ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မန္တလေးမြို့အစွန် ရပ်ကွက်ကျေးရွာများ၊ စက်မှုဇုန်များကို စစ်ကောင်စီတပ် ဝင်ရောက်ပြီး အမျိုးသားများကို ဖမ်းဆီးခေါ်ဆောင်နေခြင်းမှာ ရှေ့တန်းတွင် အထမ်းသမားအဖြစ် ခိုင်းစေရန် သို့မဟုတ် စစ်မှုထမ်းစေရန် ဖြစ်နိုင်သည်ဟု ဒေသခံတို့က ပြောသည်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်အရှေ့ဘက် အစွန်ပိုင်းတွင်ရှိသည့် သစ်အချောထည်စက်ရုံသို့ စစ်သားများရောက်ရှိလာပြီး အမျိုးသား ၁၅ ဦးခန့်ကို အတင်းအဓမ္မခေါ်ဆောင်သွားသည်ဟု စက်မှုဇုန်အတွင်း နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
“နေ့ခင်းကြောင်တောင်ကြီးဗျာ၊ စက်ရုံထဲအထိ ဝင်ပြီးတော့ ဆွဲသွားတာ၊ ၁၅ ယောက်လောက်ရှိတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသားက ဆိုသည်။
ယခင် အဖမ်းအဆီးအများစုမှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့နှင့် ဆက်စပ်မှုသံသယကြောင့် ဖြစ်ပြီး အဖမ်းခံရသူ၏ ဦးခေါင်းကို ဖုံးအုပ်၊ စည်းနှောင်သွားလေ့ရှိသည်။
မန္တလေးအရှေ့ဘက် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ရောက်သွားသော စစ်သားများကမူ ရွာအုပ်ချုပ်ရေးမှူး၊ ကျောင်းထိုင်ဘုန်းကြီးတို့ကိုသာ ချဉ်းကပ်ကြသည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“နေ့ခင်းတွေဘက်ဆိုရင် ရွာတွေထဲကို လာတယ်။ ရွာလူကြီးနဲ့ ရွာဘုန်းကြီးတို့ကို ရွာကနေ လူထုတ်ပေးပါဆိုပြီး ပြောတယ်။ တချို့ရွာလူကြီးတွေကတော့ လူခေါ်ပေးတာမျိုး မလုပ်နိုင်ဘူးဆိုပြီး ပြန်ပြောတာမျိုးရှိတယ်။ အိမ်တွေထဲ ဝင်ခေါ်တာ၊ ဆွဲတာမျိုးတော့ မတွေ့ရသေးဘူး” ဟု ပြောသည်။
ညအချိန်များတွင်လည်း စစ်ကောင်စီလက်နက်ကိုင်တို့က ရွာအတွင်းသို့ ဝင်ရောက်ကာ လှည့်လည်သွားလာခြင်း၊ လမ်းများပေါ်သို့ လူထွက်ခြင်းမရှိမရှိ စောင့်ကြည့်ခြင်းများ လုပ်ဆောင်နေသည်ဟုလည်း ပုသိမ်ကြီးမြို့နယ် အခြားကျေးရွာတစ်ရွာ ဒေသခံတစ်ဦးက ပြောသည်။
ညဦးပိုင် ၇ နာရီဝန်းကျင်ခန့်အချိန်များတွင် ရွာအတွင်း ဝင်ရောက်လာပြီး ရွာလယ်လမ်းများတွင် စောင့်ကြည့်ခြင်း၊ ရွာအတွင်းလှည့်လည်သွားလာခြင်း ယခုရက်ပိုင်းတွင် မကြာခဏ တွေ့လာရသည်ဟု ဆိုသည်။
“ညဆို ရောက်လာပြီ၊ သေနတ်ဖောက်တာ၊ အိမ်တွေဝင်စစ်တာမျိုးတော့ မလုပ်ဘူး။ ကျွန်တော်တို့ယူဆတာက ရွာထဲ တိတ်တိတ်လေး လာနေပြီးတော့ အိမ်အပြင်မှာ လူတွေ့ရင် ဆွဲဖို့ ချောင်းနေတာဖြစ်နိုင်တယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။
