အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကချင်ဘာသာရေးခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတရားစွဲမည်

မန္တလေး တံတားဦးလေဆိပ်တွင် ဒီဇင်ဘာ ၅ ရက်က ဖမ်းဆီးခံလိုက်ရသည့် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက တရားစွဲရန် စီစဉ်နေသည်ဟု KBC အဖွဲ့ချုပ်ထံမှ သိရသည်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို တရားစွဲဆိုမည့်အကြောင်း စစ်ကောင်စီ၏ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ယခုလ ၆ ရက်တွင် အသိပေးခဲ့သည်ဟု KBC တွဲဖက်အတွင်းရေးမှူးဖြစ်သူ Lahpai Zau Ra က ယမန်နေ့တွင် ပြောဆိုထားသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ တာဝန်ရှိသူ ၄ ဦးကို မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ခေါ်ယူကာ အထက်ပါအတိုင်း ပြောဆိုခဲ့သည်ဟု KBC တွဲဖက်အတွင်းရေးမှူး Lahpai Zau Ra က ယမန်နေ့တွင် လူမှုကွန်ရက်မှတစ်ဆင့် အသင်းဝင်များကို အသိပေးထားသည်။​

“နယ်လုံနဲ့ တွေ့ဆုံတဲ့အခါမှာ ကျွန်တော်တို့ရဲ့ဆရာက သူလုပ်ထားတဲ့ အပြစ်တွေရှိနေတယ်ဆိုပြီး ဖိုင်တွေ ပြလာတယ်။ အစည်းအဝေးဖိုင်တွေ ပါလာတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဆရာတော်ကို တရားစွဲဖို့လည်း ရှိလာမှာဖြစ်တယ်လို့ ပြောလာတဲ့အတွက် သူတို့က ဆရာ့ကို တရားစွဲဖို့ လုပ်နေတယ်ဆိုတာ သိရတယ်”

သင်တန်းများနှင့် အစည်းအဝေးများတွင် KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် ပြောကြားချက်များကို အခြေခံကာ စစ်ကောင်စီက တရားစွဲဆိုနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဆိုသော်လည်း မည်သည့်ပုဒ်မဖြင့် အမှုဖွင့်မည်ကို မသိရသေးပေ။

ဒေါက်တာခလမ်ဆမ်ဆွန် ပြန်လည်လွတ်မြောက်လာရေး နည်းလမ်းရှာဖွေရန် KBC က ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်သည်ဟုလည်း သိရသည်။

အသေးစိတ်သိရှိနိုင်ရန် KBC ပြန်ကြားရေးတာဝန်ခံကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။

ကချင်လူထုအပေါ် ဩဇာတိက္ကမကြီးသည့် KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်မှာ ယခုလ ၅ ရက် နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုရန် ထွက်ခွာမည့်ဆဲဆဲ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဖမ်းဆီးပြီးနောက် ထိုနေ့၌ပင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့က လေယာဉ်ဖြင့် ခေါ်ဆောင်သွားကာ နောက်တစ်ရက်တွင် စစ်ကောင်စီက KBC တာဝန်ရှိသူများကို တရားစွဲဆိုမည့်အကြောင်း အသိပေးခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာခလမ်ဆမ်ဆွန်မှာ KBC ဥက္ကဋ္ဌအဖြစ် ၂၀၁၉ ခုနှစ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များကို စစ်တပ်က ညှဉ်းပန်းနှိပ်စက်နေကြောင်း ပြောဆိုခဲ့သည်။

ထိုသို့ပြောဆိုသည့်အပေါ် ဒေါက်တာခလမ်ဆမ်ဆွန်ကို အရေးယူပေးရန် စစ်တပ်က မြစ်ကြီးနားမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့သည်။ သို့သော် သုံးရက်အကြာတွင် အမှုကို ပြန်လည်ရုပ်သိမ်းပေးကာ မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ပင် ဖိတ်ခေါ်တွေ့ဆုံခဲ့သည်။

ထို့အပြင် တစ်နှစ်ခန့်အကြာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့  ရောက်လာသည့် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒေါက်တာခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဖိတ်ခေါ်ကာ တကူးတကတွေ့ဆုံခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button