
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ နိုဝင်ဘာတတိယပတ်တွင် သိမ်းပိုက်ခံရပြီးနောက် ဟုမ္မလင်းမြို့ပေါ်မှ အရပ်သား ၁၀ ဦးဝန်းကျင်ကို စစ်ကောင်စီက တော်လှန်ရေးအင်အားစုများကို ထောက်ပံ့သည်ဟု စွပ်စွဲကာ ဖမ်းသွားကြောင်း၊ စစ်ကြောရေးတွင် သေဆုံးသူများရှိနေကြောင်း စုံစမ်းသိရှိရသည်။
နိုင်ငံအထက်ပိုင်း ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းဘေးရှိ ဟုမ္မလင်းတွင် မြို့ပေါ်ရှိ အမျိုးသမီးများအပါအဝင် အရပ်သား ၁၀ ဦးကို ဟုမ္မလင်းမြို့ အခြေစိုက် အမှတ် (၂၂၂) ခြေလျင်တပ်ရင်းနှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့က နိုဝင်ဘာ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ထိုဒေသတွင် စစ်ကောင်စီကို ခုခံနေသည့် ကာကွယ်ရေးအဖွဲ့ HPDF -124 တာဝန်ခံ ကိုချာလီက မြေပြင်သတင်းရင်းမြစ်များကို ကိုးကားပြီး ပြောသည်။
ဖမ်းဆီးသွားသူများအနက် အမျိုးသား ၄ ဦး စစ်ကြောရေးတွင် သေဆုံးသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အမည်နှင့်တကွ အတည်ပြုနိုင်သူ ၂ ဦးရှိပြီး ရုပ်အလောင်းများကို ဒီဇင်ဘာ ၁ ရက်နေ့တွင် မိသားစုများထံ ပြန်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကလည်း “ကျွန်တော်တို့ အသေအချာသိတာက ၂ ဦး။ သူတို့ကို ဘာလို့ဖမ်းသွားတာလဲဆိုတာ ကျွန်တော်တို့လည်း နားမလည်ဘူး။ သူတို့ကလည်း ရိုးရိုးပြည်သူအရပ်သားတွေပဲ” ဟု ၎င်းက ပြောသည်။
ကျန် ၈ ဦးနှင့် ယနေ့တိုင် အဆက်အသွယ်ပြတ်တောက်နေပြီး မည်သည့်နေရာတွင် ရှိနေသည်ကို စုံစမ်း၍ မရဟု အထက်ပါ သတင်းရင်းမြစ်နှစ်ဦးက ပြောသည်။ စစ်ကောင်စီလက်ထဲတွင် သေဆုံးသွားသူ ၂ ဦးနှင့် ကျန် ၈ ဦးတို့၏ အမည်နှင့် အသေးစိတ်အချက်အလက်များကိုမူ ၎င်းတို့က ထုတ်မပြောပေ။
အထက်ပါ ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီ၏ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဟုမ္မလင်းမြို့ သက်ဆိုင်ရာဌာနသို့ ဆက်သွယ်မေးမြန်းကြည့်ဦးမည်ဟုသာ ပြောသည်။
အရပ်သားများကို ဖမ်းဆီးမှုတွင် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) မှ ပါဝင်သည်ဟု ဒေသခံများက ဆိုသော်လည်း SNA က ထိုစွပ်စွဲချက်ကို ငြင်းဆန်သည်။
“မြို့ပေါ်မှာတော့ တက်ဖမ်းလို့ရနိုင်တဲ့ အဆင့်မရှိဘူး။ မြို့ကတော့ နိုင်ငံတော်ကပဲ အုပ်ချုပ်ထားတဲ့သဘောရှိတယ်” ဟု SNA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဆေက ပြောသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တောင်ပိုင်းတွင် လှုပ်ရှားသည့် ရှမ်းနီအမျိုးသားများတပ်မတော်သည် စစ်တပ်အာဏာသိမ်းပြီး အစောပိုင်းကာလများတွင် လက်နက်ကိုင်တော်လှန်ရေး စိတ်အားထက်သန်သည့်လူငယ်များကို စစ်သင်တန်းများ ပေးအပ်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်တပ်နှင့် ပိုမိုနီးကပ်သည့်ဆက်ဆံရေးရှိကြောင်း ဒေသခံများက ပြောသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တောင်ပိုင်းတွင် ရှမ်းနီတိုင်းရင်းသားများ ပျံ့နှံ့နေထိုင်ကြပြီး ထိုအထဲတွင် ဟုမ္မလင်းမြို့နယ်လည်း ပါဝင်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင် ၃ ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့က အောက်တိုဘာလကုန်ပိုင်းစပြီး ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်ချိန် စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ အပါအဝင် နိုင်ငံအနှံ့ တိုက်ပွဲများ ပိုမိုကျယ်ပြန့်လာသည်။
နိုဝင်ဘာလအတွင်း စစ်ကိုင်းတိုင်းမှ ခရိုင်အဆင့်မြို့ဖြစ်သည့် ကောလင်းမြို့၊ ခမ်းပတ်မြို့နှင့် ရွှေပြည်အေးမြို့တို့ကို ကာကွယ်ရေးအဖွဲ့များ တိုက်ခိုက် သိမ်းပိုက်ထားနိုင်ခဲ့သည်။
ချင်းတွင်းမြစ်ကမ်းဘေးတွင် ရှိပြီး လူဦးရေ ၂၅၀၀ ကျော် နေထိုင်သည့် ရွှေပြည်အေးမြို့သည် စီးပွားရေးနှင့် စစ်ရေးအရ အရေးပါသည့်မြို့ဖြစ်ပြီး ကာကွယ်ရေးအဖွဲ့များက ယခုနှစ် ဖေဖော်ဝါရီလတွင် ပထမအကြိမ် မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရာ ၃ ရက်အကြာတွင် ရွှေပြည်အေးမြို့ကို ပြန်လည်လက်လွှတ်ခဲ့ရသည်။
ထို့နောက် ၉ လကျော်အကြာတွင် ရွှေပြည်အေးမြို့တွင် အခိုင်အမာ အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးအင်အားစုများက ၃ ရက်ကြာ အပြင်းအထန်တိုက်ခိုက်ပြီး နိုဝင်ဘာ ၂၃ ရက်နေ့တွင် မြို့ကို သိမ်းပိုက်ခဲ့သည်။
မြို့ကို သိမ်းပိုက်ပြီး နှစ်ပတ်နီးပါး ကြာမြင့်လာသည်အထိ တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားဆဲဖြစ်ပြီး လက်ရှိအချိန်ထိ မြေပြင်စစ်ကြောင်းထိုးလာခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
မြို့သိမ်းတိုက်ပွဲပြင်းထန်စဉ် မြို့ခံလူထုအများစုမှာ ဟုမ္မလင်းမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားပြီး လက်ရှိအချိန်ထိ အများစု နေရာပြန်ဝင်နိုင်ခြင်းမရှိသေးဘဲ၊ အုပ်ချုပ်ရေးယန္တရား စတင်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။