ဆောင်းပါး

စစ်ကိုင်းတိုင်း စစ်မြေပြင်မှ သတင်းထောက်၏ ကိုယ်တွေ့မှတ်တမ်း

ကားဆင်းမည့်နေရာရောက်ရန် မိုင်အနည်းငယ်အလိုတွင် ကြိုတင်ချိတ်ဆက်ထားသည့် တော်လှန်ရေးရဲဘော်ကို မည်သည့်နေရာ ရောက်နေပြီဖြစ်ကြောင်း လှမ်းအကြောင်းကြားလိုက်သည်။ အာဏာသိမ်း စစ်တပ်ကို ခုခံတော်လှန်ရာတွင် နာမည်ကြီးနေသည့် စစ်ကိုင်းတိုင်းသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်သတင်းယူရေး ခရီးစဉ်အစပင်။

စစ်ကိုင်းတိုင်းရှိ ခင်ဦး၊​ ရေဦးနှင့် ဒီပဲယင်းမြို့နယ်များသို့ သွားရောက်နိုင်ရေး နယ်မြေခံတော်လှန်ရေးအဖွဲ့များကို ကြိုတင်ချိတ်ဆက်ခဲ့ရသည်။ ကိုယ်မရောက်ဖူးသော ဒေသဖြစ်သည့်အပြင် အဆင့်ဆင့် ချိတ်ဆက်ပြီးမှ လာရသည်ဖြစ်ရာ လမ်းတစ်လျှောက်လုံး ရင်ခုန်စိတ်လှုပ်ရှားနေမိသည်။ နေ့စဉ်နေ့တိုင်းလိုလို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသည်ဖြစ်ရာ အကြောင်းမသင့်ပါက ဘာမဆို ဖြစ်ပျက်သွားနိုင်သည်။

ချိန်းဆိုထားရာနေရာ ရောက်ချိန်တွင် နေအတော်စောင်းနေပြီဖြစ်သည်။ ကျောပိုးအိတ်လွယ်ကာ ကားပေါ်မှ ဆင်းလိုက်သည်။ အနီးဝန်းကျင်တွင် လူတစ်ဦးတစ်ယောက်မျှ မတွေ့ရ။ ရောက်နေပြီဖြစ်ကြောင်း လှမ်းအကြောင်းကြားလိုက်ပြီးနောက် လမ်းဘေးရှိ ကျောက်ခဲပုံပေါ် ထိုင်စောင့်နေလိုက်သည်။ 

မိနစ်အနည်းငယ်အကြာတွင် ဆိုင်ကယ်တစ်စီးဖြင့် လူနှစ်ဦးရောက်လာသည်။ ခပ်နွမ်းနွမ်း ဂျင်းဘောင်းဘီဝတ်ထားသည့် ပိန်ပိန်ရှည်ရှည် လူငယ်တစ်ဦးနှင့် အရပ်ပုပု ဝဝဖိုင့်ဖိုင့် လူကြီးတစ်ဦးဖြစ်သည်။ နှစ်ဦးစလုံး လျှာထိုးဦးထုပ်များ ဆောင်းထားကြသည်။ အမည်မေးပြီးနောက် သူတို့လူတစ်ဦးထံ​ ဖုန်းဆက်ကာ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုသည်။ ဘယ်နေရာပို့ရမလဲဟုလည်း မေးမြန်းသည်။ 

ထို့နောက် လူငယ်က ဆိုင်ကယ်ဖြင့် တင်ခေါ်ကာ ပေတစ်ရာလမ်းအတိုင်း မောင်းထွက်သည်။ လူကြီးဖြစ်သူကား ထိုနေရာတွင် ကျရစ်ခဲ့သည်။

လမ်းမကြီးအတိုင်း ခဏတာ သွားပြီးနောက် တောလမ်းတစ်ခုကို ချိုးကွေ့လိုက်သည်။ ယာခင်းများအကြား ဆိုင်ကယ်တစ်စီးမောင်းနိုင်ရုံသာ ကျယ်သည့်လမ်းပင်။ မိုးရွာထားသည်မှာ ကြာသေးပုံမရပေ။ အချို့နေရာများတွင် ရွှံ့ဗွက်နှင့် ရေအိုင်များကို ဖြတ်မောင်းရသည်။ ခရီးမတွင်လှ။ ပဲစင်းငုံခင်းများက တစ်မျှော်တစ်ခေါ်။ အပွင့်ဝါဝါလေးများပင် ထွက်ကာ အသီးစသီးနေကြပြီဖြစ်သည်။ အကိုင်းအခက်များက လူတစ်ရပ်ကျော်မကရှိသည်။ နှမ်းခင်းနှင့် ပြောင်းခင်းများလည်း တွေ့ရသည်။ 

