ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့သိမ်းတိုက်ပွဲမှ ဆုတ်ခွာ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင် ၂၀၀ ကျော်ကို တော်လှန်ရေးအင်အားစုက ဖမ်းမိထားကြောင်း သိရှိရသည်။
ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ ချင်းညီနောင်အဖွဲ့၏ အဆိုအရ ဇူလိုင်လ ၁၇ နှင့် ဇူလိုင် ၂၈ ရက်တွင် ၎င်းတို့ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ဇူလိုင်လ ၂၅ ရက်နေ့က မတူပီမြို့အနီး တိုက်ပွဲဖြစ်ပွားပြီး မကြာမီ မတူပီအခြေစိုက် စစ်ကောင်စီတပ်သားများ ဆုတ်ခွာသွားသည်ဟု ချင်းညီနောင်အဖွဲ့က ဆိုသည်။
၎င်းတို့ကို လိုက်လံဖမ်းဆီးရာတွင် ဗျူဟာမှူး၊ တပ်သားများ၊ တပ်မိသားစုဝင်များကို ဖမ်းမိခဲ့သည်ဟုလည်း ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDF) ၏ မတူပီ တပ်မဟာ (၁) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“ကျွန်တော်တို့က နည်းနည်းပါးပါး ပြန်ပစ်ပြီးမှ ဝိုင်းဖမ်းတဲ့ အနေအထားပါ။ ဖမ်းဆီးပြီးရင်တော့ ကျွန်တော်တို့ဘက်က ဘာမှလုပ်တာတော့မရှိဘူး။ ကလေးကအစ၊ အမျိုးသမီးတွေကအစ ခေါ်လာပြီး စောင့်ရှောက်ထားပါတယ်” ဟု ၎င်းက ပြောသည်။
ဖမ်းမိသည့် စစ်ကောင်စီဗျူဟာမှူးအမည်၊ ယင်းဦးဆောင်သည့်တပ်ရင်းအမည်တို့ကို မသိရသေးပေ။
ဆုတ်ခွာထွက်ပြေးကြစဉ် အစာရေစာပြတ်လပ်ခြင်း၊ ဆေးဝါးမရှိခြင်းနှင့် တိုက်ပွဲတွင်း ပြင်းထန်ဒဏ်ရာရထားခြင်းကြောင့် သုံ့ပန်းတချို့ သေဆုံးသွားသည်ဟုလည်း ချင်းညီနောင်အဖွဲ့၏ သတင်း၊ မှတ်တမ်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူ ကိုယောမန်က ပြောသည်။
“၇ နှစ် ၈ နှစ်အရွယ်လေးတွေ တောထဲမှာလည်း ထမင်းကို ၂၈ ရက်လောက် လုံးဝ မစားရဘူး။ တောကြက်သွန် (ကြက်သွန်မြိတ်ကဲ့သို့သော အရွက်တစ်မျိုး) ပြုတ်ရည် သောက်ရတယ်၊ တောထဲတောင်ထဲကနေ လက်ခုပ်နဲ့ ခပ်ပြီး သောက်ရတဲ့ ရေတွေကြောင့် ၂ ပတ်၊ ၃ ပတ်လောက်ကို သွေးဝမ်းသွားတာတွေက တောက်လျှောက်ဖြစ်နေတာ” ဟု ကိုယောမန်က ပြောသည်။
သွေးဝမ်းသွားသည့် ကလေးတချို့နှင့် အရပ်သားတချို့ကို ဆေးကုပေးရန် ဆေးခန်းရှိရာသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသူများလည်းရှိသည်ဟု သိရသည်။ သေဆုံးသွားသည့် သုံ့ပန်းအရေအတွက်ကို မသိရသေးပေ။
ဖမ်းမိထားသူများ၏ ပြောဆိုချက်အရ မတူပီဗျူဟာနှင့် ခြေလျင်တပ်ရင်း ခလရ (၁၄၀) မှ ဆုတ်ခွာစဉ် တောထဲ၌ သုံ့ပန်းအယောက် ၆၀ ကျော် သေဆုံးထားသည်ဟု ယေဘုယျသိထားကြောင်း ကိုယောမန်က ဆိုသည်။
