
နိုင်ငံလွတ်လပ်ရေး ကြိုးပမ်းရယူခဲ့သူမှာ ရဲဘော်သုံးကျိပ်၊ စစ်တပ်၏အစ ရဲဘော်သုံးကျိပ်က ဟူသည့် ညီမျှခြင်းဖြင့် စစ်တပ်၏အခန်းကဏ္ဍကို လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် စနစ်တကျ တွဲဖက် ဖန်တီးခဲ့သူမှာ စစ်အာဏာသိမ်းမှု ဗီဇမျိုးစေ့ ချပေးသည့် ဗိုလ်ချုပ်နေဝင်း ဖြစ်သည်။
ကိုလိုနီနယ်ချဲ့လက်အောက်မှ လွတ်မြောက်ရန်၊ တိုးတက်သောနိုင်ငံရေးအမြင်များ ပြည်သူလူထုအကြား နိုးကြားတက်ကြွလာစေရန် ဦးဆောင်လှုပ်ရှားခဲ့သော အောင်ဆန်းနှင့် ကျောင်းသားလူငယ်တစ်သိုက်၊ ဗမာလူငယ်များနှင့်အတူ လွတ်လပ်ရေးရရန် ကြိုးပမ်းခဲ့ကြသော ရှမ်းစော်ဘွားများ၊ ကချင် ဒူးဝါးများ၊ ကရင်၊ ကရင်နီ၊ ချင်းနှင့် ရခိုင်တိုင်းရင်းသား အာဇာနည်များ၏ သမိုင်းကို ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုနှင့်အတူ ဗိုလ်ချုပ်နေဝင်းက စနစ်တကျ မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်။
စစ်တပ်၏ အာဏာသိမ်းဖခင်ကြီး ဗိုလ်နေဝင်း၏ စစ်အာဏာပိုင်ဝါဒ (Military Authoritarianism) ဖြစ်သော “စစ်တပ်သည် နိုင်ငံလွတ်လပ်ရေးကို အရယူပေးခဲ့သော၊ နိုင်ငံလွတ်လပ်ရေးကို ကာကွယ်ရန် တာဝန်ရှိသော တစ်ခုတည်းသော နိုင်ငံတော်အဖွဲ့အစည်း” ဆိုသည့် သဘောတရားကို ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်များက ပြည်သူလူထု ယုံကြည်လက်ခံလာစေရန် တည်ဆောက်ခဲ့ကြသည်။ ထိုသမိုင်းကို မျိုးဆက်အလိုက် သင်ကြားခံခဲ့ကြရသည်။
မြန်မာ့နိုင်ငံရေးပြဿနာ ဘယ်နေရာကစသနည်းဟု မေးလျှင် ထိုနေရာက စသည်ဟု ဖြေရပေမည်။
ခေတ်ပြိုင်မြန်မာစာပေတွင် တိုင်းရင်းသားခေါင်းဆောင်များအကြောင်း ဖော်ပြခဲ့လျှင်လည်း လူများစု ဗမာနိုင်ငံရေးခေါင်းဆောင်များ၏ ဦးဆောင်မှုနောက်တွင် ကိုလိုနီနယ်ချဲ့ကို တွန်းလှန်တိုက်ခိုက်ခဲ့သည်ဟုသာ ဖော်ပြခံကြရသည်။
တိုင်းရင်းသားခေါင်းဆောင်များ ၎င်းတို့ဒေသလူထုအကြား ဩဇာကြီးမားပုံ၊ လေးစားတန်ဖိုးထားခံရပုံ၊ ပြည်ထောင်စုတစ်ခုလုံး၏ နိုင်ငံရေးတွင် ဗမာနိုင်ငံရေးသမားများနှင့် တန်းတူ ရင်ပေါင်တန်း ဦးဆောင်ဦးရွက်ပြုနိုင်ခဲ့ကြပုံ စသည့် ၎င်းတို့၏ ခေါင်းဆောင်မှုနှင့် နိုင်ငံရေးအတွေးအခေါ်များကို အလေးထားဖော်ပြသော စာအုပ်စာပေမှာ စစ်အာဏာရှင်ခေတ်အဆက်ဆက် မြန်မာ့စာပေတွင် တွေ့ရခဲလှသည်။