“ကိုယ့်ရွာထဲကို အေးအေးမနေရတော့ဘူးပေါ့ဗျာ။ အိမ်အပြင်ထွက်ရင် ဆွဲခေါ်ခံသွားရနိုင်တော့၊ အိမ်ရှေ့တောင် မထွက်ရဲအောင်ဖြစ်နေတာ”
မန္တလေးမြို့တွင်း ဧရိယာတွင်မူ မြို့ခံလူထုမှာ နေ့ခင်းအချိန်တွင် ပုံမှန်သွားလာနေမြဲဖြစ်ပြီး၊ စိုးရိမ်ကြောင့်ကြနေသည့်အနေအထားမျိုး မတွေ့ရကြောင်း မန္တလေးမြို့နေ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
မြို့ပေါ်ရပ်ကွက်များအတွင်း လူလိုက်ခေါ်ခြင်းမျိုး မကြားရသော်လည်း မြို့အဝင်အထွက်နေရာများတွင် သွားလာသူများကို လိုင်းကားများ၊ ဆိုင်ကယ်များပေါ်မှ ခေါ်ဆောင်သွားခြင်းတို့ရှိနေသည်ဟု မန္တလေးမြို့ခံက ပြောသည်။
“မြို့တွင်းမှာ ဘာမှ မမြင်ရဘူး။ သွားမြဲလာမြဲပဲ။ ဒါပေမဲ့ စစ်ကိုင်းဘက်အထွက်တို့၊ မြို့အဝင်အထွက်တွေမှာတော့ လိုင်းကားတွေပေါ်တက်ပြီး ဟိုဟာစစ် ဒီဟာစစ်၊ သူတို့ခေါ်လိုသူတွေ့ရင် ဆွဲခေါ်သွားတာမျိုးတွေ တကယ်ဖြစ်နေတယ်” ဟု သူက ပြောသည်။
သတင်းဌာနတချို့ကလည်း မန္တလေး အပါအဝင် မြို့များတွင် အမျိုးသားများကို လိုက်လံဖမ်းဆီးနေသည်၊ ပေါ်တာဆွဲနေသည်ဟု သတင်းဖော်ပြနေကြသည်။
စစ်ကောင်စီကမူ ထိုသို့ ဖမ်းဆီးခေါ်ဆောင်ခြင်းမရှိဟု ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
“ပေါ်တာဆွဲနေကြောင်း၊ ပိုက်ဆံပေးလျှင် ပိုက်ဆံယူပြီး ပြန်လွှတ်ပေးနေကြောင်းဖြင့် သတင်းတု၊ သတင်းအမှားများ ထုတ်လွှင့်နေခြင်းအပေါ် အများပြည်သူများ သတင်းမှန်သိရှိစေရေး၊ ထိတ်လန့်ကြောက်ရွံမှုများ မဖြစ်စေရေးနှင့် လုပ်ကြံရေးသားနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိပါသည်” ဟု ထုတ်ပြန်ချက်က ဆိုသည်။
ထို့ပြင် စစ်မှုထမ်းဥပဒေအရ စုဆောင်းခံရသူများကို သင်တန်းကျောင်းပို့မည့် အစီအစဉ်မှာ သင်္ကြန်ပြီးမှသာ အစပြုမည်ဟုလည်း စစ်ကောင်စီက ပြောထားသည်။
ယခင်ကပင် တပ်ရင်းအသီးသီးတွင် ဖွဲ့စည်းပုံမပြည့်ဘဲ စစ်သားအင်အား နည်းပါးနေသည့် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်မျက်နှာအသီးသီးတွင် အင်အားပြုန်းတီးမှုကို အကြီးအကျယ်ရင်ဆိုင်နေရသည်။
ယခင် ဗိုလ်ချုပ်ကြီးများ ရေးဆွဲထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အသက်သွင်းလိုက်သည့်အတွက် တိုင်းပြည်တွင်းရှိ လူကြီးလူငယ်တို့မှာ အလိုမတူဘဲ အာဏာသိမ်းတပ်ထဲ ဝင်ရခြင်းမှ ရှောင်ရှားနိုင်မည့် နည်းလမ်းများကို ရှာဖွေနေကြသည်။
ပြည်ပထွက်ခွာရန် ကြိုးပမ်းနေကြသလို တော်လှန်ရေးတပ်ဖွဲ့များတွင် ဝင်ရောက် တာဝန်ထမ်းရန် စုံစမ်း၊ စာရင်းပေးသူများလည်း ရှိနေသည်။