သတင်း

ကချင်ဘာသာရေးခေါင်းဆောင်ကို ၁၇(၁) အပြင် ပုဒ်မ ၅၀၅(က) ဖြင့်ပါ တရားစွဲ

လွန်ခဲ့သည့် တစ်လကျော်ကြာကတည်းက ဖမ်းဆီးခံထားရသည့် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှုဥပဒေပါ ပုဒ်မ ၁၇(၁) အပြင် ရာဇသတ်ကြီးဥပဒေပါ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) ဖြင့်ပါ တရားစွဲထားသည်ဟု မိသားစုဝင်ထံမှ သိရသည်။

ဒေါက်တာခလမ်ဆမ်ဆွန်မှာ KBC အဖွဲ့ဝင်နှစ်ဦးနှင့်အတူ ဆေးကုသရန် ထိုင်းနိုင်ငံသို့ သွားရောက်မည့်ဆဲဆဲ ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ထိုနေ့၌ပင် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ခေါ်ဆောင်သွားခြင်း ခံရသည်။

မြစ်ကြီးနားထောင်၌ ထိန်းသိမ်းခံထားရသည့် ဒေါက်တာခလမ်ဆမ်ဆွန်ကို ယနေ့ (ဇန်နဝါရီ ၁၁) တွင် ရမန်ယူပြီးနောက် နောက်နှစ်ရက်တွင် ရုံးထုတ်စစ်ဆေးမည်ဟု သိရှိရကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“ရုံးမထုတ်ဘူး။ ထောင်မှာပဲ ရမန်ကြီးယူတယ်။ ၁၇(၁) နှင့် ၅၀၅(က) နဲ့ စွဲတယ်။ ၁၃ ရက်နေ့မှာ ရုံးထုတ်မယ်။ ဒါပေမဲ့ ထောင်မှာပဲ ဖြစ်ဖို့များတယ်။ အခုထိ မိသားစုနဲ့ လူတွေ့ခွင့် မရသေးဘူး။ ဖြတ်လျှောက်တုန်း အဝေးက မှုန်ပျပျလေး လက်ပြနှုတ်ဆက်ခွင့်ရလိုက်တယ်” ဟု ဒေါက်တာခလမ်ဆမ်ဆွန်၏ မိသားစုဝင်က ပြောသည်။

KBC ဥက္ကဋ္ဌဟောင်းကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးအဆင့်က တရားလိုပြုလုပ်ကာ မြစ်ကြီးနားရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်ကာ အမည်ခံတရားစွဲဆိုသူ စစ်တပ်အရာရှိ၏ အမည်ကို ထုတ်ဖော် ပြောဆိုရန် ရဲစခန်းဘက်က ငြင်းဆန်သည်ဟုလည်း သိရသည်။

ယနေ့အထိ ဒေါက်တာခလမ်ဆမ်ဆွန်သည် မိသားစုဝင်များက တွေ့ခွင့်မရသေးပေ။

“(ကျန်းမာရေး) ကောင်းတယ်လို့တော့ ရှေ့နေတွေ ပြောတယ်။ စစ်ကြောရေးကာလက အကြောင်းတော့ ဘာမှမပြောဘူး။ ထွက်လာမှ ပြောမယ်တဲ့” ဟု အထက်ပါ မိသားစုဝင်အမျိုးသမီးက ဆိုသည်။

ဒေါက်တာခလမ်ဆမ်ဆွန်ကိုယ်တိုင် ထောင်းတွင်း၌ ရေးသားထားသည့် နှစ်သစ်ကူးနှုတ်ဆက်စာအရ ၎င်းကိုဖမ်းဆီးပြီးနောက် ၂၄ နာရီကြသည်အထိ စစ်ကြောမေးမြန်းခံရသည်ဟု သိရသည်။

ဖမ်းဆီးခံရပြီး ရက်အနည်းငယ်အကြာတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က KBC တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံပြီး ဒေါက်တာခလမ်ဆမ်ဆွန်အား ၎င်း၏ ဟောပြောချက်များကြောင့် တရားစွဲဆိုရခြင်း ဖြစ်ကြောင်း အသိပေးခဲ့သည်ဟု KBC တာဝန်ရှိသူများထံမှ သိရသည်။

ကချင်လူထုအကြား ဩဇာတိက္ကမကြီးမားသည့် ဘာသာရေးခေါင်းဆောင်မှာ KBC ဥက္ကဋ္ဌအဖြစ် ၂၀၁၉ ခုနှစ်အတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များကို စစ်တပ်က ညှဉ်းပန်းနှိပ်စက်နေကြောင်း ပြောဆိုခဲ့သည်။ ထိုသို့ ပြောဆိုပြီးနောက် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အရေးယူပေးရန် စစ်တပ်က မြစ်ကြီးနားမြို့နယ်တရားရုံးတွင် ဦးတိုက် လျှောက်ထားခဲ့သည်။

သို့သော် သုံးရက်အကြာတွင် အမှုကို ပြန်လည်ရုပ်သိမ်းပြီးနောက် ကချင်ဘာသာရေးခေါင်းဆောင်ကို မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ပင် ဖိတ်ခေါ်တွေ့ဆုံခဲ့သည်။ ထို့ပြင် တစ်နှစ်ခန့်အကြာ ၂၀၂၀ ဒီဇင်ဘာတွင် မြစ်ကြီးနားရောက်လာသည့် မင်းအောင်လှိုင်က ဒေါက်တာခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဖိတ်ခေါ်ကာ တကူးတကတွေ့ဆုံခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button