
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှ မှုခင်းသတင်းထောက်တစ်ဦးကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲထားသည်ဟု မိသားစုဝင်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။
စစ်တပ်က ဒေသအခြေစိုက် မှုခင်းသတင်းများ ဖော်ပြနေသည့် Crime Media Group ၏ သတင်းထောက်ဖြစ်သူ မုပ္ပလင်ကျေးရွာ မရမ်းချောင်း အလယ်စုရပ်ကွက်နေ ဒေါ်တင်နွယ်ထွန်း(ခ) ဂျနီမာကို ဒီဇင်ဘာ ၆ တွင် ဖမ်းဆီးခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မိသားစုနှင့် နီးစပ်သူက ဆိုသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် စွဲချက်တင်ထားခြင်းကို ဒီဇင်ဘာ ၁၅ ရက်နေ့ မြို့နယ်တရားရုံး၌ ရုံးထုတ်ချိန်တွင် သိရသည်ဟု အဆိုပါ မိသားစုနှင့် နီးစပ်သူက ပြောသည်။
ကျိုက်ထိုမြို့မရဲစခန်း အချုပ်တွင် ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်း၊ နှိပ်စက်သူတို့ ရေးသားထားသည့် ခံဝန်ချက်တွင် လက်မှတ်ထိုးပေးရကြောင်း သိရသည်ဟု ၎င်းက ပြောသည်။
“လာဖမ်းတဲ့အချိန်မှာ ဘာမှမပြောသွားဘူး။ ဖုန်းထဲမှာလည်း ဘာမှလုပ်ထားတာလည်း မရှိဘူး။ ဘယ်သူနဲ့မှ ထောက်ပံ့ထားတာလည်း မရှိဘူး။ အထဲမှာ မေးတယ်တဲ့၊ မဟုတ်ဘူးဆိုရင် ထပ်ရိုက်တယ်၊ မဟုတ်ဘူးဆိုရင် ထပ်ရိုက်တယ်၊ နောက်ပိတ်ဆုံးကျမှ ဟုတ်တယ်ဆိုပြီးပြောတော့ လက်မှတ်ထိုးခိုင်းတယ်တဲ့” ဟု ၎င်းက ဆိုသည်။
အချုပ်ခန်းတွင် ၃၄ နှစ်အရွယ် ဒေါ်တင်နွယ်ထွန်း၏ ဒဏ်ရာနှင့် ၇ လ အရွယ် သမီးဖြစ်သူ၏ ယားနာအတွက် သင့်လျော်သည့် ကုသခွင့်မရကြောင်းလည်း သိရသည်။
“ကလေးက တစ်ကိုယ်လုံးလည်း အနာတွေပေါက်နေတယ်။ အဲ့မှာ ချိုးရတဲ့ရေတွေကလည်း မသန့်ရှင်းဘူး။ သူ့ကို ရိုက်ထားတဲ့အနာတွေကို ဆေးထည့်ဖို့ တောင်းဆိုတော့လည်း ထည့်စရာမလိုဘူး၊ သေချင်သေလိုက်လို့ ပြောတယ်တဲ့” ဟု ၎င်းကဆက်ပြောသည်။
ဒေါ်တင်နွယ်ထွန်း ပြန်လည်လွတ်မြောက်ရန် ပဲခူးမြို့ရှိ အငြိမ်းစားဗိုလ်ကြီးတစ်ဦး၊ ဗိုလ်မှူးတစ်ဦးနှင့် ရင်းနှီးသည့် အမှုပွဲစားဆိုသူ အမျိုးသမီးတစ်ဦးတို့ကို ငွေ ကျပ် သိန်း ၃၀ ကျော် ပေးဆောင်ခဲ့ပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။ အဆိုပါငွေများတွင် တပ်မ ၄၄ တပ်မမှူးကို ကန်တော့ရန်လည်း ပါဝင်သည်ဟု ၎င်းက ဖြည့်စွက်ပြောသည်။
မှုခင်းသတင်းထောက်ဖြစ်သူ ဒေါ်တင်နွယ်ထွန်းနှင့် မိသားစုဝင်များသည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် မပါဝင်ခဲ့သလို လက်နက်ကိုင်တော်လှန်ရေးအတွက်လည်း မထောက်ပံ့ခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ဒေါ်တင်နွယ်ထွန်းအဖမ်းခံရသည့်နေ့က တစ်ရပ်ကွက်တည်းနေ အသက် ၃၀ ကျော်အရွယ် ကုန်ခြောက်ဆိုင်ပိုင်ရှင် ဇနီးမောင်နှံ မဝတ်ရည်ဝင်း၊ ကိုနိုင်ဇော်တို့လည်း အဖမ်းခံရပြီး အလားတူပုဒ်မနှင့် စွဲဆိုခံထားရကြောင်း သိရသည်။
အမှုပွဲစားဆိုသူများက အဖမ်းခံရသူသုံးယောက် ပြန်လည်လွတ်မြောက်ရန် ငွေကျပ် သိန်း ၃၀၀ အထိ ထပ်မံတောင်းယူခဲ့ပြီး မိသားစုဝင်က မတတ်နိုင်သဖြင့် မပေးခဲ့ကြောင်း ပြောသည်။
စစ်ကောင်စီအရာရှိများနှင့် အငြိမ်းစားများကို လာဘ်ငွေပေးရမှုနှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
ဒီဇင်ဘာလ ၁ ရက်နေ့က မုပ္ပလင်ကျေးရွာတွင် ဦးမောင်မောင်တင်(ခ) ကိုသားကြီးဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် မုပ္ပလင်ကျေးရွာတွင် ပြည်သူအချို့အဖမ်းခံရကြောင်း ကျိုက်ထိုမြို့နယ်သတင်းများ အွန်လိုင်းတွင် ဖော်ပြနေသည့် Kyaikhto Information Team တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒလန်မိသားစုတွေက လက်ညှိုးထိုးပြီး လိုက်ဖမ်းခိုင်းတာ။ အခုနောက်ပိုင်း အဖမ်းခံရတဲ့သူတွေအားလုံးဟာ အကြမ်းဖက်ပုဒ်မနဲ့ပဲ တရားစွဲတင်ကြတယ်” ဟု ၎င်းက ဆိုသည်။
ဒီဇင်ဘာလအတွင်း ကျိုက်ထိုမြို့နယ်အတွင်း ကျိုက်ထိုမြို့ပေါ်တွင် ၁၀ ဦး၊ သိမ်ဇရပ်မြို့တွင် ၃ ဦးနှင့် မုပ္ပလင်တွင် ၅ ဦး အနည်းဆုံးအဖမ်းခံရကြောင်းလည်း ဒေသခံများက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)