
ရန်ကုန် – ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ပူးတွဲပြီး ကြေညာချက်များ ထုတ်ပြန်ခဲ့သည့်အပေါ် ပါတီတွင်း သဘောထားကွဲလွဲမှုများ ရှိလာသဖြင့် ပူးတွဲကြေညာချက်များကို ဆက်လက်ထုတ်ပြန်တော့မည် မဟုတ်ကြောင်း ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကာလက ထင်ရှားခဲ့သည့် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။
“ကြံ့ခိုင်ရေး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး) ပါတီနဲ့ ပတ်သက်တော့ ပါတီတွင်းမှာကို မကျေလည်တဲ့ လူတွေရှိတယ်။ ကြံ့ခိုင်ရေးနဲ့ တွဲရကောင်းလားဆိုပြီး မကျေနပ်တဲ့သူတွေ ရှိတယ်။ ပြင်ပမှာလည်း ကြံ့ခိုင်ရေးရဲ့ပုံရိပ်က သိတဲ့အတိုင်းပဲ။ နေရာတကာမှာ လက်ခံတာနည်းတယ်။ နည်းတဲ့အတွက်ကြောင့် ကြံ့ခိုင်ရေးနဲ့ ပူးပေါင်းလို့ နိုင်ငံရေးအရ အကျိုးမရှိဘူးလေ” ဟု ၎င်းက Myanmar Now ကို ပြောသည်။
ပြည်ခိုင်ဖြိုးပါတီနှင့် NDF ပါတီတို့မှာ မိတ်ဖက်ပါတီများမဟုတ်သော်လည်း ကြေညာချက်များ ပူးတွဲထုတ်ပြန်ခဲ့ခြင်းမှာ တစ်နိုင်ငံလုံးနှင့်သက်ဆိုင်ပြီး နိုင်ငံတကာထိပါ သက်ရောက်နိုင်သည့် ကိစ္စရပ်များဖြစ်၍သာ ပူးပေါင်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
NDF ပါတီသည် ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၁ ပါတီနှင့် ပူးပေါင်း၍ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပဋိပက္ခဖြေရှင်းရေးကော်မရှင် ဖွဲ့စည်းသည့်ကိစ္စနှင့် ဆက်စပ်ပြီး ကန့်ကွက်သည့် ကြေညာချက်များ ပြီးခဲ့သည်နှစ်များအတွင်းက ထုတ်ခဲ့ဖူးသည်။
“ကျွန်တော်တို့က သူတို့နဲ့ မူဝါဒခြင်းလည်း တူညီတာမဟုတ်ဘူး။ လာရာ၊ လားရာလည်း မတူခဲ့ဘူးဗျာ” ဟု ဦးခင်မောင်ဆွေက ပြော သည်။
ထိုစဉ်က ပူးတွဲ၍ ကြေညာချက်ထုတ်ခဲ့သည်မှာ လူပုဂ္ဂိုလ်၊ ပါတီ စသဖြင့် မရည်ရွယ်ဘဲ နိုင်ငံနှင့်နိုင်ငံသားတို့၏ ရည်ရှည်အကျိုးစီးပွားကို ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ပြည်ခိုင်ဖြိုးပါတီနှင့် ကြေညာချက် ပူးတွဲထုတ်ခဲ့ခြင်းကြောင့် ပါတီကို နိုင်ငံရေးအရ ထိုးနှက်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း ပါတီ အထွေထွေအတွင်းရေးမှူး ဦးနေမင်းကျော်က ပြောသည်။
“လုပ်ငန်းစဉ်အနေနဲ့က မမှားဘူးပေါ့။ ဒါပေမယ့်လည်း ပုံရိပ်အနေနဲ့ကျတော့လည်း တလွဲထင်ရတာတွေ၊ တလွဲ အသုံးချခံရတာတွေ ရှိတာပေါ့ဗျာ။ ပြည်ခိုင်ဖြိုးနဲ့တွဲထွက်တော့ အတိုက်အခိုက်ခံရတာတွေ ရှိတာပေါ့”ဟု ၎င်းက ဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလ ယခု အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် ရွေးကောက်ပွဲမဝင်ဟု ဆုံးဖြတ်ပြီး ပါတီကို မှတ်ပုံပြန်မတင်သည့်အတွက် ပါတီပျက်ပြယ်သွားသည့်နောက်ပိုင်း ရွေးကောက်ပွဲဝင်လိုသည့် ပါတီဝင်များက အမျိုးသားဒီမိုကရေစီအင်အားစု (NDF) အမည်ဖြင့် သီးခြားပါတီတစ်ခု ထူထောင်ရာမှ ပေါ်ပေါက်လာခဲ့သည့် ပါတီဖြစ်သည်။
ပါတီစတင်တည်ထောင်သူများမှာ NLD ပါတီ စတင်တည်ထောင်စဉ်ကပင် ပါဝင်ခဲ့သူများ ဖြစ်သည်။ NDF ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် စုစုပေါင်း ၁၆၁ နေရာ ဝင်ပြိုင်သည့် အနက် ရန်ကုန်တိုင်း တစ်တိုင်းတည်းမှသာ ကိုယ်စားလှယ် ၁၆ နေရာ အနိုင်ရရှိခဲ့သည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီ မှတ်ပုံပြန်တင်ကာ ရွေးကောက်ပွဲ ပြန်ဝင်ခဲ့သည့်နောက်ပိုင်း ကျင်းပသည့် ရွေးကောက်ပွဲများတွင် အနိုင်မရရှိတော့ပေ။
၂၀၁၀ ရွေးကောက်ပွဲတွင် NDF ပါတီ ကိုယ်စားပြုပြီး အနိုင်ရရှိခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်များအနက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် မြောက်ဥက္ကလာပမြို့နယ်မှ ဒေါက်တာသန်းဝင်း၊ လသာမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်၊ လမ်းမတော်မြို့နယ်မှ ဦးခင်မောင်ဝင်းတို့သည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်းတွင် NLD ပါတီသို့ ပြန်လည်ကူးပြောင်းခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီသည် ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်တွင် နှစ်နေရာ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် မဆုံးဖြတ်ရသေးဟု ဦးခင်မောင်ဆွေက ပြောသည်။