သတင်း

အသက်ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦး ရွှေပြည်သာတွင် အဓမ္မပြုကျင့်ခံရ

ရန်ကုန် – အသက်ကိုးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ရွှေပြည်နယ်မြို့နယ်၌ ယခုလ ၁၃ ရက်နေ့ညက အဓမ္မပြုကျင့်ခံရသဖြင့် အင်းစိန်ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူနေရပြီး ပြစ်မှုကျူးလွန်သူကို မဖမ်းမိသေးးဘဲ အမှုဖွင့်ထားကာ ရဲက လိုက်လံစုံစမ်းနေသည်။

ရွှေပြည်သာမြို့နယ် သံဒင်းရပ်ကွက် (ခေါ်) ၁၉/၄၈ ရပ်ကွက်နေ ထိုမိန်းကလေးငယ်သည် မိဘမရှိဘဲ မိခင်၏အစ်မဖြစ်သူ (အဒေါ်) နှင့်အတူ နေထိုင်နေသူဖြစ်ကာ အခင်းဖြစ်သည့် ညနေ ၆ နာရီခန့်က အဒေါ်ဖြစ်သူက အိမ်နှင့် သုံးမိနစ်ခန့်သာ သွားရသည့် ကုန်ခြောက်ဆိုင်သို့ လက်ဖက်ခြောက်ဝယ်ရန် ဈေးဝယ်ခိုင်းလိုက်စဉ် အဓမ္မပြုကျင့်ခံရခြင်းဖြစ်သည်။

ကုန်ခြောက်ဆိုင်အသွားတွင် လူစိမ်းတစ်ဦးက လမ်းမသိသဖြင့် လိုက်ပြပါဟုဆိုကာ စက်ဘီးဖြင့် တင်ခေါ်သွားပြီး ယင်းရပ်ကွက်အတွင်းရှိ လူပြတ်သည့် စက်မှုပတ်လမ်းပေါ်မှ အုတ်တံတိုင်းများ ကာရံထားသည့် ခြံဝင်းကြီးတစ်ဝင်းထဲသို့ ခေါ်ဆောင်သွားခဲ့ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု ကာယကံရှင် မိန်းကလေးက ပြန်ပြောပြသည်ဟု ဆိုသည်။

“သမီးကို ကွမ်း (ကွမ်းယာထည့်သည့်ဘူး) ပို့ချင်လို့ လမ်းလိုက်ပြပါဆိုပြီးတော့ ခေါ်သွားတာ။ သူကစက်ဘီးနဲ့ သမီးကို ရှေ့တင်ပြီးသွားတာ” ဟု မိန်းကလေးက ဆေးရုံခုတင်ပေါ်တွင် လဲလျောင်းရင်း Myanmar Now ကို ပြောသည်။ ၎င်းသည် မှတ်ဉာဏ်အားနည်းခြင်းကြောင့် ကျောင်းထားရခက်သည်ဟူသော အကြောင်းပြချက်ဖြင့် ကျောင်းမနေဟု သိရသည်။

ကလေး ပြန်ရောက်မလာသည့်အတွက် အတူနေ ဝမ်းကွဲ အစ်ကို၊ အစ်မများက လိုက်လံရှာဖွေကြသော်လည်း မတွေ့ရှိဘဲ ည ၇ နာရီကျော်တွင် ကလေးကိုသိသည့် လင်မယားက လမ်းကြုံခေါ်ပြီး အိမ်သို့ ပြန်ပို့ပေးခဲ့သည်။

“မိုးလည်းမချုပ်သေးဘူး။ လူလည်းမပြတ်ဘူးလေ။ ပြီးတော့ သွားဝယ်နေကျဆိုတော့ ဒီတိုင်းပဲလွှတ်လိုက်တာပေါ့” ဟု အဒေါ်ဖြစ်သူက ပြောသည်။