ဤသို့ဖြင့် တိုင်းရင်းသားခေါင်းဆောင်များ၏ နိုင်ငံရေးဘဝ၊ အတွေးအခေါ်နှင့် ခံယူချက်များကို လူများစု ဗမာလူထုအကြား မျိုးဆက်ဖြတ်နိုင်ခဲ့ခြင်းက စစ်တပ်၏ သွေးခွဲအုပ်ချုပ်ရေးနည်းဗျူဟာ ဖြစ်ပြီး၊ ၁၉၆၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နှစ်ပေါင်း (၆၀) တိုင်အောင် ယုတ်ညံ့စွာ အသုံးဝင်နေဆဲ ဖြစ်သည်။
ထိုအဖြစ်ကို မရိပ်စားမိခဲ့သော လူများစုဗမာများက စစ်တပ်၏ ဝါဒဖြန့်ချိမှုမှိုင်းမိခဲ့ကြသည်။ ကိုယ်တွေ့ ခံစားနေရသော တိုင်းရင်းသားများက ထိုဝါဒကို “ဗမာလူမျိုးကြီးဝါဒ” ဟု သမုတ်ခဲ့ကြပြီး၊ စစ်အာဏာပိုင်ဝါဒနှင့် လူမျိုးကြီးဝါဒ ချုပ်ငြိမ်းမှ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြသည်။

လူများစု – လူနည်းစု အတွေးအခေါ်ထောင်ချောက်ထဲ လှောင်ပိတ်မိနေခြင်း
နေဝင်းမှသည် မင်းအောင်လှိုင်အထိ ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်များက လိုလျှင် ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံလွတ်လပ်ရေးကို ရယူပေးခဲ့သော အမျိုးသားခေါင်းဆောင်ကြီး၊ စစ်တပ်ကို တည်ထောင်ခဲ့သူ ဖခင်ကြီးဟု အမွှမ်းတင် အသုံးချခဲ့ကြပြီး၊ မလိုလျှင် ဓာတ်ပုံ၊ တံဆိပ်ခေါင်း၊ ပိုက်ဆံက အစ လူမြင်ကွင်းမှ ဖယ်ရှားခဲ့ကြသည်။ ဗိုလ်ချုပ်ဓာတ်ပုံရင်ထိုး တပ်ဆင်သူကိုပင် ဖမ်းဆီးထောင်ချခဲ့ကြသည်။
ထိုဖြစ်ရပ်များက ၁၉၈၈-၂၀၁၁ ခုနှစ် စစ်အုပ်ချုပ်ရေးကာလတွင် ထင်ထင်ရှားရှား မြင်တွေ့ခဲ့သော သမိုင်းအမှန် ဖြစ်သည်။ စစ်တပ်ကို ဖွဲ့စည်းတည်ထောင်ပေးသူ ဗိုလ်ချုပ်အောင်ဆန်းကိုပင် စစ်ခေါင်းဆောင်များက လိုတစ်မျိုး မလိုတစ်မျိုး လုပ်ကြသည်။
သို့သော် တိုင်းရင်းသားတချို့က ထိုဖြစ်ရပ်များမှာ အောင်ဆန်းသမီး အောင်ဆန်းစုကြည်နှင့် စစ်ခေါင်းဆောင်များအကြားရှိ ပြဿနာ၊ ဗမာ-ဗမာ အချင်းချင်းဖြစ်ပွားသော ပြဿနာဟု ရှုမြင်ခဲ့ကြသည်။ ၂၀၂၁ စစ်အာဏာသိမ်းစဉ်တွင်လည်း မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ပြဿနာ၊ ဗမာ-ဗမာ အချင်းချင်းပြဿနာအဖြစ် တိုင်းရင်းသားခေါင်းဆောင်တချို့က အစဉ်အလာအတိုင်း ရှုမြင်ခဲ့ပြန်သည်။
ထိုသို့ ရှုမြင်သူနှင့် ပတ်သက်ပြီး ချင်းတိုင်းရင်းသားခေါင်းဆောင် ဒေါက်တာလျန်မှုန်းဆာခေါင်၏ ပြောပြချက်ကို ဗီအိုအေမြန်မာပိုင်းသတင်းဌာန အင်တာနက်စာမျက်နှာတွင် အောက်တိုဘာ ၅ ရက်နေ့ ရက်စွဲဖြင့် တွေ့ရသည်။