ခင်ဦးမြို့နယ်အတွင်း တစ်နေရာတွင် ပဲစင်းငုံခင်းနှင့် နှမ်းခင်းအကြား တွေ့ရသည့် ဒေသခံတို့၏ နွားလှည်းများ။ (ဓာတ်ပုံ – Myanmar Now)

လမ်းဘေးဝဲယာရှိ စိုက်ခင်းများကို ငေးကြည့်နေစဉ် အသံကြောင့် ရှေ့တူရူကို ကြည့်လိုက်ရာ ဆိုင်ကယ်စီးလာသည့် လူတစ်ဦးကို လှမ်းမြင်ရသည်။ ပေါက်ပြား (ပေါက်တူး) လိုလို တောခုတ်ဓားလိုလို အရာတစ်ခုကို လွယ်ထားရာ လယ်ထဲယာထဲဆင်းမည့်သူဟု ထင်ရသည်။ မဟုတ်ပါပေ။ အနီးကပ် ရောက်လာချိန်တွင် ခမောက်အဝိုင်းကြီးဆောင်းထားသည့် ထိုသူမှာ အလွန်ပြောင်းရှည်သော လုပ်သေနတ်ကို လွယ်ထားခြင်းပင်။ 

ထိုလူကို ကျော်လာပြီး ခဏအကြာတွင် “သတင်းပို့ပါ” ဆိုသော ဆိုင်းဘုတ်တွေ့ရသည်။ လမ်းဘေး ထနောင်းပင်၌ ချိတ်ဆွဲထားခြင်းဖြစ်သည်။ အတူပါလာသည့် လူငယ်က ဆိုင်ကယ်ကို ရပ်ကာ ဖုန်းဆက်သည်။

“အစ်ကို ကျွန်တော် ဧည့်သည်တစ်ယောက် ကြိုလာလို့ ဌာနေကို သတင်းပို့ပေးပါဦး” 

ထို့နောက် ဆိုင်ကယ်ဆက်မောင်းသည်။ ခဏအကြာတွင် ထန်းပင်ကြိုထန်းပင်ကြားရှိ တဲတစ်လုံးကို ဘွားခနဲတွေ့ရသည်။ ထန်းရွက်မိုးတဲတစ်လုံးပင်။ အလုပ်နဲ့လက် မပြတ်ဖြစ်နေကြသည့် အမျိုးသမီးအချို့နှင့် ကလေးအချို့ကို တွေ့ရသည်။ တော်လှန်ရေးရဲဘော် သုံးဦးခန့်နှင့်အတူ ဟိုနားတစ်လက် သည်နားတစ်လက် ထောင်ထားသည့် လက်လုပ်သေနတ်များလည်း တွေ့ရသည်။

မုန့်ပဲသရေစာဖြင့် ဧည့်ခံရင်း အမျိုးသမီးကြီးများက “ဘယ်သူတုန်းဟဲ့၊ ဘယ်သူ့သားတုန်းဟဲ့”၊ “ဘယ်သွားမှာတုန်းဟဲ့” ဟု မေးမြန်းကြသည်။ 

ဆိုင်ကယ်ဖြင့် ခေါ်လာသည့် ရဲဘော်က သူ့ကို လမ်းခုလတ်ရောက်နေပြီ၊ သူ့တာဝန်ပြီးပြီ၊ အခြားအဖွဲ့တစ်ခုက ထပ်လာခေါ်မည်ဟု အသိပေးသည်။ နောက်မိနစ်အနည်းငယ်အကြာတွင် စကားပြောစက်အတွင်း အသံဝင်လာသည်။

“…….ဌာနေ ကြား၊ ကြားလား” 

“………ပို့၊ ပို့” 

“ဆိုင်ကယ်နှစ်စီး၊ လူနှစ်ယောက်ဝင်မယ်” 

“ရထား၊ ရထား”

ခင်ဦးမြို့နယ် တစ်နေရာ ထန်းပင်စုစုများအကြားမှ ယာတဲ။ (ဓာတ်ပုံ – Myanmar Now)

မကြာမီ ပြောက်ကျားယူနီဖောင်းဝတ် ရဲဘော်နှစ်ဦး ဆိုင်ကယ်ကိုယ်စီဖြင့် ရောက်လာကြသည်။ ဘေးလွယ်အိတ်တွင် ဓားမြှောင်တစ်ချောင်းစီ ထိုးထည့်ထားပြီး တစ်ဦးက သေနတ်တစ်လက် လွယ်ထားသည်။ ခရီးနောက်တစ်ဆင့်ကို သူတို့နှင့် ဆက်သွားမည်ဖြစ်သည်။

“အစ်ကို့ကို လာကြိုခိုင်းလိုက်လို့ပါဗျ၊ စောင့်နေရတာ ကြာပြီလား” 

မကြာသေးကြောင်း ပြန်ပြောလိုက်သည်။ ‘ပစ္စည်းတွေရော’ ဟု မေးသဖြင့် ဘေးတွင် ချထားသည့် ကျောပိုးအိတ်၊ တွဲယူလာသည့် အထုပ်ငယ်တစ်ခုတို့ကို ပြလိုက်သည်။

