စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) ဖြင့် ထပ်တိုး အမှုဖွင့်ထားကြောင်း ၎င်း၏ရှေ့နေနှင့် မိသားစုထံမှ သိရသည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူရန် ခရီးထွက်လာသည့် သူ့ကို စစ်ကောင်စီတပ်က မန္တလေးလေဆိပ်တွင် ဖမ်းဆီးခဲ့သည်။
ထို့နောက် ၎င်းကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ချုပ်နှောင် စစ်ဆေးခဲ့ပြီးနောက် ဇန်နဝါရီ ၁၁ တွင် ဗိုလ်မှူးသူအောင်ဇော် ဆိုသူက မြစ်ကြီးနားရဲစခန်းတွင် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)၊ ရာဇသတ်ကြီးဥပဒေပါ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က) တို့ဖြင့် အမှုဖွင့်ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၁၄ မြစ်ကြီးနားထောင်တွင်းတရားရုံးတွင် စစ်ဆေးစဉ် ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မ ၅၂(က) ဖြင့်ပါ ထပ်မံအမှုဖွင့်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်ဟု ဆိုကာ ထိုသို့ အမှုထပ်တိုးခြင်း ဖြစ်ကြောင်း ၎င်း၏ တရားလွှတ်တော်ရှေ့နေ ဒေါ်ဒေါင်နန်က ပြောသည်။
“သူတို့က NUG သမ္မတ ဦးလရှီးလရော ပြီးတော့ သယံဇာတဝန်ကြီးဖြစ်တဲ့ ဦးတူးခေါင်ရော၊ ပညာရေးဝန်ကြီးဖြစ်တဲ့ ဆရာမဂျာထွယ်ပန် ဒီသုံးဦးနဲ့ လိုင်ဇာမှာ သွားတွေ့တဲ့အတွက်ကြောင့်လို့တော့ ပြောပြတယ်” ဟု ရှေ့နေက ဆိုသည်။
ပုဒ်မ ၅၂(က) ကို ယမန်နေ့က တရားစွဲတင်ခဲ့ခြင်းဖြစ်ပြီး ယခင်ပုဒ်မနှစ်ခုမှာ စွဲချက်တင်ရန် လျှောက်လဲချက်အဆင့်ကို ရောက်ရှိကာ ထိုပုဒ်မအတွက် လာမည့် ဖေဖော်ဝါရီ ၂၁ ရက်တွင် ရုံးချိန်းထပ်မံချိန်းဆိုထားသည်ဟု ဒေါ်ဒေါင်နန်က ဆိုသည်။
လာမည့်ရုံးချိန်းတွင် ပုဒ်မ ၅၂(က) အမှုအတွက် တရားလိုနှင့် လိုပြသက်သေကို စတင်စစ်ဆေးမည်ဖြစ်ကြောင်း အထက်ပါ ရှေ့နေက ပြောသည်။
ဒေါက်တာခလမ်ဆမ်ဆွန်ကို အမှုဖွင့်ခြင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ဌာနချုပ်တည်ရှိရာ တရုတ်နယ်စပ်မြို့ လိုင်ဇာကို သွားရောက်ခဲ့ခြင်းကြောင့် ဖြစ်သည်ဆိုပါက အဓိပ္ပာယ်မရှိကြောင်း ၎င်း၏ မိသားစုက အစဉ်တစိုက်ပြောသည်။
၎င်း၏ဖခင်သည် ခရစ်ယာန်သိက္ခာတော်ရ ဆရာတော်တစ်ပါးဖြစ်သည့်အပြင် KBC အဖွဲ့၏ တာဝန်ရှိသူဖြစ်ရာ အသင်းသူ၊ အသင်းသားများရှိသည့် မည်သည့်နေရာကိုမဆို သွားလာရသည့်အတွက် ၎င်းတွင် အပြစ်မရှိကြောင်း မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။
ဒေါက်တာခလမ်ဆမ်ဆွန်က ဆုတောင်းမေတ္တာ ပို့ပေးရန် မိသားစုကို မှာကြားလိုက်ကြောင်း၊ ယနေ့အထိ မိသားစုနှင့် မတွေ့ရသေးကြောင်း မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။
ဒေါက်တာခလမ်ဆမ်ဆွန် KBC ဥက္ကဋ္ဌတာဝန်ယူထားစဉ် ၂၀၁၉ ခုနှစ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များကို စစ်တပ်က ညှဉ်းပန်းနှိပ်စက်နေကြောင်း ပြောဆိုခဲ့သည်။
ထိုသို့ ပြောဆိုပြီးနောက် ဒေါက်တာခလမ်ဆမ်ဆွန်ကို အရေးယူပေးရန် စစ်တပ်က မြစ်ကြီးနားမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့သည်။
သို့သော် သုံးရက်အကြာတွင် အမှုကို ပြန်လည်ရုပ်သိမ်းပြီးနောက် ကချင်ဘာသာရေးခေါင်းဆောင်ကို မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဖိတ်ခေါ်တွေ့ဆုံခဲ့သည်။
ထို့ပြင် တစ်နှစ်ခန့်အကြာ ၂၀၂၀ ဒီဇင်ဘာတွင် မြစ်ကြီးနားရောက်လာသည့် စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒေါက်တာခလမ်ဆမ်ဆွန်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဖိတ်ခေါ်ကာ တကူးတက တွေ့ဆုံခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)