စစ်အာဏာသိမ်းချိန်တွင် စစ်တပ်နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် PPST အဖွဲ့၏ အကြံပေး တိုင်းရင်းသားခေါင်းဆောင်ကြီးတစ်ဦးက ဗမာအချင်းချင်းပြဿနာကို ဝင်မပါကြရန် စာရေး အကြံပြု သတိပေးခဲ့သည်ဟု ထိုစဉ်က PPST အဖွဲ့ဝင်ဖြစ်သော ချင်းအမျိုးသားတပ်ဦး (CNF) ခေါင်းဆောင်၊ ယခုအခါ အမျိုးသားညီညွတ်ရေးအစိုးရ ဖက်ဒရယ်ရေးရာဝန်ကြီးဖြစ်သူ ဒေါက်တာလျန်မှုန်းဆာခေါင်က ၎င်း၏ကိုယ်တွေ့ကို ပြန်လည် ပြောဆိုထားသည်။
ဗိုလ်ချုပ်နေဝင်း စနစ်တကျတည်ဆောက်ခဲ့သော သွေးခွဲအုပ်ချုပ်ရေးဗျူဟာကို “ဗမာလူမျိုးကြီးဝါဒ” အဖြစ် တိုင်းရင်းသားများအကြား လက်ခံရှင်သန်အားကောင်းနေပြီး၊ ယနေ့ ကြုံတွေ့နေရသော နိုင်ငံရေးအခြေအနေ၏ ပကတိ ကျိုးကြောင်းယုတ္တိဗေဒကြောင့် ထိုသို့ရှုမြင်မှုက ညီညွတ်သေးပါ၏လောဟု တိုင်းရင်းသားအဖွဲ့များကြားမှာပင် စိန်ခေါ်လာပြီ ဖြစ်သည်။
အမှန်စင်စစ် လိုလျှင် “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ”၊ မလိုလျှင် “သောင်းကျန်းသူအဖွဲ့များ” ဟု ဆက်ဆံခြင်းခံခဲ့ဖူးသော၊ ခံနေရဆဲဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များသည် စစ်ခေါင်းဆောင်များ၏ ထိုအမူအကျင့်က အောင်ဆန်းကို ဆက်ဆံသည့်အတိုင်းပါပဲလား ဟု မေးခွန်းထုတ်ကြည့်ဖူးပါသလား။
သို့ဆိုလျှင် ယနေ့ပြဿနာသည် မင်းအောင်လှိုင်နှင့် အောင်ဆန်းစုကြည်ပြဿနာလား၊ ဗမာအချင်းချင်း ပြဿနာလား၊ စစ်အာဏာပိုင်ဝါဒ ပြဿနာလား၊ ပြဿနာ၏ရေသောက်မြစ်ကို ရှာဖွေနိုင်မည်။

ရုပ်တုနှင့် တံတား နိုင်ငံရေးထောက်ချောက်ထဲ တိုးဝင်ခဲ့ဖူးသော သင်ခန်းစာ
ရှစ်လေးလုံး ဒီမိုကရေစီရေး ရုန်းကန်လှုပ်ရှားမှုကြီး တစ်ခန်းရပ် ပြီးဆုံးသွားသည့်အလား၊ ၂၀၁၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲက ပွင့်လင်းလွတ်လပ်မှု တစ်စိတ်တစ်ပိုင်းကို ပြည်သူများဆီ သယ်ဆောင်လာခဲ့သည်။ စစ်အုပ်ချုပ်ရေး ၂၂ နှစ်ကာလ ဒဏ်ရာဒဏ်ချက်များကို အလူးအလိမ့် ခံစားခဲ့ကြရသော သမိုင်း၏ လမ်းမထက်က သွေးတွေမခြောက်သေးဟု ခံစားကြရသူများကို အားနာစိတ် မဖြစ်ခဲ့ကြပါ။
ဆယ်စုနှစ်နှင့်ချီ လူမြင်ကွင်းမှ ဖယ်ရှားခံခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းကို လူမြင်ကွင်းထဲ ပြန်လည်ရောက်ရှိရေး ကြိုးပမ်းမှုအဖြစ် ငွေစက္ကူ ပြန်လည်ထုတ်ဝေခြင်း၊ ရုပ်တုစိုက်ထူခြင်းနှင့် တံတားအမည်ပေးခြင်းတို့ကို သူ့သမီး ဒေါ်အောင်ဆန်းစုကြည် အာဏာရရှိလာချိန်မှ လုပ်ဆောင်ခဲ့ကြသည်။
