သတင်း

စစ်ရှိန်မြင့်နေသည့် ဟုမ္မလင်းမြို့နယ်ကို လေကြောင်းဖြင့် နှစ်ရက်ဆက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းရှိ ရွှေပြည်အေးမြို့ကို ဒုတိယမ္ပိ သိမ်းပိုက်နိုင်ရန် တော်လှန်ရေးအင်အားစုများက ကြိုးပမ်းနေကြရာ စစ်တပ်က ပြင်းပြင်းထန်ထန်တုံ့ပြန်နေသည်။

ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲပြင်းထန်နေသည့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့အနီးတစ်ဝိုက်ကို စစ်ကောင်စီက နှစ်ရက်ဆက် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဟုမ္မလင်းမြို့တောင်ဘက် မိုင် ၂၀ ခန့်အကွာ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွှေပြည်အေးမြို့ အနီးတစ်ဝိုက်နှင့် နောင်ဆန်းကျင်ရွာကို ယမန်နေ့ (နိုဝင်ဘာ ၂၇) ညနေ ၃ နာရီခွဲဝန်းကျင်တွင် တစ်ကြိမ်၊ ယနေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် တစ်ကြိမ် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မနေ့က ပစ်ချိန်က တစ်နာရီလောက် ကြာတယ်။ ဒီနေ့လည်း တစ်နာရီလောက်ပဲ ပစ်တာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ 

ယမန်နေ့ ညနေပိုင်းက နောင်ဖာမူရွာကိုလည်း လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ နေအိမ်တချို့ ထိခိုက်ပျက်စီးပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း၊ ဟုမ္မလင်းမြို့အခြေစိုက် အမှတ် ၂၂၂ ခြေလျင်တပ်ရင်းမှ အနီးအနားရွာများကို လက်နက်ကြီးဖြင့် ၄ ကြိမ်ပစ်ခတ်ခဲ့ကြောင်း အထက်ပါ ဒေသခံထံမှ သိရသည်။

အသေးစိတ်အချက်အလက်များကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

စစ်ကောင်စီနှင့် ပူးတွဲစစ်ရေးလှုပ်ရှားလေ့ရှိသည့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းဆေကို ယနေ့ ဆက်သွယ်မေးမးမြန်းရာ၌ ထိုဒေသတွင် စစ်ရှိန်မြင့်နေသည်မှာ မှန်ကန်သည်ဟု အတည်ပြုသည်။

ဟုမ္မလင်းမြို့ တောင်ဘက်ခြမ်း ရွှေပြည်အေးမြို့နှင့် နောင်ပိုအောင်၊ လွှစင်ကုန်းစသည့် ကျေးရွာများတွင် တော်လှန်ရေးပူးပေါင်းအဖွဲ့များက နိုဝင်ဘာ ၂၂ ရက်နေ့မှ စတင်ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း SNA တာဝန်ရှိသူက ဆိုသည်။

ရွှေပြည်အေးမြို့တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် တော်လှန်ရေးအင်အားစုများက မြို့ကို ထိန်းချုပ်ထားနိုင်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း SNA ပြောရေးဆိုခွင့်က ငြင်းဆိုပြီး တိုက်ပွဲများ ဆက်ဖြစ်နေဆဲဟု ပြောသည်။

“ရွှေပြည်အေးမှာတော့ နှစ်ဖက်အသေအပျောက်တွေ များတယ်လို့ပဲ ပြောလို့ရတယ်။ (ဒီနေ့ထိ) ဆက်ဖြစ်နေတုန်းပဲ” ဟု ဗိုလ်မှူးကြီးစိုင်းဆေက ဆိုသည်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ၂၀၂၃ ဖေဖော်ဝါရီလဆန်းက တွေ့ရစဉ်။ ဓာတ်ပုံ- ပေးပို့

ရွှေပြည်အေးတွင် ဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး ထိုဒေသတွင်း လှုပ်ရှားသည့် တော်လှန်ရေးအဖွဲ့များက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

တိုက်ပွဲများကြောင့် ရာနှင့်ချီသည့် ဒေသခံများ ဟုမ္မလင်းမြို့ပေါ်နှင့် ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