“ဒါပဲလား၊ ဆိုင်ကယ်နှစ်စီးလွှတ်လို့ ပစ္စည်းတွေ အများကြီးထင်နေတာ” 

လမ်းမကောင်းသည်ရော၊ ခရီးလှမ်းသည်ရောကြောင့် ဆက်သွားဖို့ လောကြလေသည်။ ယာခင်းနှင့် လယ်များအကြားမှပင် ဆိုင်ကယ်မောင်းရခြင်းဖြစ်သည်။ လမ်းတွင် ကင်းစခန်းငယ် အများအပြားတွေ့ရသည်။ ကင်းစခန်းတစ်ခုဖြတ်တိုင်း လာရောက်ခေါ်ဆောင်သည့် ရဲဘော်က ထိုနေရာကို ဖြတ်မည်ဖြစ်ကြောင်း စကားပြောစက်ဖြင့် ကြိုတင်အသိပေး အကြောင်းကြားရသည်။ 

“သတင်းမပို့လို့ မရဘူး အစ်ကိုရေ။ သက်ဆိုင်ရာ ရွာကင်းတွေက အမြဲအသင့်ပဲ။ ခွေးတွေက အရပ်သားဟန်ဆောင်ပြီး ဝင်ဝင်လာတတ်လို့” ဟု ရဲဘော်က ဆိုင်ကယ်မောင်းရင်း ရှင်းပြသည်။​ 

စစ်ကောင်စီ၏ လက်နက်ကိုင်များကို “ခွေး”ဟု အများက  အမည်ပေးထားကြသည်။ စစ်သားဆိုလျှင် စစ်ခွေးဟု ပြောတတ်ကြသည်။ အာဏာသိမ်းပြီး ပေါ်လာသည့် ပြည်သူ့စစ်အဖွဲ့ ခေါ် ပျူစောထီးအဖွဲ့ဝင်တို့ကို ပျူခွေးဟု အမည်ပေးထားသည်။

ကြိုတင် ဆက်သွယ်သတင်းပို့ထားသည့် ကင်းစခန်းများကို ဖြတ်သွားတိုင်း “ဝင်နားကြပါဦး” ဟု ခေါ်ကြသော်လည်း မနားဖြစ်ပေ။ ညနေ အတော်စောင်းနေပြီဖြစ်သည်။​

လမ်းတွင် ပြောက်ကျားယူနီဖောင်းဝတ် တော်လှန်ရေးရဲဘော်များကို မကြာမကြာ တွေ့ရသည်။ တချို့က ပြောက်ကျားယူနီဖောင်း အပြည့်အစုံဝတ်ထားကြသည်။ အများစုကိုင်ဆောင်ထားသည်မှာ လက်လုပ်သေနတ်များပင်။ သေနတ်ကိုယ်စီလွယ်ကာ ကူးသန်းသွားလာနေသူများကို မြင်တွေ့ရသည်မှာ စစ်ပွဲရုပ်ရှင်များတွင် တွေ့ရလေ့ရှိသော မြောက်ဗီယက်နမ်အလားပင်။ လူစိမ်းဝင်လာသည်ကိုလည်း သူတို့ ချက်ချင်း သတိထားမိကြကြောင်း သူတို့မျက်လုံးများက ပြောပြနေသည်။ 

“ညနေ ၆ နာရီနောက်ပိုင်းဆို အပြင်မှာ မရှိတာ ကောင်းတယ်။ ရွာတိုင်းက ကင်းမိုင်းတွေ ထောင်ပြီလေ” ဟု ရဲဘော်က ရှင်းပြသည်။​

တစ်နေရာအရောက်တွင် ထိုရဲဘော်က ဖုန်းဆက်ကာ “အစ်ကိုကြီး ကျွန်တော်တို့ ရွာအထိ လိုက်မပို့တော့ဘူးနော်” ဟု လှမ်းအကြောင်းကြားသည်။​

ထို့နောက် ထိုနေ့အတွက် တတိယနှင့် နောက်ဆုံးအကြိမ်မြောက် ဆိုင်ကယ် ပြောင်းစီးရသည်။

လမ်းဘေးဝဲယာ မြင်ကွင်းများ ပြောင်းလာသည်။ စိုက်ထားသည့် စပါးခင်းများပင်။ စပါးပင်စိမ်းစိမ်းများက မျက်စိတစ်ဆုံးဖြစ်သည်။ လယ်ကွက်တချို့ အတော်ပင် သန်စွမ်းကြသည်။ ကောက်ပင် လေးပေကျော်ခန့်ပင် ရှိလောက်သည်။ အပင်ပုပုနှင့် အနှံထွက်စပြုနေသော စပါးခင်းလည်း တွေ့ရသည်။ မျိုးကွဲဖြစ်မည် ထင်သည်။ သွားရင်းလာရင်းမို့ အသေးစိတ် မမေးဖြစ်ပေ။