သို့သော် သမိုင်းသည် ခါးသီးသော သင်ခန်းစာကိုလည်း ပေးတတ်၏။ ၁၉၈၈ တွင် အောင်ဆန်းဓာတ်ပုံကို ကိုင်ဆောင် ဆန္ဒပြခြင်းနှင့် အစပြုခဲ့သည့် ၈လေးလုံး ဒီမိုကရေစီအရေးတော်ပုံသည် ဗိုလ်နေဝင်း၏ ဆိုရှယ်လစ်အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့သည်။ ၂၀၁၁ ခုနှစ်အလွန် တစ်ပိုင်းတစ်စ ဒီမိုကရေစီခေတ်တွင် တံတားအမည်နှင့် ရုပ်တု အကြောင်းပြုပြီး အောင်ဆန်းကို လက်မခံ ငြင်းဆန်ခံခဲ့သော သမိုင်းနှင့် အဆုံးသတ်ခဲ့ကြသည်။
ထိုအခါမှ ဗိုလ်ချုပ်အောင်ဆန်းမှာ ၎င်းတို့၏အမျိုးသားခေါင်းဆောင် မဟုတ်ဟု တိုင်းရင်းသားတို့၏ ငြင်းဆန်မှုကို အများက တအံ့တဩ သတိထားမိလာကြသည်။ အာဏာရအစိုးရတိုင်း မည်သူအာဏာရရ ဗမာလူမျိုးချည်းပဲ၊ မည်သူ ဘာလုပ်လုပ် တိုင်းရင်းသားတွေရဲ့ ခံစားချက်ကို ထည့်မတွက်ပါလား ဟူသော ရှုမြင်မှုများကို ပို၍နားလည်စေခဲ့သည်။
ဗိုလ်ချုပ်ရုပ်တုအစား ၎င်းတို့၏ တိုင်းရင်းသားအာဇာနည်ရုပ်တုကိုသာ အလိုရှိကြသည်မှာ သဘာဝကျသည်။ သို့သော် သတိမမူမိသော အမှန်တရားမှာ စစ်တပ်သည် ဗိုလ်ချုပ်အောင်ဆန်းဖြစ်စေ၊ တိုင်းရင်းသားအာဇာနည်ဖြစ်စေ မည်သူ့ကိုမှ အလေးအမြတ်မပြုပေ။ အာဏာကိုသာ အလေးအမြတ်ပြုသည်။
ရုပ်တုနှင့် တံတား သို့မဟုတ် ဗမာလူမျိုးကြီးနှင့် လူနည်းစုအရေး နိုင်ငံရေးထောင်ချောက်ထဲ ပျော်ပျော်ကြီး သက်ဆင်းကြခြင်းကို ကြည့်ပြီး၊ ၎င်းတို့၏ သွေးခွဲအုပ်ချုပ်ရေးဗျူဟာက ကောင်းစွာ အလုပ်ဖြစ်နေသေးပုံကို စစ်ခေါင်းဆောင်များသည် ဝမ်းသားအားရ ဖြစ်ခဲ့ကြမည်မှာ ဧကန်မုချမလွဲပေ။

ဗမာလူမျိုးကြီးစိုးသော နိုင်ငံရေး၏ ပြည်ထောင်စုပြယုဂ်
တိုင်းရင်းသားလူမျိုး ရာဂဏန်းရှိသော်လည်း ဗမာလူမျိုးများသာ ကြီးစိုးသော မြန်မာ့နိုင်ငံရေးတွင် “ပြည်ထောင်စု” သဘောတရားကို ပြယုဂ်တစ်ခုအဖြစ် ဖော်ဆောင်ခဲ့သည်။ ထိုအချင်းအရာကို အစစ်အမှန်မဟုတ်သော လှည့်စားမှုအဖြစ် တိုင်းရင်းသားများက သဘောထားခဲ့ကြသည်။
ဥပမာ လွတ်လပ်ပြီးစ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ “ပထမဒီမိုကရေစီခေတ်” တွင် သမ္မတများအဖြစ် ရှမ်းလူမျိုး စဝ်ရွှေသိုက်နှင့် ကရင်လူမျိုး မန်းဝင်းမောင်တို့ကို နေရာပေးခဲ့ပြီး၊ ပြည်ထောင်စုပြယုဂ်ကို ဖော်ဆောင်ခဲ့ကြသည်။
