သတင်း

စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းရွာများတွင် စစ်တပ်က ပေါ်တာတောင်းနေ

နေပြည်တော်နှင့် မိုင် ၄၀ ကျော်သာဝေးသည့် စစ်တောင်းမြစ် အရှေ့ခြမ်းရှိ ကျေးရွာများတွင် အထုပ်အပိုးသယ်ခိုင်းရန် (ပေါ်တာ) တစ်ရွာလျှင် ၁၀ ဦးစီ စစ်တပ်က တောင်းခံနေကြောင်း စုံစမ်းသိရှိရသည်။

ပဲခူးတိုင်း တောင်ငူခရိုင် ရေတာရှည်မြို့နယ် ဆွာမြို့ရှိ မြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် စစ်တပ်က ထိုသို့ စာရင်းတောင်းခံနေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်အချို့ထံမှ သိရသည်။ 

အသာတကြည် မပူးပေါင်းပါက အဓမ္မဖမ်းခေါ် (ပေါ်တာဆွဲ) မည်ဟုပင် စစ်တပ်က ခြိမ်းခြောက်နေကြောင်း၊ ဒေသခံများကို ညဘက် အပြင်မထွက်ရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတို့က တိုက်တွန်းထားကြောင်း ၎င်းတို့က ဆိုသည်။

ဂွေးသဲ၊ တပ်ဆိုး၊ ဒေါင့်အင်းကုန်း၊ ပိတောက်ကုန်း၊ နကျပ်၊ ရွာသစ်၊ ရေတာရှည်လေး၊ အိုးမြေတူး၊ စည်ပိုင်း၊ ခင်တန်းကြီး အနောက်ကုန်း ကျေးရွာတို့တွင် စစ်တပ်က ထိုသို့ အကျပ်ကိုင်နေကြောင်း ဒေသခံနှစ်ဦးထံမှ သိရသည်။ 

ထိုအခြေအနေကြောင့် ဒေသခံ လူငယ်နှင့် လူလတ်ပိုင်း အမျိုးသားများ နေရပ်စွန့်ခွာ တိမ်းရှောင်ကြသည်ဟု ကျေးရွာအာဏာပိုင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ခုက ပေါ်တာတော့ ဝင်မဆွဲသေးဘူး၊ လူတောင်းတဲ့အဆင့်ပဲ ရှိသေးတယ်။ နောက်ပိုင်းတော့ ပေါ်တာဆွဲလာနိုင်တာမို့ စိုးရိမ်ပြီး တိမ်းရှောင်နေကြပြီ” ဟု အထက်ပါ အမျိုးသားက ပြောသည်။ ၎င်းကိုယ်တိုင်ပင်လျှင် ယခုအခါ ထိုဒေသမှ တိမ်းရှောင်နေပြီဖြစ်သည်။

၎င်းတို့ဒေသအတွင်း စစ်တပ်က ပစ္စည်းသယ်ရန် လူတောင်းခံခြင်း၊ ပေါ်တာဆွဲခြင်းတို့မှာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေခတ် ၁၉၉၀ နောက်ပိုင်းကတည်းက ကြုံနေရခြင်းဖြစ်ကြောင်း လွန်ခဲ့သည့် နှစ် ၃၀ ခန့်က ပေါ်တာဖြစ်ခဲ့ဖူးသည့် အမျိုးသားတစ်ဦးထံမှ သိရသည်။

“အဲဒီတုန်းက အုပ်ချုပ်ရေးမှူးတွေက စစ်တပ်ကို ပေါ်တာဆွဲဖို့ လူခေါ်ပေးတယ်၊ မလိုက်ချင်ရင် ပိုက်ဆံပေးရတယ်၊ လူငှားထည့်ရတယ်။ ပါသွားရင် သူတို့ရဲ့ စားနပ်ရိက္ခာ အထုပ်တွေကို ထမ်းခိုင်းတယ်၊ ထမင်းဟင်းချက်ရ ခိုင်းတာ အကုန်လုပ်ပေးရတယ်” ဟု ယခုတွင် အသက် ၅၀ ကျော်ပြီဖြစ်သည့် ၎င်းက ပြောသည်။

ထိုစဉ်ကာလအတွင်း ကြုံတွေ့ခဲ့ရသည့် အခြေအနေနှင့် အဖြစ်အပျက်အသေးစိတ်တို့ကိုမူ လုံခြုံရေးအရ ထိုသူက ထုတ်ဖော်ပြောဆိုလိုခြင်းမရှိပေ။

“ရိက္ခာမရှိရင် သူတို့ပဲ စားတယ်။ ပေါ်တာဆွဲတဲ့သူကို မကျွေးဘူး၊ ပေါ်တာ တစ်ခါပါသွားရင် လနဲ့ချီပြီး ကြာတယ်၊ အချို့ဆို အသက်ရှင်ရက်တောင် ပြန်မလာနိုင်ကြဘူး အဲဒါမျိုးတွေ ကြုံခဲ့ရတော့ ခုအသံကြားရုံနဲ့ (ဒေသခံတွေက) ကြောက်နေကြတာ” ဟု ၎င်းက ဆက်ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက်တွင် နိုင်ငံအနှံ့တွင် စစ်ကောင်စီကို ခုခံမှုများ ပေါ်ပေါက်နေချိန်တွင် စစ်တောင်းမြစ်အရှေ့ဘက် အရှေ့ရိုးမအနီးတစ်ဝိုက်တွင်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒေသကာကွယ်ရေးအဖွဲ့ (PDF) များနှင့် စစ်ကောင်စီအကြား တိုက်ပွဲအချို့ရှိ နေသည်။

ထိုအခြေအနေတွင် စစ်တောင်းမြစ် အရှေ့ခြမ်းသို့ စစ်ဆင်ရေးဝင်သည့် စစ်ကောင်စီတပ်က ၎င်းတို့ ကျေးရွာများမှတစ်ဆင့် ဖြတ်သန်းလေ့ရှိကြောင်း၊ တောင်ပေါ်ဒေသအတွင်း စစ်ရေးလှုပ်ရှားရာတွင် နယ်မြေကျွမ်းသည့် ဒေသခံများကို လမ်းပြ၊ အထုပ်အပိုးသယ်အဖြစ် သုံးရန် စစ်တပ်က မျက်စိကျလေ့ရှိကြောင်း ဒေသခံအချို့က ရှင်းပြသည်။

ကျေးရွာပေါင်း ၃၀၀ နီးပါးရှိသည့် ရေတာရှည်မြို့နယ်သည် ပဲခူးတိုင်းဒေသကြီး၏ အရှေ့ဘက်ခြမ်း မြောက်ဘက်အစွန်ဆုံးတွင် ရှိပြီး မြေပြန့်ဒေသများတွင် ဗမာအများစု၊ ကရင်တိုင်းရင်းသားအနည်းစု နေထိုင်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတ်တမ်းတွင် တွေ့ရသည်။

ရေတာရှည်မြို့နယ်သည် အရှေ့ဘက်တွင် ကရင်ပြည်နယ် သံတောင်မြို့နယ်၊ အနောက်ဘက်တွင် မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၊ တောင်ဘက်တွင် တောင်ငူမြို့နယ်၊ မြောက်ဘက်တွင် စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်လယ်ဝေးမြို့နယ်နှင့် နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button