သတင်း

ဟုမ္မလင်း၊ ရွှေပြည်အေးကို သိမ်းပြီး သုံးရက်အကြာတွင် PDF တပ်ပြန်ဆုတ်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ကို တော်လှန်ရေးအဖွဲ့ လေးဖွဲ့ပေါင်း၍ သုံးရက်ကြာ စီးနင်းထားရာမှ ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းတွင် ပြန်လည်ဆုတ်ခွာသည်။

ဟုမ္မလင်းမြို့ တောင်ဘက် မိုင် ၂၀ ခန့်အကွာ၊ အိန္ဒိယနယ်စပ်အနီး ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွှေပြည်အေးမြို့ကို ဒေသကာကွယ်ရေးအဖွဲ့များ (PDF) က အာဏာသိမ်းမှု နှစ်နှစ်ပြည့်သည့်နေ့ ဖေဖော်ဝါရီ ၁ ရက်တွင် ဝင်ရောက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

PDF ဆုတ်ခွာပြီးနောက် ရွှေပြည်အေးမြို့ထဲသို့ စစ်ကောင်စီက အင်အား ၂၀၀ နီးပါးဖြင့် ဝင်လာကာ နယ်မြေရှင်းလင်းရေးလုပ်စဉ် ဒေသခံ အရပ်သားအချို့ကို ပစ်သတ်သည်ဟု တော်လှန်ရေးအင်အားစုတို့က ဆိုသည်။

PDF ၏ စာရင်းအရ ဖေဖော်ဝါရီ ၅ ရက်တွင် တစ်ဦး၊ ယနေ့ (ဖေဖော်ဝါရီ ၆) တွင် နှစ်ဦး စုစုပေါင်း သုံးဦး သတ်ဖြတ်ခံခဲ့ရရာ ထိုသူအားလုံးကို စစ်ကောင်စီက ဦးခေါင်းကို သေနတ်ဖြင့် အနီးကပ်ပစ်၍ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

သေဆုံးသူတစ်ဦးမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် မုံရွာတက္ကသိုလ်၊ အရှေ့တိုင်းပညာဌာနမှ ကထိက အသက် ၃၇ နှစ်အရွယ် ကိုဇင်မျိုးထွဋ်ဖြစ်သည်။ သေဆုံးသည့် အခြားနှစ်ဦးနှင့် ပတ်သက်၍မူ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

“ကျွန်တော်တို့ကတော့ စနစ်တကျ ခွာစစ်ဆင်ခဲ့ပြီ။ လောလောဆယ် မြို့ကို သူတို့ သာလွန်အင်အားသုံးပြီး ပြန်စီးပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ခန္တီးခရိုင်၊ တပ်ရင်းအမှတ် (၁) ဟုမ္မလင်းအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ချင်းတွင်းမြစ်ကမ်းဘေးကပ်လျက်ရှိ ရွှေပြည်အေးမြို့သို့ အထက်ဘက် ဟုမ္မလင်းမြို့မှ တိုက်ရိုက် ကားလမ်းမပေါက်ဘဲ ရေကြောင်းဖြင့် စုန်လာပါက နှစ်နာရီကျော် ကြာမြင့်မည်ဖြစ်သည်။ ထိုမြို့ကို PDF က ဖေဖော်ဝါရီ ၁ ရက် နံနက် ၈ နာရီခန့်တွင် စစ်ကြောင်းသုံးခုခွဲကာ စီးနင်းသည်။

ရွှေပြည်အေးမြို့ပေါ်တွင် စစ်တပ်နှင့် ၎င်းတို့လက်နက်တပ်ဆင်ပေးထားသည့် အရပ်သားလက်နက်ကိုင်အဖွဲ့ (ပျူစောထီး) တို့ပေါင်းကာ တပ်စွဲထားသည့် ဂိတ်စခန်း သုံးခုကို တော်လှန်ရေးအဖွဲ့တို့က တစ်ပြိုင်တည်း ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

စစ်သားတစ်ဦး၊ ပျူစောထီး ၆ ဦးခန့် နေရာယူထားသည့် ဂိတ်သုံးခုစလုံးကို ၃ နာရီအကြာ၊ နံနက် ၁၁ နာရီတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဂိတ်စခန်းများကို PDF က တိုက်ခိုက်ချိန်တွင် ကျန်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့များမှာ ရွှေပြည်အေးမြို့နှင့် မလှမ်းမကမ်း ချင်းတွင်းမြစ်နံဘေး ဆိပ်ကမ်းအနီး ကုန်းတစ်ခုပေါ်တွင် ရှိနေကြောင်း တော်လှန်ရေးအင်အားစုတို့ထံမှ သိရသည်။

