သတင်း

အင်အားများပြားသည့် ရိက္ခာပို့ စစ်ကြောင်းနှင့် ကရင်နီတပ် တိုက်ပွဲဖြစ်

စစ်ကောင်စီ၏ ရိက္ခာစစ်ကြောင်းကို ရှမ်းပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်နှင့် ထိုင်းနိုင်ငံ နယ်နိမိတ်ဆုံသည့် နေရာအနီးတွင် ကရင်နီတပ်မတော် (KA) က ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့က ရှမ်းပြည်နယ် လင်းခေးမြို့နယ် ဟွေဟကျေးရွာတွင် ရိက္ခာတင်လာသော၊ စစ်ကား ၁၃ စီး၊ အင်အား ၂၀၀ ခန့်ရှိသော ထိုစစ်ကြောင်း ကယားပြည်နယ် ရှားတောမြို့နယ်ဘက်သို့ ဆင်းလာစဉ် မွန်းလွဲ ၃ နာရီခန့်က တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ 

တစ်နာရီနီးပါးကြာမြင့်သော တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ငါးဦး သေဆုံးကြောင်း၊ KA ဘက်က အထိအခိုက်မရှိခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ (KMIC) ပြန်ကြားရေးတာဝန်ခံ ခူးညေးရယ်က ပြောသည်။

“အရင်နှစ်ကတည်းက သူတို့ (အဲဒီလမ်း) ဖောက်တယ်။ ဒါပေမဲ့ မိုးရာသီ လမ်းပျက်တော့ ပြန်ပြင်တာ ပြန်ချဲ့တာ ရှိတယ် ဒီနှစ်ထဲမှာ။ အရင်နှစ်က (စစ်ကြောင်း) ထိုးလာတယ်၊ သူတို့ ရိက္ခာပို့တာ ရည်ရွယ်တာပေါ့။ အခု ဒီနှစ်ကတော့ ဘယ်လိုလုပ်လာမလဲ မပြောတတ်သေးဘူး” ဟု ၎င်းက ဆိုသည်။

ပုံမှန်အားဖြင့် စစ်တပ်သည် ရှမ်းပြည်နယ် ကလော-ပင်လောင်း-ဖယ်ခုံ လမ်းမကြီးကို အသုံးပြုသော်လည်း စစ်တပ် အာဏာသိမ်းပြီးနောက် ကရင်နီဒေသတွင် ခုခံတော်လှန်သည့် စစ်ပွဲအရှိန်မြင့်လာရာမှ တောတောင်ထူထပ်သည့် အဆိုပါလမ်းကို အသုံးပြုလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ထိုစစ်ကြောင်းသည် နယ်စပ်တစ်ဝိုက် ဗျူဟာအရ အရေးပါသည့် တောင်ကုန်းများရှိ မဆုတ်တမ်းခံစစ်စခန်းများကို ရိက္ခာနှင့် လက်နက်ခဲယမ်း လာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်း၊ ယမန်နှစ်ကလည်း ပွင့်လင်းရာသီရောက်သည်နှင့် ရိက္ခာလာပို့ခဲ့ကြောင်း ခူးညေးရယ်က ဆိုသည်။

“အထက်က အမိန့်အရ သူတို့က ရှေ့ဆက်တိုးဖို့ပဲရှိတယ်၊ ဒါပေမဲ့ အဲလို (တိုက်ပွဲ) ဖြစ်သွားတော့ သူတို့ရောက်တဲ့နေရာမှာပဲ နားမှာပေါ့။ နယ်စပ်စခန်းမျိုးဆိုရင် တစ်နှစ်စာ သူတို့ ရိက္ခာပို့ရတယ်။ တစ်နှစ်ကို တစ်ခေါက်ပေါ့” ဟု ၎င်းက ပြောသည်။

