သတင်း

ဂန့်ဂေါမှ PDF စခန်းငယ်ကို စစ်ကောင်စီတပ် ဝင်စီး

အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ မကွေးတိုင်းအတွင်းရှိ ရှေ့တန်းတပ်စခန်းငယ်တစ်ခု ယမန်နေ့ (ဇန်နဝါရီ ၁၈) တွင် စီးနင်းခံရပြီး စခန်းကို စွန့်လွှတ်ခဲ့ရသည်ဟု သိရသည်။

ဂန့်ဂေါမြို့မှ ၃ မိုင်ခန့်အကွာ မြစ်သာမြစ် အနောက်ဘက်ကမ်းရှိ စိုင်ဒူးရွာအနီးရှိ ၇၀၄ တပ်ခွဲ အမှတ် ၂ စခန်းကို စီးနင်းသည့် စစ်ကောင်စီတပ်ဖွဲ့တွင် အင်အား ၇၀ နီးပါး ရှိသည်ဟု ဆိုသည်။

ဇန်နဝါရီ ၁၇  ညနေပိုင်းတွင် စစ်သားများ စိုင်ဒူးနှင့် ဇာဟောကြားမှ မြစ်ကို ရေတိမ်သည့်နေရာမှ ဖြတ်ကူးပြီး စတင်ချဉ်းကပ်လာသည်၊ နောက်တစ်နေ့ နံနက်အစောပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်သည်ဟု ၇၀၄ တပ်ခွဲ အမှတ် ၂ စခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကူးလာပြီးတော့ စခန်းကို ရစ်ပြီးတော့ ဝင်ကပ်တာပေါ့။ ကပ်ပြီးလို့ ကျွန်တော်တို့ ရဲဘော်တွေ အသက်အန္တရာယ်ဖြစ်မှာစိုးလို့ ဆွဲထုတ်ရတာပေါ့” ဟု သူက ပြောသည်။

စခန်းအနီး ချဉ်းကပ်လာသူများက ပစ်ခတ်သလို ဂန့်ဂေါမြို့ပေါ်ရှိ ပျဉ်းမကုန်းစက်ပစ်ကွင်းမှလည်း တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခဲ့ကြောင်း၊ ကာကွယ်ရေးအဖွဲ့က လက်လုပ်လက်နက်ကြီးဖြင့် ခုခံပစ်ခတ်သော်လည်း လက်နက်အင်အားမမျှ သဖြင့် စခန်းစွန့်ခဲ့ရကြောင်း သိရသည်။

ထိုစခန်းတွင် လူအင်အား၊ လက်နက်အင်အား မည်မျှရှိသည်ကို မသိရသေးပေ။

“စားနပ်ရိက္ခာနဲ့ ရဲဘော်တွေရဲ့အသုံးအဆောင်ပစ္စည်းတွေ ပါသွားတယ်။ ကျန်တာတွေတော့ အတတ်နိုင်ဆုံး ဆွဲထုတ်လာတယ်။ လက်နက်ကတော့ ဆုံးရှုံးမှုမရှိဘူး။ လက်နက်ကတော့ အမြဲတမ်း သွားလေရာ ပါအောင် ဆွဲထုတ်နိုင်ခဲ့တယ်” ဟု ထိုအဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်တပ်ဝင်ရောက်စီးနင်းမှုမတိုင်မီ ဒေသခံများကို ကယ်ထုတ်နိုင်သည့်အတွက် အရပ်သားထိခိုက်မှု မရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

ယနေ့ (ဇန်နဝါရီ ၁၉) ရက်နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာသွားပြီးနောက် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များ စခန်းတွင် ပြန်လည်ရှင်းလင်းရေးဝင်ချိန်တွင် စစ်ကောင်စီတပ် ထောင်ခဲ့သည့် မိုင်းနင်းမိသဖြင့် အဖွဲ့ဝင်တစ်ဦး ခြေထောက်ဒဏ်ရာရခဲ့သည်ဟုလည်း ဆိုသည်။

“၉ နာရီလောက်မှာ ပြန်ဆုတ်သွားတယ်။ ပြန်ဆုတ်သွားတဲ့အချိန်မှာ မိုင်းပြန်ထောင်ခဲ့တာပေါ့။ စခန်းကို ဝင်ရှင်းရင်းနဲ့ ရဲဘော်တစ်ယောက် ခြေထောက်ထိခိုက်သွားတယ်” ဟု အထက်ပါ စခန်းတာဝန်ရှိသူက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီကို ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ယောဒေသတွင် စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှု အားကောင်းပြီး ဒေသခံကာကွယ်ရေးအဖွဲ့များက နယ်မြေအများစုကို စိုးမိုးထားနိုင်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button