
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီတပ်က အမျိုးသား ၃၀ စီ စုဆောင်းပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ကို ညွှန်ကြားရာ လိုက်ပါမည့်သူ မရသေးကြောင်း ဒေသခံများက ဆိုသည်။
ဩဂုတ် ၁၁ မှစ၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အင်အား အသင့်အတင့်ရှိသော၊ အားကောင်းသော တောင်ဇဂျမ်းကုန်း၊ မြောက်ဇဂျမ်းကုန်း၊ တမာကန်၊ သပြေသာ၊ သဲတောလေး စသည့် ရွာများတွင် လူစုရန် ကြိုးစားနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ဩဂုတ် ၂၆ ညပိုင်းမှစ၍ ကျေးရွာများတွင် ည ၈ နာရီ အပြင်မထွက်ရအမိန့်ထုတ်ကာ လျှပ်စစ်မီး ဖြတ်တောက်ပြီး ညဘက် လမ်းထွက်သူများကို ဖမ်းဆီးနေခြင်းမှာ လူစုလိုခြင်းကြောင့် ဖြစ်နိုင်သည်ဟု အထက်ပါ ဝမ်းတွင်းမြို့ခံက ဆိုသည်။
“လျှော်ပင်ရွာနားမှာ ၂၆ ရက်က စစ်သားတွေ မိုင်းဆွဲခံရတာ၊ အဲ့ဒီညကစပြီး ရွာတွေကို ပေါ်တာ ဝင်ဆွဲတော့တာပဲ၊ ရွာတွေကိုလည်း ည ၈ နာရီကစပြီး မာရှယ်လော ထုတ်ထားတယ်၊ အမှောင်ထဲကနေ စောင့်နေကြတာတွေ ရှိတယ်ဆိုတာမျိုး ပြောကြတယ်” ဟု အမည်မဖော်လိုသည့် အဆိုပါအမျိုးသားက ပြောသည်။
“အုပ်ကြီးတွေက ပေါ်တာဆွဲမယ်ဆိုတာကို ရပ်ရွာကို (ကြို) အသိပေးထားတော့ အများအပြား ဖမ်းခံရတာမျိုးတော့ မရှိသေးဘူး”
စစ်သားများက စစ်ဆင်ရေးများတွင် အရပ်သားများကို ပေါ်တာ ခေါ် အထမ်းသမားအဖြစ် ဖမ်းဆီးခြင်းကို ပေါ်တာဆွဲခြင်းဟု ခေါ်ကြသည်။
ဩဂုတ် ၂၇ ညတွင် မြောက်ဇဂျမ်းကုန်းရွာမှ အမျိုးသား ၂ ဦး၊ နောက်တစ်နေ့တွင် သဲတော်လေးရွာမှ ၃ ဦးတို့ကို စစ်တပ်က ခေါ်ဆောင်သွားကြောင်း ဒေသခံတို့က ဆိုသည်။
“ဖမ်းခံရတာမျိုး မဟုတ်လောက်ဘူး။ သိရသလောက် ဒီလူတွေက ဆန္ဒပြစဉ်တုန်းကတောင် စိတ်ဝင်စားတာ မဟုတ်ခဲ့ဘူး။ ဒီရွာက တော်လှန်ရေးသမားလည်း မရှိဘူး။ ဘယ်သူမှလည်း တော်လှန်ရေးကို ထောက်ပံ့နေတယ်လို့ မကြားဖူးဘူး” ဟု မြောက်ဇဂျမ်းကုန်းရွာနှင့် နီးစပ်သူတစ်ဦးကလည်း ပြောသည်။
ထိုသို့ လူစုဆောင်းခိုင်းခြင်းသည် ပျူစောထီး ခေါ် ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းရန် လူရှာခိုင်းခြင်းဖြစ်သည်ဟု ယူဆနေကြသည်။
အခြားမြို့များနည်းတူ ဝမ်းတွင်းမြို့နယ်အတွင်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြသည့် ပြောက်ကျားတပ်ဖွဲ့တချို့ရှိနေရာ စစ်ကောင်စီက မြို့နယ်အတွင်း ပိုက်စိပ်တိုက်ရှာဖွေသလို ကျေးရွာများတွင်လည်း တပ်စွဲရှာဖွေနေသည်။
