သတင်း

ကချင်ဘာသာရေးခေါင်းဆောင်ကို စစ်ကောင်စီ ဆက်လက်ဖမ်းဆီးထား

ယမန်နေ့က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခံရသည့် ကချင်ဘာသာရေးခေါင်းဆောင် သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်နှင့် ပတ်သက်၍ ယနေ့အချိန်ထိ အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်သည်ဟု သိရသည်။

ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်းဖြစ်သူ ဒေါက်တာခလမ်ဆမ်ဆွန်သည် ထိုင်းနိုင်ငံသို့ ဆေးကုသရန် သွားရောက်မည့်ဆဲဆဲ ယမန်နေ့ နံနက် ၉ နာရီခွဲခန့်တွင် စစ်ကောင်စီ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသည်။

လေဆိပ်တွင် အရပ်ဝတ်သုံးဦးက စစ်ဆေးရန် ခေါ်သွားပြီးနောက် ဖမ်းဆီးခြင်းမဟုတ်ဘဲ နိုင်ငံခြားထွက်ခွင့်ပိတ်ပင်ခြင်းသာဖြစ်ကြောင်း၊ မြစ်ကြီးနားသို့ လေယာဉ်ဖြင့် ပြန်ပို့လိုက်ပြီဖြစ်ကြောင်း သိရသဖြင့် ယမန်နေ့မွန်းလွဲပိုင်းတွင် KBC တာဝန်ရှိသူများ သွားရောက်ကြိုဆိုခဲ့သော်လည်း ဒေါက်တာခလမ်ဆမ်ဆွန် ပြန်ရောက်မလာခဲ့ပေ။

ဒေါက်တာခလမ်ဆမ်ဆွန်ကို မြစ်ကြီးနားသို့ ပြန်ပို့လိုက်ပြီးနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ခေါ်ဆောင်သွားကာ စစ်ဆေးမေးမြန်းနေသည်ဟု ထပ်မံသိရှိရသော်လည်း အသေးစိတ်အတည်မပြုနိုင်ကြောင်း KBC မှ ဓမ္မဆရာတစ်ဦးက ယမန်နေ့ ညနေပိုင်းတွင် ပြောသည်။

“သူတို့ စစ်ဆေးမေးမြန်းစရာရှိလို့ ခဏခေါ်သွားတယ်လို့ပဲ ကြားတယ်။ ကျွန်တော်တို့နဲ့ တိုက်ရိုက်တော့ မပြောဖြစ်ဘူးပေါ့” 

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ ယမန်နေ့ညပိုင်း ထုတ်ပြန်ချက်တွင် အကြောင်းမဲ့ ဖမ်းဆီးခံထားရသည့် ၎င်းတို့ဥက္ကဋ္ဌဟောင်းကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။​

ဒေါက်တာခလမ်ဆမ်ဆွန်နှင့် ပတ်သက်၍ ယနေ့ (ဒီဇင်ဘာ ၆) နံနက်ပိုင်းအထိ တစ်စုံတစ်ရာ မသိရသေးကြောင်း KBC ထံမှ သိရသည့်နည်းတူ မြစ်ကြီးနားမြို့အခြေစိုက် အရေးပါသည့် ကချင်အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခုမှ ခေါင်းဆောင်တစ်ဦးကလည်း အလားတူပင်ပြောသည်။​

“ဘာမှလည်း ဂဃနဏ မသိရသေးဘူး။​ တချို့ပြောတာ မြစ်ကြီးနားပြန်ပို့လိုက်ပြီလို့ ပြောတယ်။ မြစ်ကြီးနားပြန်မေးကြည့်တော့လည်း ဒီမှာမရှိဘူးလို့ ပြောတယ်။ ဘာဖြစ်လို့ ဖမ်းတယ်ဆိုတာလည်း စုံစမ်းဆဲပဲ” 

ကချင်လူထုအကြား ဩဇာတိက္ကမကြီးသည့် ဒေါက်တာခလမ်ဆမ်ဆွန်မှာ KBC ဥက္ကဋ္ဌအဖြစ် ၂၀၁၉ ခုနှစ်အတွင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များကို စစ်တပ်က ညှဉ်းပန်းနှိပ်စက်နေကြောင်း ပြောဆိုခဲ့သည်။

ထိုသို့ပြောဆိုပြီးနောက် ဒေါက်တာခလမ်ဆမ်ဆွန်ကို အရေးယူပေးရန် စစ်တပ်က မြစ်ကြီးမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့သည်။

သို့သော် သုံးရက်အကြာတွင် အမှုကို ပြန်လည်ရုပ်သိမ်းပြီးနောက် ကချင်ဘာသာရေးခေါင်းဆောင်ကို မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ပင် ဖိတ်ခေါ်တွေ့ဆုံခဲ့သည်။

ထို့ပြင် တစ်နှစ်ခန့်အကြာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်လာသည့် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒေါက်တာခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဖိတ်ခေါ်ကာ တကူးတကတွေ့ဆုံခဲ့သည်။

အာဏာမသိမ်းမီ နှစ်လခန့်အလိုတွင် KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်ကို တွေ့ဆုံခဲ့ရာ၌ မင်းအောင်လှိုင်နှင့်အတူ စစ်တပ်ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ ပါဝင်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button