ဒီမိုကရေစီတစ်စိတ်တစ်ပိုင်း ရှိခဲ့သော “ဒုတိယဒီမိုကရေစီခေတ်” ရောက်သည့်အခါ ကြံ့ခိုင်ရေးအစိုးရက ရှမ်းလူမျိုး စိုင်းမောက်ခမ်းကို ဒုတိယသမ္မတအဖြစ်လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ချင်းလူမျိုး ဟန်နရီဗန်ထီးယူကို ဒုတိယသမ္မတအဖြစ်လည်းကောင်း အသီးသီးနေရာပေးပြီး ပြည်ထောင်စုပြယုဂ်ကို ထပ်မံဖော်ဆောင်ခဲ့ကြပြန်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည်ပင်လျှင် ၎င်း၏ စစ်ကောင်စီထဲ ကရင်၊ ကချင်၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားများကို ထည့်သွင်းဖွဲ့စည်းပြီး ပြည်ထောင်စုပြယုဂ်ကို ပုံဖော်ထားသည်။
လွတ်လပ်ရေးနှင့်အတူ ပါလာသော အဆိုပါ ပြည်ထောင်စုပြယုဂ်ကို တိုင်းရင်းသားနိုင်ငံရေးအသိုက်အဝန်းက အတုအယောင်ပြည်ထောင်စုအဖြစ် သတ်မှတ်ခဲ့ကြသည်။
နိုင်ငံ၏ နိုင်ငံရေးဗဟိုချက်ကို လူများစုဗမာများက လွှမ်းမိုးချုပ်ကိုင်ထားပြီး၊ တိုင်းရင်းသားနိုင်ငံရေးအသိုက်အဝန်းကို တန်းတူနေရာပေးခြင်း၊ ၎င်းတို့၏ နိုင်ငံရေးအတွေးအခေါ်ကို လက်ခံနေရာပေးခြင်းတို့ကို မည်သည့်ခေတ်ကာလတွင်မှ မတွေ့ရှိခဲ့ရပေ။
အထင်ရှားဆုံး တိုင်းရင်းသားနိုင်ငံရေးအတွေးအခေါ်မှာ ဖက်ဒရယ်အတွေးအခေါ် ဖြစ်ပြီး၊ ယနေ့အချိန်အထိ ထိုအတွေးအခေါ်ကို စစ်ခေါင်းဆောင်များ လက်ခံပုံ၊ တိုင်းရင်းသားနိုင်ငံရေးအသိုက်အဝန်းက လက်ခံပုံနှင့် ဗမာနိုင်ငံရေးအသိုက်အဝန်းက လက်ခံပုံ အမျိုးမျိုးကွဲပြားနေဆဲ ဖြစ်သည်။
သို့သော် လွန်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ် ဆယ်စုနှစ် (၂၀၁၁ – ၂၀၂၀) အတွင်း စစ်ခေါင်းဆောင်များ ဖက်ဒရယ်ဆိုသည့် အသုံးအနှုန်း လက်ခံခဲ့ကြခြင်းကိုပင် နှစ်ပေါင်း ၇၀ ကျော် တော်လှန်တိုက်ပွဲဝင်ခဲ့ရပြီးမှ ရရှိထားသော ကြီးမားသောအောင်ပွဲအဖြစ် တိုင်းရင်းသားခေါင်းဆောင်များ နှစ်သိမ့်ကျေနပ်ခဲ့ကြသည်။

စစ်ခေါင်းဆောင်များ၏ အံဩဘနန်း ဖက်ဒရယ် “လှည့်ကွက်”
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲပြုလုပ်ပြီး ၂၀၁၁ ခုနှစ်တွင် အာဏာရလာသော ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ သမ္မတဦးသိန်းစိန်အစိုးရက ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့ပြီး၊ အနာဂတ်မျိုးဆက် လူငယ်များ လက်နက်ကိုင်တာထက် ကွန်ပျူတာကိုင်တာကို မြင်ချင်သည်ဟု လူထုသည်းခြေကြိုက် စကားများဖြင့် ဆွဲဆောင်ခဲ့သည်။
