
ကြီးလေးသော ပုဒ်မများဖြင့် တရားစွဲခံထားရသည့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့ဝင် အမျိုးသား ၇ ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ပုသိမ်အကျဉ်းထောင်တွင်း တရားရုံးက ယခုလ ၂၀ ရက်တွင် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်သည်ဟု သိရသည်။
မြို့ပြပြောက်ကျားအဖွဲ့ဝင်များဖြစ်သည့် ကိုထွန်းလင်းအောင်၊ ကိုခန့်ကိုကိုဇင် တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ် ၁၅ နှစ်စီ၊ ကိုကောင်းထက်စံ၊ ကိုထင်လင်းဦး၊ ကိုဇော်ဇော်၊ ကိုကောင်းမြတ်ဇော်၊ ကိုကိုကိုအောင်နှင့် ဇနီးဖြစ်သူတို့ကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်သည်ဟု နီးစပ်သူများက ပြောသည်။
ထိုသူများသည် ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့ (Pathein Special Task Force-PSTF) မှ အဖွဲ့ဝင်များဖြစ်ကြပြီး ပြီးခဲ့သည့် ၂၀၂၁၊ ဇွန်လက ပုသိမ်မြို့ပေါ်၌ မြို့ပြစစ်ဆင်ရေးတစ်ခုပြုလုပ်စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။
ယခုကဲ့သို့ မတရားဖမ်းဆီးထောင်ချခံရမှုအပေါ် စိတ်မကောင်းဖြစ်မိသော်လည်း စစ်အာဏာရှင်အမြစ်ပြတ်အောင် အင်တိုက်အားတိုက် ချေမှုန်းသွားမည်ဟု ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။
“ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကို အကြမ်းဖက်ပုဒ်မတွေ တပ်တယ်။ ပြီးတော့ ပြစ်ဒဏ်တွေကို နှစ်ရှည်တွေ၊ ၁၀ နှစ်၊ ၁၅ နှစ်၊ အနှစ် ၂၀ တွေ ချတဲ့အပေါ်မှာကတော့ စိတ်မကောင်းဘူး။ ဒါပေမဲ့ ဒီအချိန်မှာတော့ ဒီအကြမ်းဖက်တွေ (စစ်ကောင်စီ) စိုးမိုးမှုရှိနေတဲ့နေရာမျိုးမှာ သူတို့ လုပ်ချင်တိုင်းလုပ်လို့ရတဲ့ အနေအထားဖြစ်တဲ့အတွက် ထွေထွေထူးထူးတော့ ပြောစရာမရှိဘူး” ဟု ထိုအမျိုးသားက ဆိုသည်။
“အထဲမှာ ကျန်းမာရေး ဂရုစိုက်ပေးပါ။ ကျွန်တော်တို့ အပြင်ကျန်ရှိနေသေးတဲ့ ရဲဘော်ရဲဘက်တွေဘက်ကလည်း ၂၀၂၃ One Year Plan မှာ ဒီစစ်အာဏာရှင်ကို အမြစ်ပြတ်ဖို့ကို အင်တိုက်အားတိုက်နဲ့ တိုက်ပွဲဝင်နေတယ်ဆိုတဲ့ အကြောင်းကို ပြည်သူတွေကိုရော ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြောချင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ကိုထွန်းလင်းအောင် အပါအဝင် လူ ၈ ဦးကို ၂၀၂၁ ၊ ဇွန်လ ၂၀ က ပုသိမ်ဟိုတယ်ရှေ့၌ လက်လုပ်ဗုံးပေါက်ကွဲမှုဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်နက်များ၊ ဖောက်ခွဲရေးပစ္စည်းများ စုဆောင်းရန်နှင့် ဖောက်ခွဲရာတွင် ပါဝင်သည်ဟု စွပ်စွဲချက်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ဂ)၊ ၅၀(စျ) တို့ဖြင့် တရားစွဲဆို၍ ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီး ငါးလခန့်အကြာတွင် တိုက်ခိုက်မှုပြုလုပ်ခဲ့သော ထိုလူငယ်အဖွဲ့ဝင်များကို စစ်ကြောရေးတွင် နှစ်ကြိမ် စစ်ဆေးကာ ပုသိမ်ထောင်၌ တစ်နှစ်ခွဲနှစ်နီးပါး ချုပ်နှောင်ထားခြင်း ဖြစ်သည်။