တော်လှန်ရေးအဖွဲ့ သုံးရက်ကြာ စီးနင်းခဲ့ချိန်အတွင်း စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ပေါ် စစ်ကောင်စီ စခန်းတစ်ခု။ ဓာတ်ပုံ-PDF

“(စစ်ကောင်စီ) အထိနာတယ်ပေါ့။ သူတို့ ရွှေပြည်အေးရဲ့ဆိပ်ကမ်းဖြစ်တဲ့ သူတို့ပင်မစခန်း ဌာနချုပ်မှာ အကုန်လုံး သွားစုပြုံနေကြတယ်” ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် HPDF အဖွဲ့ တာဝန်ခံက ပြောသည်။

ရွှေပြည်အေးမြို့ကို စတင်သိမ်းပိုက်သည့် ဖေဖော်ဝါရီ ၁ ရက်တွင် ဆိပ်ကမ်းရှိ စစ်ကောင်စီဌာနချုပ်ကို PDF က သွားရောက်တိုက်ခိုက်ခဲ့သော်လည်း ညနေပိုင်းတွင် တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် သုံးကြိမ်တိုင် တုံ့ပြန်တိုက်ခိုက်မှုကြောင့် ထိုစခန်းကို မသိမ်းပိုက်နိုင်ခဲ့ဟု သိရသည်။

“ရွှေပြည်အေးမြို့အဝင် ဆိပ်ကမ်းကနေ ကမ်းကပ်လိုက်ပြီဆိုတာနဲ့ အဲဒီနေရာလေးပဲ ကွက်ကျန်နေတာဖြစ်တယ်။ (မြို့) ၉၉ ရာခိုင်နှုန်းကို (PDF က) သိမ်းထားပြီးဖြစ်တယ်” ဟု အထက်ပါ HPDF တာဝန်ခံက ပြောသည်။

ရွှေပြည်အေးမြို့ကို ဒုတိယနေ့အဖြစ် PDF က စီးနင်းထားသည့် ဖေဖော်ဝါရီ ၂ ရက်တွင် ရေကြောင်း၊ ကုန်းကြောင်းမှ စစ်ကူပို့ရန် လုပ်ဆောင်ခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့များက ဆိုသည်။

နောက်တစ်နေ့ ဖေဖော်ဝါရီ ၃ ရက် နေ့လယ်ပိုင်းတွင် လေကြောင်းမှ လာရောက်ပစ်ခတ်သည့် စစ်ကောင်စီ ရဟတ်ယာဉ် ၁ စီးကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက ပစ်ချနိုင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးပါ။

ဒေသခံကာကွယ်ရေးအဖွဲ့များ စီးနင်းထားသည့် ၇၂ နာရီဝန်းကျင်အတွင်း ဆိပ်ကမ်းတွင် ကတုတ်ကျင်းများ၊ လိုဏ်ခေါင်းများဖြင့် အခိုင်အမာတည်ဆောက်ထားပြီး အင်အား ၆၀ ခန့်ရှိသည့် စစ်ကောင်စီ ပင်မစခန်းမှအပ ရွှေပြည်အေးမြို့ကို အပြည့်အဝ ထိန်းထားနိုင်ခဲ့သည်ဟု ကာကွယ်ရေးအဖွဲ့တို့က ဆိုသည်။

တော်လှန်ရေးအဖွဲ့ သုံးရက်ကြာ စီးနင်းခဲ့ချိန်အတွင်း စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ပေါ်တွင် ရှာဖွေတွေ့ရှိသည့် အထောက်အထားတစ်ခု။ ဓာတ်ပုံ-PDF

ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် တက်လာချိန်တွင် မြို့တွင်းမှ ပြန်လည်ဆုတ်ခွာခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့တို့ထံမှ သိရသည်။

“ပြီးတော့ သူတို့ကြောင့် ပြည်သူတွေရဲ့ အဆောက်အအုံအချို့ ပျက်စီးတာတွေလည်း ရှိတော့ မဆုံးရှုံးအောင် ယာယီနောက်ဆုတ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ရန်သူ့စစ်ကြောင်းပေါ် မူတည်ပြီး လှုပ်ရှားမှာပါ” ဟု ဒေသကာကွယ်ရေးအဖွဲ့ နောက်တစ်ခုဖြစ်သည့် HPDF 124 အဖွဲ့မှ ကိုချာလီဆိုသူက ပြောသည်။

