သတင်း

စစ်တပ်နှင့်တိုးသည့် ကောလင်း အမျိုးသမီး PDF နှစ်ဦး အသေခံမိုင်းခွဲ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ဇန်နဝါရီ ၇ က မိုင်းထောင်ရန် စီစဉ်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမျိုးသမီးတပ်ဖွဲ့ဝင် နှစ်ဦး စစ်ကောင်စီ စစ်ကြောင်းမှ ရှေ့ပြေးတပ်သားများနှင့် တိုးသဖြင့် အသေခံမိုင်းခွဲ သေဆုံးခဲ့ကြောင်း သိရသည်။

အမျိုးသမီးနှစ်ဦးသည် နံနက် ၉ နာရီခန့်က ကောလင်းမြို့နယ် ဝါးရုံခုံရွာမှ ထွက်ခွာလာသည့် အင်အား ၁၀၀ ဝန်းကျင် စစ်ကြောင်းကို မိုင်းထောင်တိုက်ခိုက်ရန် ဆိုင်ကယ်ဖြင့် သွားခြင်းဖြစ်သည်ဟု ကောလင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“မိုင်းထောင်ဖို့သွားရင်း ….(စစ်တပ်) တွေနဲ့ ပက်ပင်းတွေ့တဲ့အချိန်မှာ သူတို့က ဖမ်းမိတော့မယ်၊ အဲဒီအချိန်မှာ အသက်ငယ်တဲ့တစ်ယောက်က မိုင်းခလုတ်ကို နှိပ်ခွဲပြီးတော့မှ အဆုံးစီရင်သွားတာ” ဟု သူက ပြောသည်။

အသက် ၄၅ နှစ်အရွယ် ဒေါ်စုစုရည်၊ ၂၀ အရွယ် မနှင်းဆီလှိုင်တို့၏ အလောင်းများကို စစ်တပ်က ယူဆောင်သွားသည်ဟု ကောလင်းသတင်းကွန်ရက်မှ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“သူတို့လုပ်တဲ့ မစ်ရှင်တိုင်းမှာ အမှားမရှိဖူးဘူး။ ဆိုင်ကယ်စီးနေတုန်း ထပေါက်တာလည်း မဟုတ်ဘူး။ သူတို့ တားခံလိုက်ရတာကို မြင်တဲ့သူလည်းရှိတဲ့အတွက် ဒါဟာ အတားခံလိုက်ရချိန်မှာ မလွတ်မှန်းသိလို့ တမင်ကို ဖောက်ခွဲပစ်လိုက်တာ ဆိုတာ သေချာပါတယ်” ဟု သူက ပြောသည်။

နောက်တစ်ရက်တွင် ကောလင်းမြို့ပေါ်ရှိ ဒေါ်စုစုရည်၏ နေအိမ်ကို စစ်ကောင်စီတပ်က ချိပ်ပိတ်လိုက်ပြီး အိမ်နံရံနှင့် ပြတင်းပေါက်များကို ဖျက်ဆီးကြသည်ဟု သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းမှာ ဇန်နဝါရီ ၆ ရက်နေ့က ကောလင်းမြို့နယ်၊ မြောင်းကြီးရွာကို ဝင်ရောက်စီးနင်းမီးရှို့ရာ အိမ် ၁၀ လုံးခန့် မီးလောင်ပျက်စီးသည်၊ နောက်တစ်ရက် ဝါးခုံရွာမှ ထွက်ခွာလာစဉ် ကောလင်းအခြေစိုက် PDF များက လမ်းတွင် ကြားဖြတ်တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ကာကွယ်ရေးအဖွဲ့ဝင်များထဲတွင် စစ်ကြောင်းနှင့် တိုးကာ ပစ်သတ်ခံရသူများ ရှိသလို ဖမ်းမိပြီးနောက် နှိပ်စက် သတ်ဖြတ်ခြင်းခံရမှုများလည်း ရှိနေသည်။

ယမန်နှစ် နှစ်ဆန်းက တွေ့ရသော ကောလင်း PDF  တပ်ဖွဲ့ဝင်တချို့။ (ဓာတ်ပုံ-KR)

၂၀၂၂ နိုဝင်ဘာ ၃၀ က ဝက်လက်မြို့နယ်တွင် မိုင်းထောင်နေသည့် ရွှေဘိုခရိုင် တပ်ရင်း(၁) မှ PDF ၇ ဦး စစ်ကြောင်းနှင့် ထိပ်တိုက်တိုးပြီး ပစ်သတ်ခံရသလို မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ဘက်ခြမ်းတွင် စစ်ကြောင်းကို ကင်းထောက်နေသည့် ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် (ပကဖ) နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရသည်။

ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးနီးပါး ဖြစ်ပွားလာသည့် လက်နက်ကိုင်တော်လှန်မှုတွင် စစ်ကိုင်းတိုင်းက ရှေ့တန်းမှ ဦးဆောင်နေသည်။

ကချင်ပြည်နယ်နှင့် နီးစပ်သည့် စစ်ကိုင်းတိုင်းအထက်ပိုင်း မြို့နယ်များဖြစ်သည့် ကောလင်း၊ ကသာ၊ အင်းတော်၊ ထီးချိုင့် စသည့် မြို့နယ်များတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ဒေသခံ PDF များ ပူးပေါင်း လှုပ်ရှားနေကြသည်။

ဇန်နဝါရီ ၁ တွင် ကောလင်း-PDF အဖွဲ့က ကောလင်းမြို့ပေါ်ရှိ မြို့နယ်ထွေအုပ်ရုံးကို ၄၀ မမ ဗုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သလို မြို့ပေါ်တွင် ကင်းလှည့်နေသည့် စစ်ကြောင်းတစ်ခုကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button