ကလေး၏ပြောစကားများဖြင့် ဒေသခံအာဏာပိုင်များကို ချက်ချင်းသတင်းပို့ တိုင်ကြားခဲ့သော်လည်း ရပ်ကွက်ရုံးတွင် တာဝန်ရှိသူများ မရှိသည့်အတွက် အချိန်များကြန့်ကြာခဲ့သည်ဟု ရပ်ကွက်သာရေးနာရေးများကို လိုက်လံကူညီဆောင်ရွက်ပေးလေ့ရှိသူ ဦးကိုကိုအောင်က ဆိုသည်။

ကျူးလွန်ခဲ့သူသည် အရပ်မြင့်မြင့်၊ ခေါင်းတုံးဆံပင်ပေါက်၊ အသားနည်းနည်းမည်းကာ ကွမ်းယာထည့်သည့်ဘူးများ သယ်ဆောင်လာခဲ့သူဖြစ်ကြောင်း ကလေးကပြောပြသည်ဟု ၎င်းက ဆိုသည်။

မှုခင်းဖြစ်ပွားသည့် ည ၈ နာရီအချိန်တွင် ရဲစခန်းသို့ တိုင်ကြားနိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်းနှင့် လတ်တလောတွင် အဒေါ်ဖြစ်သူက တရားလိုပြုလုပ် အမှုဖွင့်ထားသည်။ အင်းစိန်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသည်။

“ကလေးက မိန်းမကိုယ်ကနေ စအိုထိ တောက်လျှောက်ကွဲထွက်သွားတာ။ ပြန်ချုပ်ထားတယ်။ သားအိမ်ထိတာက မစိုးရိမ်ရဘူးဆိုတော့ ဟယ်ပင်ဆေးရုံကို မရွှေ့တော့ဘဲ ဒီမှာပဲ ဆက်ကုသနေတာပါ”ဟု သူ့ကို အနီးကပ်ပြုစုနေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

ယင်းခြံကြီးကို သွားရောက်ကြည့်ရှုခဲ့ရာ စက်ရုံကြီးတစ်ဝင်းစာမျှ ကျယ်ဝန်းပြီး အဝင်တံခါးပေါက်မှာ ပတ္တာများ ပြုတ်လျက်ရှိသော်လည်း လူဝင်နိုင်သည့် အနေအထားမျိုး မရှိပေ။ ထို့အတူ ကာရံထားသည့် အုတ်တံတိုင်းများမှာလည်း ခြောက်ပေခန့် မြင့်မားသည်။ ခြံဝင်းအတွင်းတွင် လူမနေသည့် နှစ်ထပ်တိုက်အိမ်တစ်လုံးရှိပြီး ယင်းဘေးတွင် သဲပုံတစ်ပုံရှိသည်။

“ဒီခြံဆိုပြီး ကလေးကပြောတော့ ကျွန်တော်တို့ လာကြည့်တယ်။ ရဲတွေလည်းပါတယ်။ အဲဒီတုန်းက သဲတွေပေါ်မှာ ခြေရာတွေ တွေ့တယ်။ ကလေးခြေရာတွေရော လူကြီးခြေရာတွေရော”ဟု မိန်းကလေးနှင့် အတူနေ ဝမ်းကွဲအစ်ကိုတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ရပ်ကွက်မှာ ဒါမျိုးမရှိဖူးဘူး။ ရပ်ကွက်မှာ မိန်းကလေးတွေ အရွယ်စုံအများကြီးရှိတယ်။ ဒီကောင်ကို တွေ့အောင်ရှာပြီး မှတ်လောက်အောင် လုပ်ပစ်ချင်တယ်” ဟု သူနေထိုင်ရာလမ်းထိပ်ရှိ ဆိုင်ကယ်ကယ်ရီဂိတ်မှ ကယ်ရီသမားများက ဆိုသည်။

သံဒင်းရပ်ကွက်တွင် ကွမ်းယာဘူး (ကွမ်းယာထည့်သည့် ကော်ဘူးအစိမ်းရောင်) ပို့သူ ရောင်းဝယ်သူ မရှိကြောင်းနှင့် ယင်းအလုပ်များလုပ်ကိုင်ကြသူများရှိသည့် ရပ်ကွက်များသို့ တာဝန်ရှိသူများနှင့် ပြည်သူများက သွားရောက်စုံစမ်းလျက်ရှိကြောင်း သိရသည်။