“တော်တော်လေးကို စုတ်စုတ်ပြတ်ပြတ် အရိုးပေါ်အရေတင်တွေပေါ့။ တကယ့်ကို လူသေကောင်တွေ စကားပြောနေတဲ့ပုံစံ ဆိုးဆိုးရွားရွားကို ဖြစ်နေတာ ကျွန်တော်ကိုယ်တိုင် အင်တာဗျူးခဲ့တဲ့၊ တွေ့ခဲ့တဲ့ မိခင်တစ်ယောက်ဆိုရင် သူ့ယောက်ျားရော၊ သူ့သားသမီး ၃ ယောက်လုံးက သူ့ရှေ့မှာပဲ တစ်ယောက်ပြီးတစ်ယောက် တဖြုတ်ဖြုတ်သေသွားတာ”
မတူပီဗျူဟာမှ ဆုတ်ခွာကြသူများ တောထဲတွင် ငတ်ပြတ်၍ ဒုက္ခရောက်ရခြင်းသည် တပ်မှူး၏ မှားယွင်းသည့်ဆုံးဖြတ်ချက်ကြောင့်ဖြစ်သည်ဟု မတူပီဗျူဟာတွင် တာဝန်ထမ်းဆောင်ဖူးပြီး အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု CDM တွင် ပါဝင်ထားသည့် ဗိုလ်ကြီးကောင်းသူဝင်းက ပြောသည်။
မတူပီဗျူဟာမှ ဆုတ်မည်ဆိုပါက အနီးဆုံးစစ်တပ်ရှိသည့် မြို့သည် မတူပီအရှေ့ဘက် ၁၀၂ မိုင်အကွာမှ မင်းတပ်မြို့ဖြစ်သည်၊ ထိုစစ်တပ်သို့ သွားမည်ဆိုပါက လမ်းခရီးကြမ်းသည်ဟုလည်း ဗိုလ်ကြီးကောင်းသူဝင်းက ဆိုသည်။
“တောရဲ့ ရာသီဥတုဒဏ်လည်း ရှိတယ်။ ချင်းပြည်က မိုးလည်းကောင်းတယ်၊ အေးလည်းအေးတယ်၊ ဒီလိုဆုတ်ခွာတဲ့အတွက်ကြောင့် ဒီလိုအကျိုးဆက်တွေခံစားရတာ”
လတ်တလောတွင် ဖမ်းမိထားသူများကို မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အစားအစာ၊ အဝတ်အထည်နှင့် စောင်များ ပံ့ပိုးပေးထားပြီး လိုအပ်သူများကို ဆေးကုပေးနေသည်ဟု သိရသည်။
ဖမ်းမိသူ ၂၃၀ ကျော်အထိ များလာသဖြင့် ထိုလူများကို မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က လုံလောက်စွာထောက်ပံ့နိုင်ရန် ခက်ခဲနေသည်ဟုလည်း ကိုယောမန်က ပြောသည်။
“တပ်မိသားစုဝင်တော်တော်များများ ကလေးတွေပါတယ်။ အရပ်ဘက်က ၁ ဦး၊ ၂ ဦးပဲ ပါတာ။ တပ်မိသားစုဝင်တွေဆိုရင် တော်တော်ကို ခက်ခဲကျပ်တည်းနေတယ်၊ နောက်ဆုံး အမျိုးသမီးလစဉ်သုံးကအစ ဆေးဝါးကအစ၊ ဆန်ကအစ၊ စားနပ်ရိက္ခာကအစ တော်တော်လေးခက်ခဲနေတယ်”
ချင်းညီနောင်နှင့် အာရက္ခတပ်တော် (AA) ပါဝင်သော မဟာမိတ်လက်နက်ကိုင်တပ်များသည် မတူပီမြို့ရှိ စစ်ကောင်စီတပ်ရင်း ၂ ရင်းနှင့် စစ်ဗျူဟာကို ဇွန်လ ၉ ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး ဇွန်လ ၁၇ ရက်တွင် ခြေမြန်တပ်ရင်း ခမရ (၃၀၄) ကို သိမ်းယူသည်။
ကျန်ရှိသည့် စစ်ဗျူဟာကုန်းနှင့် ခလရ (၁၄၀) တို့ကို ဇွန်လ ၂၉ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ပြီး မတူပီမြို့ကို ထိန်းချုပ်ထားသည်။
မတူပီတွင် မြို့သိမ်းတိုက်ပွဲပြီးသွားသော်လည်း မြို့နယ်စပ်နေရာများတွင် မြေမြှုပ်မိုင်းများရှိနေသဖြင့် ချင်းညီနောင်အဖွဲ့က မိုင်းရှင်းလင်းရေး ဆက်လုပ်နေသည်ဟုလည်း သိရသည်။
မတူပီမြို့နယ်တွင် ချင်းညီနောင်အဖွဲ့နှင့် ပူးပေါင်းထားသည့် CDF မတူပီ တပ်မဟာ (၁) နှင့် ချင်းပြည်ကောင်စီ (CC) ကိုထောက်ခံသော ချင်းလန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ (၂) တို့ အခြေစိုက်သည်။