လက်နက်ကိုယ်စီဖြင့် တော်လှန်ရေးသမားများ ပိုတွေ့လာရသည်။ လူကြီးလူငယ် အရွယ်စုံဖြစ်သည်။ အများစုမှာ လက်လုပ်သေနတ်ကိုင်ဆောင်ထားသည်၊ မောင်းပြန်သေနတ် အနည်းငယ်သာ တွေ့ရ သည်။ အချို့က ဓားမြှောင် သို့မဟုတ် ဓားရှည် ကိုင်ပြီး သွားလာနေကြသည်။​ လူအတွေ့ များလာသလို ဖြတ်သန်းရသည့် ရွာလည်း စိပ်လာသည်။ 

လွန်ခဲ့သည့် အောက်တိုဘာလလယ်ပိုင်းပိုင်းက တွေ့ရသည့် ခင်ဦးမြို့နယ်၊ ရွာတစ်ရွာမှ မြင်ကွင်း။ (ဓာတ်ပုံ – Myanmar Now) 

တစ်ရွာပြီးတစ်ရွာ ဖြတ်လာရင်း တစ်နေရာအရောက်တွင် တော်လှန်ရေးရဲဘော်များ အစုလိုက်တွေ့ရသည့် ရွာကို ရောက်လာသည်။ ရွာအဝင် စစ်ဆေးရေးဂိတ်ရှိ လက်နက်ကိုင်များက ဝင်ထွက်သွားလာသူတို့ကို စစ်ဆေးနေသည်။

ဂိတ်ကို ကျော်လွန်ပြီးနောက် ရွာထဲရှိ နှစ်ထပ်အိမ်ကြီးတစ်လုံးသို့ မောင်းလာသည်။ အောက်ထပ်ရှိ စားပွဲဝိုင်းတွင် ထိုင်နေသူတချို့က ပြောက်ကျားယူနီဖောင်း ဝတ်ထားကြသည်။

“အစ်ကို လာဗျ” ဟု တစ်ဦးက ဖိတ်ခေါ်သည်။ ကျောပိုးအိတ်ထားရန် နေရာပြပြီးနောက် စကားဝိုင်းထဲ ဖိတ်ခေါ်ကာ ထိုင်နေသူများနှင့် မိတ်ဆက်ပေးသည်။ ဒိုင်ခံမိတ်ဆက်ပေးသူမှာ ထိုရွာအရောက် တာဝန်ခံခေါ်ယူခဲ့သူ ကိုအောင်ဆိုသူ ဖြစ်သည်။  

ရောက်နေသူများမှာ ရွာသုံးရွာမှ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကာကွယ်ရေးအဖွဲ့ဝင်များဖြစ်ကြသည်။ စကားဖောင်ဖွဲ့ရင်း စားပွဲပေါ်ရှိ ကွမ်းအစ်ကို အနားမပေးကြပေ။ အတော်ပင် ကွမ်းဝါးကြသူများပင်။ 

စကားပြောဆိုပြီးနောက် ညစာမစားမီ ရေချိုးနိုင်ရန် စီစဉ်ပေးသည်။ ရေချိုးပြီးချိန်တွင် ဧည့်သည်များ ပြန်သွားကြပြီဖြစ်သည်။ အိမ်ရှင် ကိုအောင်တစ်ယောက်သာ ကျန်ရစ်သည်။ ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုအောင်မှာ အနီးတစ်ဝိုက်ရွာများမှ တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုကောင်းသူဖြစ်သည်။ 

အာဏာမသိမ်းမီက ကုန်သည်တစ်ဦးဖြစ်ရာ အပေါင်းအသင်းဆံ့ကာ အဆက်အသွယ်ပေါသူဖြစ်သည်။ ခြေတံလက်တံရှည်သူဖြစ်သဖြင့် ရွာခံတော်လှန်ရေးအဖွဲ့များအတွက် ထောက်ပို့လုပ်ပေးနေသူများထဲမှ တစ်ဦးဖြစ်လာသည်။ ပထမဆုံးအကြိမ် လူချင်းတွေ့ရသည်ဖြစ်သော်လည်း စကားကြာကြာ မပြောဖြစ်။

ခရီးပန်းလာသဖြင့် အိပ်ရာ စောစောဝင်စေသည်။

နံနက် မိုးစင်စင်လင်းချိန်တွင် ရွာသူရွာသားများ၊ ဈေးရောင်းသူများဖြင့် ဆူညံစည်ကားနေသည်ကို တွေ့ရ သည်။ ပေါက်ပြား (ပေါက်တူး) များ ပခုံးပေါ် ချိတ်ဆွဲကာ သွားလာနေသူများလည်း တွေ့ရသည်။ အမျိုးသမီးများက ပုံစံမျိုးစုံခမောက်များကို ဆောင်းထားကြသည်။ အမျိုးသားအများစု ဆောင်းထားသည်မှာ ပြောက်ကျားဦးထုပ်ဖြစ်သည်။ ဆေးဖျန်းပုံးများလွယ်ကာ သွားနေသူများလည်း တွေ့ရသည်။ လယ်ထဲဆင်းကြမည်ဟု ယူဆရသည်။ 