သံဒင်းရပ်ကွက်၌ မိဘများကလည်း မိမိတို့၏ သားသမီးများကို မျက်စိအောက်က အပျောက်မခံရဲသည်အထိ ဖြစ်နေကြရသည်။

“ကလေးက ငြိမ်သွားတယ်ဆိုတာဟာ ထရော်မာ (စိတ်ဒဏ်ရာ) ဖြစ်သွားတာပဲ။ ဒီဒဏ်ရာဟာ သူ့ဆီမှာ ရှိနေသရွေ့ သူ ပုံမှန်လို ပြန်ဖြစ်ဖို့မလွယ်ဘူး။ သေချာတာကတော့ ဒီအကြောင်းကို ပြန်ပြန်ပြောရတိုင်း သူစိတ်ဆင်းရဲနေမှာပဲ” ဟု စိတ်ကျန်းမာရေးအထူးကုဆရာဝန် ဒေါက်တာစန်းစန်းဦးက Myanmar Now ကို ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးတွင် တစ်နှစ်အတွင်း သက်ငယ်မုဒိမ်းမှု ၃၂ မှု၊ အရွယ်ရောက်မုဒိမ်းမှု ၉ မှု တိုးလာခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် မုဒိမ်းမှု ၂၇၀ မှုဖြင့် နိုင်ငံအတွင်း အမြင့်ဆုံးနေရာတွင် ရပ်တည်နေကြောင်း သိရသည်။

လွန်ခဲ့သည့်ရက်ပိုင်းကပင် သာကေတ၌ အသက် ၆ နှစ်သာရှိသေးသည့် ကလေးငယ်တစ်ဦးကို သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့သည်။

“ကျွန်တော်တို့ ဒါနဲ့ပတ်သက်ပြီး အသိပညာများများပေးဖို့ လိုနေပြီဆိုတာကို အကြိမ်ကြိမ်ပြောတယ်။ ဝန်ကြီးကလည်း ညွှန်ကြားချက်တွေပေးပြီးသားပါ။ ဒါကို သက်ဆိုင်ရာဌာနတွေက အကောင်အထည်ဖော်ဖို့ လိုနေပါပြီ” ဟု သက်ငယ်မုဒိမ်းမှုများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးညီညီက ဆိုသည်။

မုဒိမ်းမှုကျူးလွန်မှုများ၊ အထူးသဖြင့် သက်ငယ်မုဒိမ်းမှု ကျူးလွန်မှုများ မဖြစ်ပွားစေရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြပြီး၊ ပြစ်မှုကျူးလွန်သူကို အမြန်ဆုံးဖော်ထုတ် ဖမ်းဆီးနိုင်ရေး ပြည်သူတစ်ရပ်လုံးမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်နှင့် ပြစ်မှုကျူးလွန်သူများကို ထိရောက်ပြင်းထန်စွာ ပြစ်ဒဏ်ပေးနိုင်ရေး ဆောင်ရွက်နိုင်ပါရန် သက်ဆိုင်ရာတာဝန်ရှိသူများသို့ အလေးအနက်တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တစ်စောင်ကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဖေဖော်ဝါရီ ၁၉ ရက်က ထုတ်ပြန်ထားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲကြေညာစာတမ်း (၂၀၁၅)၏ အမျိုးသမီးကဏ္ဍတွင် အမျိုးသမီးများ ဖိနှိပ်ချိုးနှိမ်ခံရမှု၊ မလုံခြုံမှု၊ အကြမ်းဖက်ခံရမှု၊ နည်းမျိုးစုံဖြင့် အနိုင်ကျင့်ခံရမှုများ ရပ်ဆိုင်းသွားရန် လိုအပ်သလို အရေးယူဆောင်ရွက်မည်ဟု ဖော်ပြထားသည်။

Show More

Related Articles

Back to top button