သတင်း

သထုံတွင် လူဦးရေစာရင်းကောက်သူ အုပ်ကြီးနှင့် ရုံးစာရေး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ် တောင်စွန်းကျေးရွာတွင် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း လိုက်လံကောက်ယူနေသူ ၂ ဦးကို သထုံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ (ဇန်နဝါရီ ၁၃) တွင် လုပ်ကြံခဲ့ကြောင်း သိရသည်။

ဒေသခံတို့ကို အနိုင်ကျင့်၊ ခြိမ်းခြောက်သည်ဟုဆိုသော တောင်စွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသိမ်း၊ ရုံးစာရေးမတို့ကို ၎င်းတို့၏ ရုံးတွင်ပင် သေနတ်ဖြင့် နှစ်ချက်စီ ပစ်သတ်ခဲ့ကြောင်း သထုံပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရွာသားတွေက ရုံးကို ကိုယ်တိုင်လာပြီးတော့ အိမ်ထောင်စုစာရင်း လာပေးရတယ်။ ညနေပိုင်း ခဏနားတဲ့အချိန်မှာပဲ ပြည်သူတွေ မရှိတဲ့အချိန်မှာ ကျွန်တော်တို့ ဝင်ပြီးလုပ်လိုက်တာပေါ့” ဟု ၎င်းက ဆိုသည်။

“ရုံးမှာကို လာပြီးတော့ ပေးခိုင်းတာ၊ တချို့တွေဆို အိမ်တိုင်ရာရောက် ကောက်တာရှိပေမဲ့ တောင်စွန်းမှာကျတော့ စာရေးမကနေပြီးတော့ ပြည်သူတွေကို (လူဦးရေစာရင်း) လာမပေးမနေရပေါ့နော်၊ လာမပေးရင် နင်တို့ကို ဖမ်းဆီးမယ်၊ ထောင်ချမယ်ဆိုပြီးတော့ ခြိမ်းခြောက်ထားတာ”

ရုံးဝန်ထမ်းမှာ နေရာတွင်ပင် သေဆုံးပြီး အုပ်ချုပ်ရေးမှူးမှာ သထုံဆေးရုံကြီး၌ သေဆုံးကြောင်း ဒေသခံများထံမှ ပြန်လည်သိရှိရသည်ဟု ၎င်းက ပြောသည်။

စာရင်းကောက်ယူသည့်နေရာတွင် တွေ့ရှိရသည့် စာရွက်စာတမ်းအချို့နှင့် ဖုန်းနှစ်လုံးကို သိမ်းယူခဲ့ကြောင်း ၎င်းက ပြောသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ မသမာသော ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းများ မပေးကြရန်၊ မဖြစ်မနေပေးရမည်ဆိုပါကလည်း ရွေးကောက်ပွဲကျင်းပချိန်တွင် မဲမထည့်ကြရန် တိုက်တွန်းလိုကြောင်း ၎င်းက ပြောသည်။

သထုံမြို့နယ်တွင် လူဦးရေစာရင်း ကောက်ယူရာ၌ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ထိုရုံးများမှ ဝန်ထမ်းများအပြင် ကြက်ခြေနီ၊ မီးသတ်နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များပါ ပါဝင်ကြောင်း သထုံပကဖ တာဝန်ရှိသူက ဆိုသည်။

ဇန်နဝါရီ ၉ တွင် အစပြုသည့် စာရင်းကောက်ယူမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စာရင်းကောက်အဖွဲ့ အများအပြားကို လုံခြုံရေးပေးနေသည်။ ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများတွင်လည်း လူဦးရေစာရင်း ကောက်ယူသည့်နေရာများကို မြို့ပြပြောက်ကျားအဖွဲ့များက ဗုံးခွဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီက ရွေးကောက်ပွဲအတွက် ရည်ရွယ်သည့် လူဦးရေစာရင်းကောက်ယူမှုကို နိုင်ငံအနှံ့ ပြုလုပ်နေရာ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ နေရာ ၇ နေရာကို မြို့ပြပြောက်ကျားအဖွဲ့များက ဗုံးဖောက်ခွဲကာ ဆက်မလုပ်ရန် သတိပေးထားသည်။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင်လည် လူဦးရေစာရင်း လိုက်ကောက်ယူရာတွင် ပါဝင်သည့် ရဲတပ်သားတစ်ဦးကိုလည်း ဇန်နဝါရီ ၉ က ထားဝယ်အခြေစိုက် PDF အဖွဲ့တစ်ဖွဲ့က ပစ်သတ်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က လတ်တလော လူဦးရေစာရင်းကောက်ယူနေမှုတွင် ပူးပေါင်းပါဝင်နေသော ဝန်ထမ်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ဇန်နဝါရီ ၉ တွင် ထုတ်ပြန်ထားသည်။

အာဏာသိမ်းဗိုလ်ချုပ်ကြီးများကမူ ရွေးကောက်ပွဲသည် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ဖြစ်သောကြောင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် လူထုကို တိုက်တွန်းထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button