“ပုံမှန်ဆိုရင်တော့ အလင်းရောင်မြင်ရင် လယ်ထဲဆင်းကြတာပဲ။ အခုကတော့ ဆင်းမရဘူး။ မနက် ၆ နာရီ မကျော်မချင်း ရွာအပြင် ထွက်မရဘူးလေ” ဟု လယ်ထဲသွားမည့်ဆဲဆဲ အမျိုးသားကြီးတစ်ဦးက ရှင်းပြသည်။ 

ထိုသူမှာ အရပ်မြင့် လူကောင်ထွားထွားဖြစ်ကာ အမည်က ဦးတိုးဟု သိရသည်။

တော်လှန်ရေးကာလဖြစ်ရာ ရွာသူရွာသားများ ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း အပြင်မထွက်ရ စည်းကမ်းသတ်မှတ်ထားသည်။​ အကြောင်းမူ ညအချိန်တွင် စစ်တပ်နှင့် ပျူစောထီးအဖွဲ့များ လာရောက် တိုက်ခိုက်ခြင်း မပြုနိုင်ရန် ရွာပတ်လည်တွင် ကင်းမိုင်းများချထားသောကြောင့်ဖြစ်သည်။​

“ဒီလိုမှမလုပ်ရင် ရွာကို ဝင်မီးရှို့တာ ခံရမှာလေ။ အဲဒါကြောင့် ကင်းစောင့်ရတာ” ဟု ဦးတိုးဆိုသူ လူကြီးက ပြောသည်။ 

၎င်းတို့ရွာကို စစ်တပ်က လာရောက်စီးနင်းပြီး မီးရှို့ခဲ့သည်မှာ သုံးကြိမ်တိုင် ရှိပြီဟု ဆိုသည်။ စစ်တပ် ရောက်လာတိုင်း ရွာသူရွာသားများ အိုးပစ်အိမ်ပစ် ထွက်ပြေးတိမ်းရှောင်ရသည်။ ကင်းမိုင်း မဖြစ်မနေ ထောင်ရသဖြင့် ရွာပတ်လည်တစ်ဝိုက် လယ်များကို စိုက်ပျိုးနိုင်ခြင်း မရှိပေ။

ရန်သူမှာ သူတို့နှင့် အလှမ်းမဝေးလှပေ။ 

နှစ်မိုင်ခန့်အကွာရှိ ရွာတွင် စစ်တပ်နှင့် ပျူစောထီးများ အခြေချတပ်စွဲထားသည်။ ထို့ကြောင့် နေ့ညမပြတ် ကင်းမိုင်းထောင်ကာ စောင့်ကြည့်နေရသည်။ မိုင်းကွင်းနှင့် လွတ်ရာတွင် စိုက်ထားသည့် စပါးခင်းများအတွက်လည်း ရင်တထိတ်ထိတ်ပင်။ စစ်တပ်နှင့် ပျူစောထီးက ဘယ်အချိန်လာဖျက်မည်လဲဟု စိုးရိမ်နေရသည်။ 

စတည်းချသည့်ရွာမှာ အတော်ပင်ကြီးသည့် ရွာကြီးဖြစ်သည်။ ရွာထဲတွင် လက်ဖက်ရည်ဆိုင်များပင် ရှိသည်။ အိမ်ရှင် ကိုအောင်က မနက်စာစားရန် လက်ဖက်ရည်ဆိုင်ခေါ်သွားသည်။ တောရွာထုံးစံ ဆိုင်နေရာကျဉ်းကျဉ်းတွင် စားပွဲခုံတချို့ချထားသည်။ ထပ်တစ်ရာနှင့် လက်ဖက်ရည် မှာလိုက်သည်။ 

ထိုနေ့ မနက်ခင်းတွင် တည်းခိုရာအိမ်သို့ တော်လှန်ရေးအဖွဲ့ အတော်များများ ရောက်လာကြသည်။ ဦးထုပ်၊ ဖိနပ်မှစ၍ တော်လှန်ရေးတပ်အတွက် လိုသည့် ပစ္စည်းများ ဝယ်ယူပေးရန် အကူအညီတောင်းကြသည်။ 