ရွှေပြည်အေးမြို့ကို NUG ခန္တီးခရိုင် အမှတ်(၁) တပ်ရင်း (ဟုမ္မလင်း)၊ HPDF၊ HPDF 124, HPDF (မိုးကြိုးတပ်ရင်း) တို့ ပူးပေါင်း၍ အလစ်အငိုက်ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများသည်ဟု PDF တို့က ဆိုသော်လည်း အသေးစိတ် အတည်မပြုနိုင်သေးပေ။ တော်လှန်ရေးအဖွဲ့များဘက်မှ HPDF 124 အဖွဲ့ဝင် အသက် ၂၇ နှစ်အရွယ် ရဲဘော်ဘုန်းကြီး၊ အသက် ၂၆ နှစ် အရွယ် ရဲဘော်နိုင်လူနှင့် ခန္တီးခရိုင် အမှတ် ၁ တပ်ရင်း မှ ရဲဘော်ဒီဒီတို့ သေဆုံးသည်ဟု သိရသည်။

ရွှေပြည်အေးမြို့အနီး ရွှေတူးဖော်ခြင်းလုပ်ငန်းများကို အာဏာမသိမ်းမီက ပိတ်ပင်ထားသော်လည်း စစ်ကောင်စီလက်ထက်တွင် ချင်းတွင်းမြစ်ဖြတ်သန်းစီးဆင်းရာ ထိုဒေသအတွင်း ရွှေမျောလုပ်ငန်းများတွင်ကျယ်စွာ လုပ်ဆောင်နေသည်ဟု အထက်ပါသတင်းရင်းမြစ်တို့က ဆိုသည်။

ရွှေပြည်အေးမြို့သစ်သည် ယခင်စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်တွင် စစ်ကိုင်းတိုင်းတိုင်းမှူး ဗိုလ်ချုပ်သာအေး တည်ထောင်ခဲ့သော မြို့ဖြစ်သည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထုတ်ပြန်ချက်အရ ရပ်ကွက် ၁၁ ခုနှင့် အိမ်ခြေ ၄၈၀ နီးပါးရှိပြီး လူဦးရေ ၂၅၀၀ ကျော် နေထိုင်သည်။

ရွှေပြည်အေးမြို့အထက်ပိုင်း ဟုမ္မလင်းမြို့တွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ၁ ရင်း၊ ခြေမြန်တပ်ရင်း ၂ ရင်း အခြေစိုက်သည်။ ရွှေပြည်အေးမြို့အောက်ဘက် မိုင် ၃၀ ခန့်အကွာ ဖောင်းပြင်မြို့တွင်လည်း စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ၂ ရင်းရှိသည်။

ထို့ပြင် ရွှေပြည်အေးမြို့အနီး ကျေးရွာများမှာ စစ်တပ်နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသော ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ၈၉၁ တပ်ရင်း၏ ထိန်းချုပ်နယ်မြေများဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

စစ်ရေးတင်းမာနေသည့် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ပေါ်မှ တိမ်းရှောင်နေသည့် ဒေသခံအချို့ကို ဖေဖော်ဝါရီ ပထမပတ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ-PDF

စစ်ရေးတင်းမာနေဆဲဖြစ်သည့် ရွှေပြည်အေးမြို့မှ ဒေသခံများမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသော်လည်း အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးပေ။ စစ်ကောင်စီကလည်း နှုတ်ဆိတ်နေသည်။

စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်အကြာ တစ်နိုင်ငံလုံး မြို့နယ်ပေါင်း ၃၀၀ ကျော်အနက် ထက်ဝက်ခန့်ကိုသာ ထိန်းချုပ်ထားနိုင်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က ဝန်ခံထားသည်။

ထိုအစည်းအဝေးအပြီး စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည့် မြို့နယ် ၃၇ မြို့နယ်ရှိရာ စစ်ကိုင်းမှ ၁၁ မြို့နယ် ပါဝင်သည်။ ဗမာအများစု နေထိုင်ရာ မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ကိုင်းနှင့် မကွေးတိုင်းတို့သည် တော်လှန်ပုန်ကန်မှုနှင့် နှစ်ပေါင်းများစွာ နီးစပ်ခြင်းမရှိခဲ့ပေ။

သို့သော် ၂၀၂၁ ဖေ ဖော်ဝါရီတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်ချိန်တွင် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ဒေသများမှာလည်း ထိပ်ဆုံးမှ ပါဝင်နေသည်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ တည်နေရာပြမြေပုံ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button