ဤသို့ဖြင့် ဆယ်စုနှစ်နှင့်ချီ လက်နက်ကိုင်တော်လှန်မှုကို ခေတ္တရပ်နားပြီး၊ ဆွေးနွေးပွဲ စားပွဲဝိုင်းထိုင် အဖြေရှာကြည့်ရန် တိုက်ပုံအဖြူဝတ် စစ်ဗိုလ်ချုပ်များနှင့် အနောက်တိုင်းဝတ်စုံ သို့မဟုတ် တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ထားကြသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) တို့ ငြိမ်းချမ်းရေးစကားဝိုင်းများ လုပ်ခဲ့ကြသည်။
ထာဝရအပစ်အခတ်ရပ်စဲရေးမှသည် ဖက်ဒရယ်နိုင်ငံရေးစနစ် ထူထောင်ရေးအထိ ဆွေးနွေးညှိနှိုင်းမှုကတစ်ဆင့် ရယူနိုင်မည့် အိပ်မက်ကိုယ်စီဖြင့် ရာထောင်ချီသော ဆွေးနွေးပွဲများကို ရန်ကုန်၊ နေပြည်တော် လိုင်ဇာ၊ ပန်ဆန်း၊ ချင်းမိုင်နှင့် ခွမ်းမင် စသဖြင့် ပြည်တွင်း၊ နယ်စပ်၊ ပြည်ပနေရာအနှံ့ ပြုလုပ်ခဲ့ကြသည်။ ငြိမ်းချမ်းရေး လေ့လာရေးခရီးများဖြင့် ကမ္ဘာပတ်ခဲ့ကြသည်။
အရှေ့တောင်အာရှရှိ ကမ္ဘာ့သက်တမ်းအရင့်ဆုံး လက်နက်ကိုင်ပဋိပက္ခ ထာဝရချုပ်ငြိမ်းတော့မယောင် ဖြစ်လာချိန်တွင် နော်ဝေ၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ တရုတ် စသည့် နိုင်ငံကြီးများက စိတ်လှုပ်ရှားစရာ ကောင်းသော ထိုဖြစ်စဉ်၏ သမိုင်းအစိတ်အပိုင်းအဖြစ် ပါဝင်နိုင်ရေးအတွက် ဒေါ်လာသန်းချီ ပိုက်ပြီး အပြေးအလွှား လာခဲ့ကြသည်။
“ဖက်ဒရယ်” ဆိုသည့် ဝေါဟာရကို လုံးဝအပြောမခံသော စစ်ဗိုလ်ချုပ်များထံမှ “ဖက်ဒရယ်” အသံ ထွက်လာခြင်းကို အမှန်တကယ်ပြောင်းလဲလာပြီဟု ယုံကြည်ခဲ့ကြသည်၊ သမ္မတဦးသိန်းစိန်ကို နိုဘယ်ငြိမ်းချမ်းရေးဆု ပေးရန် နော်ဝေးမှ ဉာဏ်ကြီးရှင်အဖွဲ့ကြီးတစ်ခုက အဆိုပြုသည့် သတင်းများပင် ထွက်ပေါ်ခဲ့သေးသည်။
ဆယ်စုနှစ်နှင့်ချီ တိုက်ပွဲဝင်ခဲ့ရသော တိုင်းရင်းသားခေါင်းဆောင်တချို့က ဖက်ဒရယ်အရေး တရားဝင်ပြောဆိုဆွေးနွေးလို့ရပြီဟုပင် ပြောခဲ့ကြသည်။
သို့သော် အပစ်ရပ်စာချုပ်တွင် ၎င်းတို့ကိုယ်ကိုယ်“တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း” (ERO) အဖြစ် ရည်ညွှန်းဖော်ပြရန် သုံးနှုန်းသည့်အခါ တိုက်ပုံဝတ် စစ်ခေါင်းဆောင်များက ကန့်ကွက်ကြသည်။ “ဘယ်သူ့ကို တော်လှန်ရေးလုပ်နေတာလဲ၊ အခု ငြိမ်းချမ်းရေး ဆွေးနွေးနေပြီပဲ၊ ထိုအသုံးအနှုန်းကို မသုံးနှုန်းသင့်တော့ကြောင်း” ပြောသောအခါ ဆွေးနွေးပွဲက လေပြင်းထန်ခဲ့သည်။