ထို့နောက် ရွာအတွင်း လှည့်ပတ်ကြည့်ရှုရသည်။ ပထမဆုံးရောက်သွားသည်မှာ လက်နက်ထုတ်လုပ်ရေးစခန်းပင်။ အရင်းအမြစ် နည်းပါးလွန်းသည်ဖြစ်ရာ လက်လုပ်သေနတ်ကို သံတိုသံစများဖြင့် ကြိုးစားပမ်းစားထုတ်လုပ်ရသည်။ သေနတ်အပြင် လက်လုပ်မိုင်းမျိုးစုံလည်း ထုတ်သည်။ ကြိုးဆွဲ၊ ရှေ့တိုက်၊ ကြိုးတိုက်မိုင်းတို့ဖြစ်သည်။ ထို့ပြင် စိန်ပြောင်း၊ ဗုံးသီးပစ်လောင်ချာ စမ်းသပ်ပြုလုပ်နေသည်ကိုလည်း တွေ့ရသည်။ 

ရွာအဝင် စစ်ဆေးရေးဂိတ်ကို နောက်တစ်ကြိမ်ရောက်ဖြစ်သည်။ ဖြတ်သန်းသွားလာသည့် ဆိုင်ကယ်နှင့် ယာဉ်များမှာ စစ်ဆေးရေးဂိတ်မရောက်မီကပင် လူမည်မျှပါမည်၊ မည်သည့်ယာဉ်အမျိုးအစားဖြစ်သည်ကို ကြိုတင်အကြောင်းကြားထားပြီးဖြစ်သည်။ ကြိုတင်အသိပေးမထားသည့် ယာဉ်များကို အသေးစိတ်စစ်ဆေးကြသည်။ စစ်ကောင်စီဘက်တော်သားများနှင့် ပတ်သက်ဆက်နွှယ်သူများ၊ စစ်ကောင်စီဒေါက်တိုင်များဖြစ်မနေရန် တင်းတင်းကျပ်ကျပ် စစ်ဆေးကြရသည်။ 

ဖြတ်သန်းသွားလာသူများနှင့် ပတ်သက်၍ လိုအပ်ပါက ရှေ့ခရီးလမ်းရှိ ကျေးရွာများမှ တာဝန်ရှိသူများထံ ဖုန်းဖြင့်သော်လည်းကောင်း၊ စကားပြောစက်ဖြင့်သော်လည်းကောင်း လှမ်းအကြောင်းကြားပေးသည်။ 

“တစ်ခါတုန်းက ခွေးတွေက အိမ်စီးကားနဲ့ ခရီးသွားယောင်ဆောင်ပြီး ဖြတ်ဖူးတယ်။ ကျွန်တော်တို့နဲ့ ပစ်ခတ်မှုဖြစ်တာပဲ” ဟု စစ်ဆေးရေးဂိတ်ခေါင်းဆောင် ဦးလေးကြီးဆိုသူက ပြောသည်။ အသက် ၄၀ ဝန်းကျင်ရှိ သူ့ကို တော်လှန်ရေးရဲဘော်များက ဦးလေးကြီးဟု အမည်ပေးထားကြသည်။ 

ရွာအတွင်းတစ်နေရာတွင် စာအံသံများ ကြားရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစီအစဉ်ဖြင့် ဖွင့်ထားသော စာသင်ကျောင်းတွင် အရွယ်ပေါင်းစုံ ကလေးများကို တွေ့ရသည်။ စစ်ကောင်စီတပ်က အချိန်မရွေး စစ်ကြောင်းထိုးလာနိုင်သဖြင့် အလွယ်တကူ မမြင်မတွေ့နိုင်သော၊ အန္တရာယ်နည်းပါးသောနေရာတွင် စာသင်ပေးနိုင်ရန် စီမံထားသည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ဆရာဆရာမများ၊ တက္ကသိုလ်အဆင့် တက်ရောက်ခဲ့သော ကျောင်းသား ကျောင်းသူတို့က လုပ်အားပေးအနေဖြင့် သင်ကြားပေးနေကြသည်။

NUG အစိုးရ နယ်မြေစိုးမိုးထားသည့် ကျေးရွာများဖြစ်ရာ ရွာအုပ်ချုပ်ရေးအဖွဲ့၊ ကာကွယ်ရေးအဖွဲ့တို့အပြင် မြို့နယ်အဆင့် အုပ်ချုပ်ရေးအရာရှိ၊ ကာကွယ်ရေးအရာရှိ၊ အခွန်တော်အရာရှိ၊ ပညာရေးအရာရှိ၊ ကျန်းမာရေးအရာရှိ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စများအတွက် သီးသန့် တာဝန်ခံအရာရှိများဖြင့် အဆင့်ဆင့် ဖွဲ့စည်းထားသည်။ 

အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးခေါင်းဆောင်များ အပါအဝင် အရာရှိတချို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ မြို့နယ်အဆင့်အလုပ်အမှုဆောင်များဖြစ်ကြသည်။ ပညာရေးနှင့် ကျန်းမာရေးအရာရှိများမှာမူ CDM ဝန်ထမ်းများဖြစ်ကြသည်။ 

