ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်တွင် ချင်းညီနောင်အဖွဲ့နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်နေသောကြောင့် ဘေးလွတ်ရာ ထွက်ပြေးရသူအရေအတွက် ၃,၀၀၀ အထိ ရှိလာပြီး အကူအညီလိုအပ်နေသည်ဟု စစ်ရှောင်အရေး ကူညီပေးနေသူများက ဇွန် ၂၇ ရက်နေ့တွင် ပြောသည်။
တိုက်ပွဲများစတင်ဖြစ်ပွားသည့် ဇွန်လ ၉ ရက်ဝန်းကျင်က စစ်ရှောင် ၁၅၀၀ ကျော်ရှိခဲ့ရာမှ ကာလတိုအတွင်း အရေအတွက် နှစ်ဆတိုးလာသည်။
စစ်ဘေးရှောင်အများစုသည် မတူပီမြို့အနောက်ဘက်ခြမ်းရှိ တောတောင်များ၊ ကျေးရွာများတွင် ခိုလှုံနေကြရသည်ဟု သိရသည်။
စစ်ရှောင်များအတွက် အိန္ဒိယနိုင်ငံနယ်စပ်မှတစ်ဆင့် ဆန်ရိက္ခာ ပေးပို့ရန် ကြိုးစားနေသော်လည်း လမ်းတွင် တိုက်ပွဲဖြစ်နေခြင်းကြောင့် ခက်ခဲနေသည်ဟုလည်း စစ်ရှောင်များကို အကူအညီပေးနေသည့် အမျိုးသမီးက ပြောသည်။
“ကျွန်မတို့ကျတော့ လူသားချင်းစာနာတဲ့ အဖွဲ့ဆိုတော့လေ၊ လမ်းဖွင့်ပေးဖို့ တောင်းဆိုမလို့ ဖုန်းတွေလည်း လိုက်ဆက်နေတယ်” ဟု သူက ပြောသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်သည့် အချက်အလက်အရ မတူပီမြို့နယ်တွင် လူဦးရေ ၈,၄၀၀ ကျော် နေထိုင်ကြောင်း သိရသည်။
ဒေသတွင်းလှုပ်ရှားနေသည့် ချင်းညီနောင်အဖွဲ့ကမူ မတူပီမြို့ရှိ စစ်စခန်းများကို သိမ်းပိုက်နိုင်ရန် ဆက်လက်ထိုးစစ်ဆင်နေကြောင်း ဇွန်လ ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။
စစ်ဗျူဟာကုန်းနှင့် ခလရ (၁၄၀) ၏ ကာကင်းတချို့ကိုလည်း သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးထားသည်။
မတူပီမြို့တွင် စစ်ဗျူဟာအခြေချတပ်စခန်း၊ ခမရ (၃၀၄) နှင့် ခလရ (၁၄၀) တပ်ရင်းတို့ အခြေစိုက်ထားသည်။
ချင်းညီနောင်အဖွဲ့သည် မတူပီမြို့ထိုးစစ်ကို ဇွန်လ ၉ ရက်နေ့တွင် စတင်ခဲ့ပြီး ဇွန်လ ၁၇ ရက်နေ့တွင် ခမရ (၃၀၄) ကို သိမ်းပိုက်ခဲ့သည်။
ဇွန်လ ၁၈ ရက်နေ့တွင်မူ ဒေသတွင်း တော်လှန်ရေးအင်အားစုအချင်းချင်း ပစ်ခတ်မှုများ စတင်ဖြစ်ပွားလာသည်။
ချင်းပြည်ကောင်စီ လက်အောက်ခံ ချင်းအမျိုးသားတပ်ဦး (CNF) ဦးဆောင်သည့် မဟာမိတ်များနှင့် တိုက်ပွဲ ၆ ရက်ဆက်တိုက် ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ထံမှ သိရသည်။
ပစ်ခတ်မှုအတွင်း နှစ်ဖက်စလုံးတွင် ထိခိုက်ကျဆုံးမှုရှိကြောင်း ချင်းညီနောင်အဖွဲ့ဘက်က ပြောသည်။
ဇွန်လ (၂၄) ရက်နေ့တွင် CNF နှင့် မဟာမိတ်များဘက်က တပ်ဆုတ်ပေးလိုက်ကြောင်း၊ သို့သော်လည်း မတူပီဗျူဟာနှင့် ခလရ (၁၄၀) ၏ မြောက်ဘက်တွင် တည်ရှိသည့် တောင်ပေါ်ရွာများဖြစ်သော ဖနိုင်ရွာနှင့် ငလိုင်ရွာကြားတွင် မိုင်းအမြောက်အမြား ထောင်ထားခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ဘက်က ဆိုသည်။
စစ်မျက်နှာ ၂ ခုဖွင့်စရာမလိုတော့သဖြင့် ကျန်ရှိသည့် စစ်ကောင်စီတပ်စခန်း ၂ ခုသိမ်းပိုက်ရေး အစွမ်းကုန်ဆက်လုပ်သွားမည်ဟုလည်း ချင်းညီနောင်အဖွဲ့ဘက်က ပြောသည်။
ချင်းညီနောင်အဖွဲ့သည် မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်လာသည့် ချင်းလက်နက်ကိုင် မဟာမိတ်အဖွဲ့ဖြစ်သည်။
ချင်းညီနောင်အဖွဲ့တွင် ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) ဟူသည့် အဖွဲ့ ၆ ဖွဲ့ ပါဝင်သည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်နေသည့် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မဟာမိတ်များလည်း အခြေစိုက်လုပ်ရှားပြီး အဆိုပါအဖွဲ့သည် ဒေသတွင်း တော်လှန်ရေးအဖွဲ့အများအပြား ပါဝင်သည့် ချင်းပြည်ကောင်စီ၏ ဩဇာကို ခံယူထားသည်။
အခြေအနေကို ပိုမိုသိရှိနိုင်ရန် CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံ Myanmar Now က အွန်လိုင်းမှတစ်ဆင့် စာပို့မေးခဲ့သော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိသေးပေ။