
စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်အပြီး ယမန်နေ့ (ဇန်နဝါရီ ၁၅) တွင် ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်ရှိ ချင်းဒေသကာကွယ်ရေးအဖွဲ့ (CDF) စခန်းတစ်ခု လက်လွှတ်ခဲ့ရကြောင်း သိရသည်။
အင်အား ၁၀၀ ကျော်က မြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာ ဟားခါး-မတူပီလမ်းဘေး ငလိုင်ရွာအနီး အင်အားအနည်းငယ်သာရှိသော CDF ရှေ့တန်းစခန်းကို နံနက် ၉ နာရီဝန်းကျင်တွင် တိုက်ခိုက်ခဲ့သည် ဟု CDF (မတူပီ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“(ကင်းစခန်းမှာ) ကျွန်တော်တို့လူကလည်း အဲ့ဒီလောက်တော့ မများဘူး။ ရှေ့တန်းကင်းပဲ။ အရင်တုန်းက သူတို့ဘက်က နယ်မြေရှင်းလင်းရေးတွေလုပ်တဲ့အခါမှာ အင်အားက ဒီလောက်မများဘူး။ များများစားစား သိပ်မသုံးဘူး။ သာလွန်အင်အားနဲ့ နယ်မြေရှင်းလင်းဖို့လုပ်တဲ့အခါမှာ ကျွန်တော့်လူတွေလည်း မခံနိုင်ဘူး။ စွန့်ခွာရတယ်” ဟု သူက ဆိုသည်။
CDF ဆုတ်ခွာသွာပြီးနောက် ထိုစခန်းရှိရာ ငလိုင်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက် နေရာယူထားလိုက်ပြီး ယမန်နေ့ ညပိုင်းမှ ယနေ့ နံနက်အထိ လက်နက်ကြီးများဖြင့် အနီးဝန်းကျင်သို့ ပစ်ခတ်ကြောင်း သိရသည်။
ယနေ့ တိုက်ပွဲထပ်မံဖြစ်ပွားခြင်းမရှိသေးသော်လည်း စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်သည်ဟု ထိုတာဝန်ခံက ဆိုသည်။
မတူပီမြို့နယ်တွင် ဒေသခံအဖွဲ့များ၏ ပြောက်ကျားတိုက်ခိုက်မှုတချို့မှလွဲ၍ ယမန်နှစ် စက်တင်ဘာမှစကာ တိုက်ပွဲများ မရှိသလောက်ဖြစ်ခဲ့ပြီး ယမန်နေ့က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်၊ ယမန်နေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁ ဦး သေဆုံးပြီး CDF ဘက်မှ ၁ ဦး ပျောက်ဆုံးနေသည်ဟု ဆိုသည်။
“တိုက်ပွဲဖြစ်ပွားတဲ့အခါ အဖွဲ့နဲ့ အဆက်အသွယ်ပြတ်သွားတာ။ တခြားနေရာ ရောက်သွားတာလား။ ကျသွားတာလားဆိုတာ အခုထိ အတည်ပြုလို့မရသေးဘူး” ဟု အထက်ပါ တာဝန်ခံက ဆိုသည်။
စစ်ကောင်စီက ပြင်ဆင်နေသည့် ရွေးကောက်ပွဲအတွက် ကျေးရွာများကို စိုးမိုးရန် ရည်ရွယ်ချက်ဖြင့် နယ်မြေရှင်းလင်းခြင်းဖြစ်နိုင်သည်ဟု CDF (မတူပီ) တာဝန်ခံက ယူဆနေသည်။
အမှတ် ၁၄၀ ခြေလျင်တပ်ရင်းနှင့် မိုင်အနည်းသာ ကွာဝေးပြီး အိမ်ခြေ ၁၅၀ နီးပါးရှိသည့် ငလိုင်ရွာမှ ဒေသခံအများစုမှာ ယမန်နှစ်တည်းက နီးစပ်ရာ ကျေးရွာများ၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ စစ်ရှောင်စခန်းများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
ချင်းပြည်နယ်အတွင်း ဇန်နဝါရီလဆန်းပိုင်းမှစတင်ကာ စစ်ကောင်စီတပ်၏ လှုပ်ရှားမှုများ ခပ်စိပ်စိပ် ဖြစ်ပေါ်လာသည်ဟု သိရသည်။
ပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်နှင့်မတူပီမြို့နယ်တို့တွင် ဇန်နဝါရီ ၈ ရက်မှစ၍ တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ထားသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။
“MPT, Telenor အကုန်ဖြတ်တာ။ MEC ကအစ ဘာမှမရတော့ဘူး။ စစ်ကြောင်းအကြီးအကျယ် ထိုးဖို့ပဲ ပြင်လို့လား။ မတူပီဘက်ကိုပဲ ရိက္ခာတွေပို့ချင်လို့လားတော့ မသိဘူး။ ဘာလို့လဲတော့ မသိရဘူး” ဟု သူက ပြောသည်။
ဖုန်းလိုင်းဖြတ်တောက်ပြီး ရက်ပိုင်းအတွင်း မင်းတပ်-မတူပီလမ်းပိုင်းနှင့် မင်းတပ်မြို့နယ်အတွင်း ကျေးရွာတစ်ရွာတို့ကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီ ခလရ ၂၇၄ တပ်ရင်း အခြေစိုက်ရာ မင်းတပ်မြို့ပေါ်မှ အနီးအနားကျေးရွာများကို ယနေ့ (ဇန်နဝါရီ ၁၆) ရက် နံနက်မှ စတင်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ၎င်းက ဆက်ပြောသည်။
“ဒီနေ့တော့ လက်နက်ကြီးတွေနဲ့ ထုနေတယ်။ ၆ ချက်လောက် ထုတယ်။ ဘယ်ဘက်ကို ထုလဲ မသိရသေးဘူး၊ ဖုန်းလိုင်းတွေ မရှိတော့။ မြို့ပေါ်ကနေ ထုနေတာ” ဟု အထက်ပါ မင်းတပ် ပအဖ တာဝန်ခံက ပြောသည်။
ဇန်နဝါရီ ၁၀ နှင့် ၁၁ တို့တွင် ချင်းအမျိုးသားအဖွဲ့တပ်ဦး (CNF) ဌာနချုပ် တည်ရှိသည့် နေရာကို လေကြောင်းမှ ဗုံးကြဲခဲ့၍ ၅ ဦး သေဆုံးခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)