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း ကျေးရွာတစ်ရွာတွင် ရပ်ရွာအုပ်ချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့ဝင်များ စုပေါင်းတိုင်ပင်နေကြသည်ကို လွန်ခဲ့သည့် အောက်တိုဘာလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ​ – Myanmar Now) 

အောက်တိုဘာလထဲတွင် ထူးထူးခြားခြား အခမ်းအနားတစ်ခု ကြုံတွေ့ရသည်။ မြို့နယ်အတွင်း ကျေးရွာကာကွယ်ရေးတပ်ဖွဲ့များကို စုစည်းကာ တိုက်နယ်အဆင့် ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ရွေးချယ်တင်မြှောက်ပွဲဖြစ်သည်။ ခင်ဦးမြို့နယ်အတွင်း ကျေးရွာအုပ်စုအလိုက် တိုက်နယ်လေးခု သတ်မှတ်ကာ တစ်ခုချင်းစီအလိုက် ကာကွယ်ရေးခေါင်းဆောင် တစ်ဦးစီ အဆိုပြုတင်မြှောက်ခြင်း ဖြစ်သည်။ 

ရွေးချယ်ခံရသူက ကာကွယ်ရေးနှင့် စစ်ရေးဆိုင်ရာ လုပ်ငန်းများကို NUG အစိုးရ၏ မူဝါဒ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ဥပဒေတို့နှင့်အညီ လိုက်နာ ဆောင်ရွက်ရမည်ဖြစ်သည်။ 

ထိုနေ့က အမှတ် (၁) တိုက်နယ်ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခံရသူမှာ ဗိုလ်နတ်ဆိုး ဆိုသူပင်။​

လူကောင်ကြီးကြီး အရပ်မြင့်မြင့် ဗိုလ်နတ်ဆိုးမှာ အသက် ၂၅ နှစ်သာ ရှိသေးသည်။ အသက်နှင့်မလိုက် ရှိနေသော သူ၏ဗိုလ်ပူပူတွင် စစ်အသုံးအဆောင်ပစ္စည်းများ ချိတ်ဆွဲထားသည့် ခါးပတ်ကြီးတစ်ခု ပတ်ထားသည်။ ပစ္စတိုသေနတ်ကို ခါးချိတ်ကာ မောင်းပြန်သေနတ်ကို ကန့်လန့်ဖြတ် လွယ်ထားသည်။​

“ကျွန်တော့်ကို အစည်းအဝေးတွေ တက်ခိုင်းရင် ထိုင်နားထောင်ရုံပဲ။ စကားတော့ မပြောခိုင်းနဲ့ဗျ။ ပြောတတ်ဘူး” ဟု ဗိုလ်နတ်ဆိုးက တိုတိုပြတ်ပြတ်ဆိုသည်။

ဗိုလ်နတ်ဆိုးမှာ လက်နက်ကိုင်တော်လှန်ရေး စတင်စဉ်ကတည်းက လက်သံပြောင်ခဲ့သူဖြစ်ကြောင်း ရွာခံကာကွယ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။ 

နောက်တစ်ရက်တွင် မြို့နယ်အဆင့်အရာရှိများ၏ စည်းရုံးရေးခရီးစဉ်တစ်ခုကို လိုက်ပါခွင့်ရခဲ့သည်။ အခြားရွာကို သွားရောက်ခြင်းဖြစ်သည်။ အနီးဝန်းကျင် ကျေးရွာများမှ ကာကွယ်ရေးအဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များကို ဖိတ်ကြားကာ ဟောပြောခြင်း၊ ဆွေးနွေးတိုင်ပင်ကြခြင်းပင်။

ထိုအခမ်းအနားရောက်ရှိနေစဉ် အတူရှိနေသည့် ကိုအောင်ထံ ဖုန်းဝင်လာသည်။ ရွာကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး ကင်းမိုင်းဖြုတ်စဉ် ပေါက်ကွဲကာ ထိခိုက်ဒဏ်ရာရသည်ဟူသော သတင်းပင်။ မိုင်းထောင်ထားသည့်နေရာကို နွားလှည်းတစ်စီးဖြတ်မောင်းသွားစဉ် မိုင်းတစ်လုံး ပေါက်ကွဲသွားပြီးနောက် သူက ကျန်မိုင်းတစ်လုံးကို အလောသုံးဆယ် ဝင်ဖြုတ်ပေးခြင်းပင်။

ထိခိုက်ဒဏ်ရာရသူကို ဆရာဝန်ရှိသည့်ရွာသို့ အရောင်ပို့ဆောင်နိုင်ခဲ့သော်လည်း လူနာအခြေအနေမှာ မျှော်လင့်ချက်မဲ့နေပြီ။ ဆရာဝန်ထံ၌လည်း ခွဲစိတ်ကုသရေးအတွက် ပစ္စည်းကိရိယာ အလုံအလောက်ရှိမနေပေ။ ခင်ဦးမြို့နယ် အရှေ့ခြမ်းရှိ ဆရာဝန်တစ်ဦးထံ ဆက်သွားရန် အကြံပြုသည်။

