
ဆွစ်ဇလန်နိုင်ငံ ဂျီနီဗာမြို့တွင်ပြုလုပ်မည့် ဖွံဖြိုးရေးဆိုင်ရာဆွေးနွေးပွဲသို့ စစ်ကောင်စီကို ဖိတ်ကြားမည့်အပေါ် ဝေဖန်မှုများထွက်ပေါ်လာပြီးနောက် မြန်မာကို မဖိတ်ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးက ယမန်နေ့ (ဒီဇင်ဘာ ၇) တွင် သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာ ၁၂ မှ ၁၄ ရက်အထိ ကျင်းပမည့် ထိုဆွေးနွေးပွဲတက်ရောက်ရန် ဂျနီဗာရှိ အမြဲတမ်းကိုယ်စားလှယ်ရုံးများကို အသိပေးထားပြီး ကုလသမဂ္ဂအသိမှတ်ပြုထားသည့် အစိုးရကိုယ်စားလှယ်များသာ ဖိတ်ကြားမည်ဖြစ်ကာ မြန်မာကို မဖိတ်ထားဟု ထုတ်ပြန်ချက်က ဆိုသည်။
ထိုဆွေးနွေးပွဲသည် ကမ္ဘာလုံးဆိုင်ရာဖွံဖြိုးရေးပေါင်းဆောင်ရွက်မှု (GPEDC) ၏ အစိတ်အပိုင်းဖြစ်ပြီး ကုလသမဂ္ဂနှင့် ဖွံဖြိုးရေးအဖွဲ့အစည်းများ၊ လွှတ်တော်အမတ်နှင့် စီးပွားရေးသမားများပါဝင်ကြသည့် ကွန်ရက်တစ်ခုဖြစ်သည်။
ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်ကို ကြိုဆိုပြီး စစ်မှန်သည့် ဖွံဖြိုးရေးပူးပေါင်းဆောင်ရွက်မှုအတွက် ကုလသမဂ္ဂမြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ဖိတ်ကြားသင့်ကြောင်း Justice For Myanmar (JFM) အဖွဲ့က ဆိုသည်။
ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိမှတ်ပြုကာ စေ့စပ်ဆွေးနွေးသင့်ကြောင်း စစ်တပ်၏ အကျိုးစီးပွားများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ဖော်ထုတ်နေသည့် JFM အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။
“အာဏာသိမ်းစစ်တပ်က တရားမဝင်တဲ့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မူလကတည်းက မဖိတ်ကြားသင့်ခဲ့ပါဘူး” ဟု ၎င်းက ဆိုသည်။
ဆွစ်ဇာလန်ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (SDC) ဥက္ကဋ္ဌသည် GPEDC ပူးတွဲဥက္ကဋ္ဌဖြစ်ပြီး စစ်ကောင်စီကို ဆွေးနွေးပွဲတက်ရန် ဖိတ်ကြားခဲ့ကာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဒုဝန်ကြီး ဒေါ်ဝါဝါမောင်က အွန်လိုင်းက တက်ရန်ရှိသည်ဟု JFM ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် တွေ့ရသည်။
ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာဆွစ်ဇလန်သံအမတ် Tim Enderlin နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆက်သွယ်ရေးဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဒီဇင်ဘာ ၅ တွင် တွေ့ဆုံခဲ့သည်ဟု စစ်တပ်ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြခဲ့သည်။
ထိုလုပ်ရပ်သည် စစ်အုပ်စုကို တရားဝင်မှုပေးပြီး ဝါဒဖြန့်ရေးအတွက် အသုံးချခံလိုက်ခြင်းဖြစ်ကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် နေရာဝင်ယူမည့် ဆွစ်ဇလန်အနေဖြင့် မြန်မာလူထု၏ လူ့အခွင့်ရေးနှင့် ဒီမိုကရေစီအရေးကို ထောက်ခံရမည်ဖြစ်ကြောင်း JFM က ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)