“ဖမ်းပြီးတော့ စစ်ကြောရေး တိုက်ရိုက်ခေါ်သွားတာ။ စစ်ကြောရေးမှာ တစ်ပတ်လောက် ကြာတယ်။ နောက်တစ်ခါ စစ်ကြောရေးမှာ တစ်ပတ်လောက် ကြာတယ်။ ရဲစခန်းအချုပ်ကို ပြန်ပို့သေးတယ်။ ပြီးမှ ထောင်ကို ပို့တာ။ အမိန့်ချပြီးတော့ ပုသိမ်ထောင်မှာပဲ ဆက်ရှိနေသေးတယ်” ဟု ပုသိမ်ထောင်နှင့် နီးစပ်သူ နိုင်ကျဉ်းမိသားစုဝင်တစ်ဦးက ဖမ်းဆီးခံရစဉ်က အခြေအနေကို ရှင်းပြသည်။
ထိုစဉ်က ပုသိမ်ဟိုတယ်ရှေ့ ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ်၍ အဖွဲ့ဝင်တစ်ဦး ဖမ်းမိရာမှ နောက်တစ်နေ့တွင် အဖွဲ့ဝင်များကို ဆက်တိုက်ဖမ်းဆီးရမိခဲ့ကြောင်း၊ SMM KUZEY-GN-19 အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၎င်းကျည် ၅၀ တောင့်၊ လက်လုပ်ဗုံး ၂ လုံးနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီဘက်က ၂၀၂၁ ဇွန် ၂၂ က ဓာတ်ပုံများဖြင့် ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် ပုသိမ်အကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသား ၄၅၀ ခန့်ရှိပြီး ၃၈၀ ခန့်မှာ အမျိုးသားများဖြစ်ပြီး ၇၀ ခန့် မှာ အမျိုးသမီးများဖြစ်ကြောင်း သိရသည်။
မြန်အောင်မြို့မှ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သော ကျောင်းဆရာ သေဒဏ်ချခံရမှုနှင့် ပတ်သက်၍ နိုင်ကျဉ်း ၈ ဦးက ကန့်ကွက်ရာမှ အစပြုကာ ပြီးခဲ့သည့် ဇန်နဝါရီ ၆ တွင် ပုသိမ်ထောင်၌ ထောင်ဝန်ထမ်းများနှင့် နိုင်ကျဉ်းများ အဓိကရုဏ်းဖြစ်ပွားခဲ့သည်။
ထိုဖြိုခွင်းမှုတွင် အကျဉ်းသား အသက် ၃၃ နှစ်အရွယ် ကိုဝေယံဖြိုး သေဆုံးခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၆၀ ကျော် ဒဏ်ရာရခဲ့ပြီးနောက် ပုသိမ်ထောင်တွင် တင်းကျပ်မှုများ ပြုလုပ်ခဲ့သည်။
“ရွေးကောက်ပွဲမလုပ်ခင် ၂၀၂၃ ဖေဖော်ဝါရီမှာ နိုင်ကျဉ်းအမှုတွေ အပြီးသတ်ချမယ်ဆိုပြီးတော့ အသံထွက်နေတယ်။ ပုသိမ်ထောင်က လူတွေ့ (ထောင်ဝင်စာ) က ကျပ်တယ်။ နိုင်ကျဉ်းတွေကို တခြားအမှုကလူတွေနဲ့ ရောထားတယ်” ဟု အထက်ပါလူက ဆက်ပြောသည်။
ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့သည် မြို့ပြတစ်ခုတည်းတွင်သာ လှုပ်ရှားသည်မက ဧရာဝတီတိုင်းပြင်ပတွင်လည်း အခြေစိုက် လှုပ်ရှားနေသည်။
သို့ရာတွင် လွတ်မြောက်နယ်မြေ၌ ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ မြို့ပေါ်တွင် လှုပ်ရှားနေသဖြင့် အခက်အခဲရှိကြောင်း အဖွဲ့တာဝန်ရှိသူက ပြောသည်။
“ဧရာဝတီတိုင်း ၂၆ မြို့နယ်ရှိတဲ့နေရာမှာ ပုသိမ်ဟာ ခရိုင်၊ မြို့နယ် နောက်ပြီးတော့ ကြည်း၊ ရေ၊ လေ အခြေစိုက်တဲ့ မြို့နယ်လည်း ဖြစ်တယ်။ မြို့ပြလေးက အရမ်းကျဉ်းတယ်။ တစ်မြို့လုံးမှာမှ ၁၅ ရပ်ကွက်မှာ မြစ်ကြီးခြားပြီးတော့မှ ဟိုဘက်ကမ်းမှာ ၂ ရပ်ကွက်နဲ့ ဒီဘက်ရပ်ကွက်မှာ ၁၃ ရပ်ကွက်ပဲ ရှိတယ်။ လှုပ်ရှားရတာ အင်မတန်ခက်တယ်” ဟု သူက ဆိုသည်။
PSTF အဖွဲ့ဝင်များ မကြာခဏဆိုသလို ဖမ်းဆီးခံရမှုများနှင့် ကြုံတွေ့နေရပြီး ရန်ကုန် အင်းစိန်အကျဉ်းထောင်၊ ပုသိမ်အကျဉ်းထောင်တို့တွင် ဖမ်းဆီးချုပ်နှောင်ခံရသူ ၂၀ ဦးခန့်ရှိကြောင်း ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့ထံမှ သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)