ထိုရွာမှ ကာကွယ်ရေးအဖွဲ့ဝင်များက လူနာကို အမြန်ဆုံး သယ်ဆောင်သွားကြသည်။ နောက်တစ်နာရီ အကြာတွင် လူနာကို လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း သတင်းဝင်လာသည်။ လမ်းခရီးမှာပင် ဆုံးပါးသွားသည်ဟု သိရသည်။ နေ့မကူးမီ နာရေးချမည်ဖြစ်ရာ ရွာကာကွယ်ရေးအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ရေအေးကုန်းရွာသို့ လိုက်သွားဖြစ်သည်။

တစ်ရွာလုံး လူကုန်ရောက်နေသည့်အလား ထင်ရသည်။ လူပေါင်း သုံးလေးရာခန့်ရှိသည်။ ခွပ်ဒေါင်းအလံများ ရဲရဲတောက်နေသည်။ လွမ်းသူ့ပန်းခွေများလည်း ဝိုင်းနေသည်။ မိသားစုဝင်များ ငိုကြသည်။ ရဲဘော်ရဲဘက်များလည်း ငိုကြသည်။ ရွာသူရွာသားများလည်း ငိုကြသည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးငယ်တစ်ဦးကို တွေ့ရသည်။ ရုပ်အလောင်းအနီးတွင် အချိန်ပြည့်ရှိနေသည်။ ကွယ်လွန်သူ၏ဇနီးဖြစ်သည်ဟု သိရသည်။ မျက်နှာကား တစ်ချက်မျှ မမဲ့ပေ။ မျက်ရည်ကျသည်လည်း မတွေ့ရပေ။ မျက်နှာတစ်ခုလုံး တင်းမာနေသည်။​ တော်လှန်ရေးအတွင်း တစ်ခုခုဖြစ်ခဲ့ပါက မငိုဖို့ ယောက်ျားဖြစ်သူက မှာခဲ့သည်ဟု ဆိုသည်။

မိုင်းမတော်တဆပေါက်ကွဲကာ သေဆုံးခဲ့သည့် ရွာကာကွယ်ရေးအဖွဲ့ဝင် ကိုဖိုးစိုး၏ ရုပ်အလောင်းကို သယ်ဆောင်လာကြစဉ်။ (ဓာတ်ပုံ – Myanmar Now) 

များမကြာမီ ရုပ်အလောင်းကို တော်လှန်ရေးရဲဘော်များ ဦးဆောင်ကာ သုသာန်သို့ သယ်ဆောင်ကြသည်။ အလံကိုင်သူကိုင်၊ ပန်းခွေသယ်သူသယ်ဖြင့် အတန်းလိုက်ပင်။ ရှေ့ဆုံး၌ ကြေးစည်ရှိသည်။ ရုပ်အလောင်းကို ခေါင်းတလားဖြင့် သယ်ခြင်းမဟုတ်၊ ခုတင်လိုက်ထမ်းကာ သယ်ကြခြင်းဖြစ်သည်။ 

တရားနာပြီးနောက် ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ကြသည်။ ကွယ်လွန်သူမှာ တော်လှန်ရေးရဲဘော်ဖြစ်ရာ သေနတ်များ ပစ်ဖောက်ပြီး ဂုဏ်ပြုနှုတ်ဆက်ကြသည်။ အသစ်စက်စက် ရွေးချယ်ခံထားရသည့် တိုက်နယ်ခေါင်းဆောင် ဗိုလ်နတ်ဆိုးလည်း သေနတ်ပစ်ဖောက်ရာတွင် ပါဝင်သည်။

ခင်ဦးနယ်တွင် လက်လုပ်မိုင်းမတော်တဆဖြစ်ကာ သေဆုံးခဲ့ရသူ ဆယ်ဂဏန်းရှိသည်ဟု သိရသည်။ မိုင်းလုပ်ရင်း၊ မိုင်းထောင်ရင်း ပေါက်ကွဲကာ ထိခိုက်သေဆုံးရခြင်းဖြစ်သည်။ အထိအခိုက် အပျက်အစီးများရှိနေသော်လည်း ရန်လာပြုမည့်သူကို ထိထိရောက်ရောက် ခုခံတိုက်ခိုက်နိုင်ရန် လက်လုပ်မိုင်းကိုသာ မဖြစ်မနေ အားကိုးနေရသည်။

ရွာကာကွယ်ရေးအဖွဲ့ဝင်များ တစ်ယောက်ပြီးတစ်ယောက် ဆုံးရှုံးနေရသော်လည်း နောက်နေ့နောက်နေ့များတွင် ရွာပတ်လည် ကင်းမိုင်းများ ဆက်ထောင်ရမည်သာ။ ထောင်ထားသော ထိုမိုင်းများကို မနက်တိုင်း ပြန်ဖြုတ်နေရမည်သာ။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button