့ရွာသားတွေကို အရေးယူပေးပါဆိုပြီး (ခရိုင်ကျေးလက်ဦးစီးဌာနက) လာဖွင့်သွားတာပေါ့။ (ဦးစောငြိမ်းဖြူ) ကတော့ လယ်သမား ၁၁ ဦး သဘောတူညီချက်ယူပြီးမှ ဖျက်တာပါဆိုပြီး ထွက်ဆိုချက်ပေးတယ်။ အမှုလာရောက် ပိတ်သိမ်းတာတို့ ဘာတို့တော့ မရှိသေးပါဘူး” ဟု ၎င်းက ပြောသည်။

ကျောက်သယ်ကားများ ဖြတ်သန်းသွားလာရန် ရွာလယ်ရှိ လယ်ယာသုံးလမ်းကို အစိုးရစီမံချက်ဖြင့် မြေဖို့ခြင်း၊ လမ်းမြှင့်တင်ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် မိုးရာသီတွင် (လယ်ကွင်းများ အပေါ်) ရေကြီးရေလျှံမှုများ ဖြစ်ပေါ်စေခဲ့သည်ဟု ဦးစောငြိမ်းဖြူက ပြောသည်။ ထို့ကြောင့် လမ်းကို ပြန်လည်နှိမ့်ပေးရန် တောင်းဆိုခဲ့သော်လည်း မလုပ်ပေးသဖြင့် မိမိဘာသာ အခြား လယ်သမား ၁၁ ဦး၏ သဘောတူညီချက်ဖြင့် လုပ်ခဲ့ရခြင်းဖြစ်သည်ဟု ပြောသည်။

“မြေတွေထပ်ဖို့လိုက်တဲ့အခါကျတော့ ကျွန်တော်တို့ လယ်ယာလုပ်တဲ့အခါကျ လမ်းကမြင့်တော့ ရေကြီးတယ်၊ ရေလျှံတယ်။ လမ်းကိုပြန်နှိမ့်ပေးပါလို့ ကျွန်တော်တို့ တောင်းဆိုတော့ မလုပ်ပေးဘူး။ မိုးဦးလည်း ကျတော့မယ်ဆိုတော့ ဘက်ဟိုးငှားပြီး ကိုယ့်ဘာသာလမ်းကို ပြန်နိမ့်အောင် ဖိချလိုက်တယ်။ အမှန်တော့ လမ်းကို ဖျက်ဆီးတာမဟုတ်ဘူး။ ပြန်နှိမ့်လိုက်တာ” ဟု ၎င်းက ပြောသည်။

တရားစွဲဆိုခံထားရမှုနှင့်ပတ်သက်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဆင်ပြေအောင် ပြုလုပ်ပေးမည်ဟု ယခုလ ၁၂ ရက်နေ့က ဒေသခံလယ်သမားများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“ကျွန်တော်တို့ သွားတဲ့လမ်းကို အဆင်ပြေအောင် ပြုလုပ်ပေးမယ်၊ တရားစွဲခံရတဲ့ကိစ္စကိုလည်း အဆင်ပြေအောင် လုပ်ပေးမယ်လို့တော့ ပြောခဲ့တာပဲ။ ဒါပေမဲ့ အဲဒီနေ့က မြေရယ်၊ လေရယ်၊ ရေရယ်ဆိုတာ နိုင်ငံတော်ပိုင်တယ်လို့ ပြောသွားတော့ ကျွန်တော်တို့လည်း ဘာဆက်လုပ်ရမှန်းမသိတော့ပါဘူး” ဟု ၎င်းက ဆက်ပြောသည်။

မေလ ၁၂ ရက်နေ့ ကရင်ပြည်နယ်၊ လွန်းညကျေးရွာဓမ္မာရုံတွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲကို ရိုက်ကူးထားသည့် သုံးမိနစ်စာဗီဒီယိုဖိုင်ကို Myanmar Now က ကြည့်ရှုခဲ့ရပြီး ထိုဗီဒီယိုမှတ်တမ်းတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က “နိုင်ငံတော်စီမံကိန်းဆိုတာ ကျွန်မတို့က ပြည်ထောင်စုအစိုးရကို ကန့်ကွက်ပိုင်ခွင့်မရှိဘူး။ ဘာလဲ ဒီလမ်းကြီးဖောက်တာ မကျေနပ်ဘူးပေါ့” ဟု မေးမြန်းသည်။

“မကျေနပ်တာမဟုတ်ဘူး၊ ညှိနှိုင်းဆွေးနွေးမှု မလိုဘူးလား(လို့) ကျွန်တော်တို့က သိချင်တာ” ဟု ဒေသခံတစ်ဦးက ပြန်လည် ပြောဆိုရာတွင် “မြေရယ်၊ လေရယ်၊ ရေရယ်ဆိုတာက နိုင်ငံတော်ပိုင်တယ်၊ ငါ့ညီ မပိုင်ဘူး” ဟု ဝန်ကြီးချုပ် နံဘေးတွင် ရပ်နေသည့် တိုက်ပုံအစိမ်းရောင်ဝတ်ဆင်ထားသူတစ်ဦးက ဝင်ရောက်ပြောဆိုခဲ့သည်။