ရိက္ခာပို့စစ်ကြောင်းမှာ တိုက်ခိုက်ခံရသည့် နေရာအနီး စခန်းချထားကြောင်း သိရသည်။

ထိုစစ်ကြောင်းကို အထောက်အကူပြုနေရသည့် ပြည်သူ့စစ်အဖွဲ့မှာ တိုက်ပွဲဖြစ်သည့် တောင်ကုန်းနှင့် ၁၅ မိုင်ခန့်အကွာ ရှမ်းပြည်နယ် လင်းခေးမြို့နယ် ဟိုမိန်းမြို့တွင် အခြေစိုက်သည့် Southern Shan State (SSS) အဖွဲ့ဖြစ်ကြောင်း KMIC ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“ဟိုမိန်းဘက်မှာ အရပ်သားကားတွေရှိတယ်၊ အရပ်သားကားတွေနဲ့ သူတို့ ကားငယ်နဲ့ပဲ ပို့ရမှာ။ အခုလာတာက ကားကြီးတွေပေါ့၊ စစ်ကားကြီးတွေ” ဟု ၎င်းက ပြောသည်။

SSS အဖွဲ့ကို ဟိုမိန်းပြည်သူ့စစ်ဟုလည်း ခေါ်ပြီး ၁၉၉၆ ခုနှစ်တွင် ခွန်ဆာဦးဆောင်သည့် မုံးတိုင်းတပ်မတော် (MTA) လက်နက်ချစဉ်က ပါဝင်ခဲ့ပြီး စစ်တပ်လက်အောက် ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

လွိုင်ကော်-ရှားတောလမ်းပိုင်းတွင် မကြာခဏ တိုက်ခိုက်ခံနေရသည့် စစ်ကောင်စီတပ်သည် အဆိုပါလမ်းမှ ရိက္ခာနှင့် လက်နက်ခဲယမ်းပို့ဆောင်ရန် အခြေအနေမပေးတော့သဖြင့် ရှမ်းပြည်နယ်ဘက်မှ ထိုးဖောက်ရန် ကြိုးစားလာသည်ဟု ယူဆရကြောင်း ခူးညေးရယ်က ယူဆသည်။

အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို လမ်းပေါ်တွင် ပစ်သတ်ရာမှ လက်နက်ကိုင်တော်လှန်မှု ပေါ်ပေါက်လာရာ ခုခံတော်လှန်စစ်ဖြစ်ပွားသည့် ဒေသများထဲတွင် ကရင်နီဒေသလည်း ပါဝင်သည်။

၂၀၂၁ ခုနှစ် မေလနောက်ပိုင်းတွင် လွိုင်ကော်-ရှားတော လမ်းပိုင်းရှိ ပွန်ချောင်းကျေးရွာအနီး စစ်တပ်ခြေကုပ်စခန်း မကြာခဏ တိုက်ခိုက်ခံရသည်။

KA က နယ်မြေအများစု ထိန်းချုပ်ထားသည့် ရှားတောမြို့နယ်တွင် စစ်ကောင်စီ၏ယန္တရားမှာ မြို့ပေါ်ရပ်ကွက်အချို့တွင်သာ လည်ပတ်နေကြောင်း၊ ဌာနဆိုင်ရာ ရုံးများတွင် ဒေသခံဝန်ထမ်းတချို့သာ ကျန်ရှိတော့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂ တွင် စစ်ကောင်စီက မြို့နယ် ၃၇ ခုကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ရာ ကယား (ကရင်နီ) ပြည်နယ်ရှိ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနှင့် ဘောလခဲမြို့နယ်တို့ ပါဝင်သည်။

အဆိုပါ မြို့နယ်များတွင် ဒီးမော့ဆိုနှင့် ဖရူဆို၌ စစ်အစိုးရယန္တရား လုံးဝပျက်ပြားနေပြီး ရှားတောနှင့် ဘောလခဲတွင်လည်း စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်အချို့ကိုသာ ထိန်းချုပ်ထားနိုင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button