“မနေ့က တော်တော်များများ ရှောင်လာကြတယ်။ ဆိုင်ကယ်တွေနဲ့ တက်လာပြီးတော့ ရှောင်ကြတယ်။ ရေလမ်းတွေကတော့ ပိတ်တယ်လို့ ပြောရမယ်ဗျ။ မသွားရဲတော့တာလည်း ပါမယ်။ ကုန်းလမ်းကတော့ အနီးအနားဝန်းကျင်တော့ သွားလို့ရတယ်။ လောလောဆယ်ကတော့ ညပိုင်းဆိုရင် တော်တော်များများ မသွားကြ မလာကြဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဟုမ္မလင်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ဟုမ္မလင်းမြို့ တောင်ဘက် မိုင် ၂၀ ခန့်အကွာ ချင်းတွင်းမြစ်ကမ်းဘေးရှိ ရွှေပြည်အေးမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့စခန်းများကို တော်လှန်ရေးအဖွဲ့များက စစ်တပ်အာဏာသိမ်းမှု ၂ နှစ်ပြည့် ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဝင်ရောက်တိုက်ခိုက်ပြီး ၃ ရက်ကြာ မြို့ကို ထိန်းသိမ်းထားနိုင်ခဲ့ဖူးသည်။

ထို့နောက်တွင် ရွှေပြည်အေးမြို့ကို စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်သဖြင့် တော်လှန်ရေးအဖွဲ့များ တပ်ပြန်ဆုတ်ခဲ့ရသည်။ ထိုမှ ကိုးလကျော်အကြာတွင် ရွှေပြည်အေးမြို့ကို တော်လှန်ရေးအင်အားစုများက တစ်ကျော့ပြန်တိုက်ခိုက်လာခြင်းဖြစ်သည်။

၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့တွင် ဖြစ်ပွားသည့် တိုက်ပွဲအခြေအနေပြမြေပုံ။

အိမ်ခြေ ၅၀၀ နီးပါးရှိပြီး လူဦးရေ ၂၅၀၀ ကျော် နေထိုင်ရာ ရွှေပြည်အေးမြို့ကို ယခင်စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်တွင် စစ်ကိုင်းတိုင်း တိုင်းမှူးအဖြစ် တာဝန်ယူသည့် ဗိုလ်ချုပ်သာအေး ထူထောင်ခဲ့ခြင်းဖြစ်သည်။

ရွှေပြည်အေးမြို့အထက်ပိုင်း ဟုမ္မလင်းမြို့တွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ၁ ရင်း၊ ခြေမြန်တပ်ရင်း ၂ ရင်း၊ ရွှေပြည်အေးမြို့ အောက်ပိုင်း မိုင် ၃၀ ခန့်အကွာ ဖောင်းပြင်မြို့တွင်လည်း ခြေမြန်တပ်ရင်း ၂ ရင်းရှိသည်။

ထို့ပြင် ရွှေပြည်အေးနှင့် အနီးတစ်ဝိုက်တွင်လည်း စစ်တပ်နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသည့် ရှမ်းနီတပ် SNA ၏ ၈၉၁ တပ်ရင်း ထိန်းချုပ်နယ်မြေများဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင် ၃ ဖွဲ့က မဟာမိတ်များနှင့် ပူးပေါင်းပြီး အောက်တိုဘာ ၂၇ ရက်မှစတင်ကာ ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်လျက်ရှိပြီး နိုဝင်ဘာလဆန်းပိုင်းမှစတင်ကာ မြန်မာနိုင်ငံအလယ်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်တို့အထိ တိုက်ပွဲများ ကျယ်ပြန့်လာသည်။

စစ်ကိုင်းတိုင်း၊ ခရိုင်အဆင့်မြို့ဖြစ်သည့် ကောလင်းမြို့နှင့် တမူးမြို့နယ် ခမ်းပတ်မြို့တို့ကို တော်လှန်ရေးအင်အားစုများက နိုဝင်ဘာ ပထမပတ်မှစတင် ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေပြီဟု သိရသည်။

အာဏာသိမ်းပြီး သုံးနှစ်နီးပါးအကြာတွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံမှုများ အလွန်အားကောင်းနေပြီး ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်တို့ရှိ စစ်တပ်အခြေစိုက်စခန်းများစွာနှင့် မြို့တချို့ကို တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ထားကြသည်။

နိုဝင်ဘာ ၂၈၊ ည ၉း၀၀ နာရီ ဖြည့်စွက်ချက် –

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၆ နာရီတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု ယနေ့ည ၈ နာရီတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးကို ပူးပေါင်းတပ်က ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

Show More

Related Articles

Back to top button