ဩဂုတ် ၂၆ နံနက် ၉ နာရီခန့်က ဝမ်းတွင်း၊ လျှော်ပင်ကျေးရွာအနီး စစ်ယာဉ်တန်းတစ်ခု မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦး အနည်းဆုံး သေဆုံးခဲ့သည်။

ပြည်သူ့လုံခြုံရေးအဖွဲ့ဟု ဆိုသော ပြည်သူ့စစ်အဖွဲ့ကို စစ်ကောင်စီက နိုင်ငံအနှံ့ဖွဲ့စည်းရန် ကြိုးပမ်းနေပြီး ထိုအထဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းအထူးဒေသ ၆၊ မန္တလေး၊ ကချင်ပြည်နယ် ဖားကန့်ဒေသ၊ ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူတို့လည်း ပါဝင်သည်။
ဇူလိုင်နှင့် ဩဂုတ်အတွင်း မန္တလေးမြို့တွင် မြို့နယ် ၂ ခု၌ စစ်ကောင်စီတပ်က “ပြည်သူ့စစ် ဖွဲ့စည်းပွဲ” ဟု ဆိုကာ အုပ်ချုပ်ရေးမှူးများအပါအဝင် စစ်တပ်ထောက်ခံသူတချို့ကို လက်နက်နှင့် စစ်ယူနီဖောင်း ထုတ်ပေးခဲ့သည်။
ပြည်သူ့စစ် ဖွဲ့နေသော PNO
အာဏာသိမ်းစစ်ကောင်စီနှင့် နီးကပ်သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့က ဇွန်လအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းကျေးရွာများ၌ အတင်းအဓမ္မ လူသစ်စုဆောင်းကာ စစ်သင်တန်းပေးခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိ ပင်လောင်း၊ ဆီဆိုင်နှင့် ဟိုပုံးမြို့များအပြင် တောင်ကြီး၊ မောက်မယ်၊ လွိုင် လင်၊ ပင်လုံ၊ ညောင်ရွှေ၊ အောင်ပန်း၊ ကလော၊ ရပ်စောက်၊ နမ့်စန် စသည့် မြို့နယ်များရှိ ပအိုဝ်းလူမျိုးများနေထိုင်ရာ ကျေးရွာများတွင် လူစုဆောင်းခဲ့ခြင်း ဖြစ်သည်။
တစ်ရွာလျှင် ၁၃ ဦးမှ ၁၅ ဦးအထိ လူသစ်စုဆောင်းနေပြီး အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် သုံးသောင်းနှုန်း ကောက်ခံနေသည်ဟုလည်း ဒေသခံများထံမှ သိရသည်။
ပအိုဝ်းပြည်သူ့စစ်အဖွဲ့မှ ဒုတိယကွပ်ကဲရေးမှူး ဒုတိယဗိုလ်မှူးကြီးခွန်အောင်သန်းက ရပ်ရွာကို ကာကွယ်ရန်သာ ဖြစ်ကြောင်းနှင့် ထိုသို့ စုဆောင်းမှုမရှိကြောင်း Myanmar Now ကို ထိုစဉ်က ငြင်းဆိုခဲ့သည်။
သို့သော် အထူးဒေသ ၆ ဖေ့ဘွတ်ခ်တွင် အခြေခံစစ်သင်တန်းဆင်းပွဲ ဓာတ်ပုံမှတ်တမ်းများ တင်ထားသည်ကို တွေ့ရသည်။
၁၉၄၉ ခုနှစ်တွင် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ကို တည်ထောင်ခဲ့သော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည် ၁၉၉၁ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)