ဖမ်းဆီးခံထားရဆဲဖြစ်သည့် အလွတ်တန်းသတင်းထောက် အလှလေးသူဇာ (ခေါ်) မသူဇာကို စစ်ကောင်စီ၏ အင်းစိန်ထောင်တွင်း တရားရုံးက ယနေ့ (နိုဝင်ဘာ ၂၂) ရက်တွင် ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
မသူဇာသည် ၂၀၂၁ခုနှစ်၊ စက်တင်ဘာ ၁ ရက်ကတည်းက ဖမ်းဆီးခံခဲ့ခြင်းဖြစ်ပြီး တစ်နှစ်နှင့် တစ်လကျော် ထောင်တွင်းမှ တရားရင်ဆိုင်ပြီးနောက် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရခြင်းဖြစ်သည်။
“ဒီနေ့ သူ့ကို အမိန့်ချမယ်ဆိုတာ သိတယ်။ နီးစပ်တဲ့သူကို ဖုန်းဆက်ပြီး ပြောပြခိုင်းထားတယ်။ ချုပ်ရက်တွေ ခံစားခွင့်ရတယ်၊ သူ့အတွက် ဘာမှစိတ်မပူပါနဲ့တဲ့ ကျန်းမာတယ်တဲ့ဆိုပြီး မှာတယ်” ဟု မသူဇာ၏ မိသားစုဝင် အမျိုးသားတစ်ဦးက ပြောသည်။
မသူဇာကို ၁ လအကြာ စစ်ကြောရေးတွင် စစ်ဆေးပြီးနောက် စစ်ကောင်စီ၏ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တရားရုံးက နိုင်ငံဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် တရားစွဲကာ အင်းစိန်ထောင် ပို့ခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ်၊ မေလက မသူဇာ၏ နေအိမ်ကို စစ်ကောင်စီက ဝင်ရောက်ရှာဖွေစဉ် ၎င်းကို မတွေ့၍ ခင်ပွန်းဖြစ်သူ ကိုရဲကိုကိုအား ဖမ်းဆီးပြီး စစ်ကြောရေးတွင် ၄ ရက်ကြာ စစ်ဆေးကာ အာမခံဖြင့် ပြန်လွှတ်ခဲ့သည်။ ရှောင်တိမ်းနေသည့် မသူဇာသည် ၄ လ အကြာတွင် ကမာရွတ်မြို့နယ်၌ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။
သတင်းထောက်ဟောင်း မသူဇာသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်လက်က ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ လွတ်လပ်သည့် အာရှအသံ (RFA) သတင်းဌာန အပါအဝင် ပြည်တွင်းရှိ မော်ဒန်ဂျာနယ်၊ ဧရာဝတီသတင်းဌာန၊ 7 Day သတင်းဌာန၊ Friday Times သတင်းဂျာနယ် တို့တွင် အလုပ်လုပ်ကိုင်ခဲ့သည့် သတင်းထောက်တစ်ဦးလည်း ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်းအခြေစိုက် မီဒီယာအချို့တွင် အလွတ်တန်းသတင်းထောက်အဖြစ် မေလအထိ လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ က အမျိုးသားနေ့အထိမ်းအမှတ်ဟုဆိုကာ နိုင်ငံတစ်ဝန်းရှိ အကျဉ်းသား ၆၀၀၀ နီးပါးကို စစ်ကောင်စီက ပြန်လွှတ်ခဲ့သည်။ ထိုအထဲတွင် ဖမ်းဆီးခံထားရသည့် သတင်းသမား ၅၀ ကျော်အနက်မှ ၆ ဦးသာ ပြန်လွတ်လာသည်။
၎င်းတို့မှာ ပုသိမ်မြို့နယ်မှ သံတော်ဆင့်သတင်းထောက် ကိုရဲရင့်ထွန်း၊ နေပြည်တော်မှ မဇ္ဇျိမအယ်ဒီတာ ကိုသန်းထိုက်အောင်၊ ပြည်မြို့မှ အလွတ်တန်းသတင်းထောက် ကိုလပြည့်၊ ကန့်ဘလူမြို့နယ်မှ အယ်ဒီတာဟောင်း ကိုအောင်မျိုးထက်၊ ပုသိမ်မြို့မှ အလွတ်တန်း ဓာတ်ပုံသတင်းထောက် ဦးစန်းမြင့်၊ တောင်ကြီးမြို့မှ သံလွင်သွေးချင်းသတင်းဌာန အယ်ဒီတာချုပ် မမြဝန်းရံတို့ဖြစ်သည်။ ၎င်းတို့အားလုံးသည် ပုဒ်မ ၅၀၅ များဖြင့် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံခဲ့ရသူများဖြစ်ကြသည်။
နိုဝင်ဘာ ၁၇ က မသူဇာအပါအဝင် ရန်ကုန်အင်းစိန်ထောင်ရှိ သတင်းသမား ၅ ဦးခန့် ပြန်လွတ်မည်ဟု ကောလာဟလ ထွက်ပေါ်သော်လည်း တစ်ဦးမှ ပြန်လွတ်လာခြင်းမရှိပေ။
“သူလည်း အသံကြားတယ် ဒါပေမဲ့ မပါဘူး အဲ့လိုတွေက ခဏခဏကြုံပြီးသား ရင်လည်း မခုန်သလို ပြင်ဆင်ထားတယ်လို့ ပြောတယ်” ဟု မိသားစုဝင်က ပြောသည်။
အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က တိုင်းပြည်အာဏာသိမ်းယူလိုက်ပြီးနောက် သတင်းသမား ၁၄၃ ဦး ဖမ်းဆီးခံရသည်ဟု အာဏာသိမ်းပြီးနောက် မီဒီယာအခြေအနေကို စာရင်းပြုစုနေသည့် Detained Journalists Information Myanmar အဖွဲ့၏စာရင်းအရ သိရသည်။
လက်ရှိအချိန်ထိ အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသူ သတင်းသမား ၄၈ ဦး ကျန်ရှိနေပြီး ၃ ဦး သတ်ဖြတ်ခံထားရသည်။ သတင်းဌာန ၁၃ ခု လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ပိတ်သိမ်းခံထားရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)