ထိုလူငယ်က “ပြည်သူ့အသံနားထောင်တဲ့အစိုးရဆို” ဟု မေးခွန်းထုတ်သည့်အခါ ပြန်နယ်ဝန်ကြီးချုပ်က “ဘာဆိုင်လဲ၊ ဒါပြည်သူ့အသံမဟုတ်ဘူး။ ဖျက်လိုဖျက်ဆီးအသံ။ ပြည်သူ့အသံလုံးဝမဟုတ်ဘူး” ဟု ယင်းလူငယ်ကို ပြန်လည်ပြောဆိုခဲ့သည်ကို တွေ့ရသည်။

အာရှဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေဖြင့် ဆောင်ရွက်သည့် အိန္ဒု-ကော့ကရိတ် အာရှလမ်းမ အဆင့်မြှင့်တင် စီမံကိန်းအတွက် ‘တရုတ်လမ်းနှင့်တံတားကော်ပိုရေးရှင်း (CRBC) က လမ်းပိုင်းတာဝန်ယူပြီး ဒေသခံ ချစ်လင်းမြိုင်ကုမ္ပဏီက ကျောက်ကျင်းပေါင်း ၁၃၀,၀၀၀ ကို CRBC သို့ သုံးနှစ်အတွင်း ပေးသွင်းရမည်ဖြစ်ကာ လွန်းညတောင် နေရာကို ကျောက်ထုတ်ရန် လုပ်ပိုင်ခွင့်ရထားခြင်းဖြစ်သည်။ ချစ်လင်းမြိုင်ကုမ္ပဏီဥက္ကဋ္ဌသည် နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီးစောချစ်သူဖြစ်သည်ဟု သိရသည်။

ကျောက်တောင်မြေနေရာ ၅ ဧကအတွင်း ထုတ်ယူရန် စာချုပ်ချုပ်ဆိုထားခြင်းဖြစ်ကြောင်း လွန်းညကျေးရွာအုပ် ချုပ်ရေးမှူး ဦးစောအေးမောင်က Myanmar Now ကို ပြောသည်။ ကျောက်မိုင်းခွဲထုတ်ကာ တရုတ်ကုမ္ပဏီပိုင် ကျောက်သယ်ကားကြီးများဖြင့် ပြီးခဲ့သည့်နှစ် ဩဂုတ်လမှစ၍ ပျမ်းမျှတစ်ရက်လျှင် ၁၅ စီးခန့်ထုတ်ယူသည်ဟု ဆိုသည်။

ထိုတောင်မှ ကျောက်ထုတ်၍ တောင်ပြိုပါက တောင်ကိုမှီခိုနေရသော အပင်နှင့်တိရစ္ဆာန်များကိုပါ ဆုံးရှုံးရမည်ဖြစ်ခြင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းတို့ကြောင့် ထို လွန်းညတောင် ကျောက်ထုတ်စီမံကိန်းကို ကန့်ကွက်ကြောင်းနှင့် ဥပဒေနှင့်အညီ အရေးယူတားမြစ်ပိတ်သိမ်းပေးရန် ဒေသခံ ၂၀၀ ကျော်က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းကလည်း ဘားအံမြို့၌ သတင်းစာရှင်းလင်းပွဲ ကျင်းပကာ တောင်းဆိုခဲ့ကြဖူးသည်။

လွန်းညကျောက်တောင်သည် အနီးအနားရွာများအတွက် ရေအရင်းအမြစ်ဖြစ်နေခြင်းကြောင့် ရေအရင်းအမြစ် ဆုံးရှုံးမည် စိုးရိမ်၍ ကန့်ကွက်ရခြင်းဖြစ်သည်ဟု ဦးစောငြိမ်းဖြူက တရားစွဲခံကိစ္စနှင့် ဆက်စပ်ပြီး Myanmar Now ကို ပြောသည်။

“သူတို့က မိုင်းခွဲပြီးထုတ်တာ တစ်ရက်ကို ၁၀ စီး၊ ၁၅ စီးလောက်ထုတ်တယ်။ ကျောက်တောင်က ရေရတယ်။ အဲ့ဒီက ဂူတွေထဲမှာ ရေတွေရှိတယ်။ ရေက ဝါးတစ်ပြန်စာ (နက်)တယ်။ အဲ့ဒီကျောက်တောင်ကြီးထဲမှာ ဂူသုံးခုလောက်ရှိတယ်။ ဒီရွာတွေကရတဲ့ ရေအရင်းအမြစ်က အဲ့ကျောက်တောင်ပေါ်မှာပဲရှိတယ်” ဟု ၎င်းက ပြောသည်။

Show More

Related Articles

Back to top button