နောက်ဆုံးတွင် “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း” (EAO) အသုံးအနှုန်းကိုသာ လက်ခံမည်ဟု စစ်ခေါင်းဆောင်တို့က ဈေးဆစ်သည့်အခါ တော်လှန်ရေးခေါင်းဆောင်ကြီးများ ခေါင်းညိတ်လက်ခံပေးခဲ့ကြရသည်။ ဤသို့ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ဆယ်စုနှစ်တစ်ခုလုံး EAO ဆိုသည့် အသုံးအနှုန်းက ရေပန်းအစားဆုံး ဖြစ်လာသည်။
ရွေးကောက်ပွဲကတစ်ဆင့် ပြည်သူက ရွေးကောက်တင်မြှောက်မှုကြောင့် လွှတ်တော်ထဲ ရောက်ခဲ့ကြသော နိုင်ငံရေးပါတီများနှင့် ပြည်သူ့ကိုယ်စားလှယ်များက ဆွေးနွေးပွဲနောက်တန်းမှာသာ ရှိကြရသည်။ လက်နက်ကိုယ်စီကိုင်ထားသော စစ်တပ်နှင့် EAOs များ ပြေလည်လျှင် ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေး၊ လွှတ်တော်ပြင်ပ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်းက ချက်ချင်းဖြစ်နိုင်သယောင် ထင်မှတ်မှားခဲ့ကြရသော အချိန်ကာလ ဖြစ်သည်။
နောက်ဆုံး စစ်ခေါင်းဆောင်များက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဖက်ဒရယ်စနစ်၏ အသွင်လဏ္ခဏာ ပါဝင်နေပြီးဖြစ်၍ ထိုအခြေခံဥပဒေ၏ ဇယား ၁၊ ၂၊ ၃ ကို ဖဲသုံးချပ်ကစားသကဲ့သို့ ဟိုရွှေ့ဒီရွှေ့လုပ်ခြင်းကိုပင် “ဖက်ဒရယ်” ဟု ဆိုလာသောအခါ ငို၍မရ ရယ်၍မရ အခြေဆိုက်ခဲ့ရပြီ ဖြစ်သည်။
၁၉၉၃ ခုနှစ်က စတင်ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေကို နောင် နှစ်ပေါင်း ၂၀ ကျော်အကြာ ၂၀၁၁ နောက်ပိုင်း ဖြစ်ပေါ်လာမည့် ဖက်ဒရယ်အရေးတောင်းဆိုမှုများကို မျှော်တွေးပြီး အံဝင်ခွင်ကျဖြစ်အောင် ရေးဆွဲနိုင်ခဲ့ကြသော စစ်ခေါင်းဆောင်များ အမြော်အမြင်ကြီးပုံကို အောချယူရပေတော့မည်။
နိုင်ငံရေးတံလျှပ်များ ဖန်တီးရာတွင် စစ်ခေါင်းဆောင်များ ကျွမ်းကျင်ကြခြင်းလား၊ တံလျှပ်ကို တံလျှပ်မှန်းသိလျက် အလိမ်ခံခဲ့ကြခြင်းလား၊ တံလျှပ်မှန်း မသိရအောင် နုံအခဲ့ကြလို့လား ဆိုသည်ကို စေ့စေ့တွေး၊ နာနာဆန်းစစ် ကြည့်ကြသင့်သည်။
ပြည်သူကတော့ တံလျှပ်ကို တံလျှပ်မှန်း ခေတ်အဆက်ဆက် သိခဲ့ကြသည်ချည်းသာ။

ERO မှ EAO သို့ နှင့် EAO မှ ERO သို့
ပြည်သူများသည် ၎င်းတို့ မလိုချင်ဆုံးအရာမှာ စစ်အာဏာရှင်စနစ်ဆိုသည်ကို ပြတ်သားစွာ သိကြသည်။ ပြည်သူဟု ဆိုရာတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သည်။ ထိုအချက်ကို မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှု သုံးကြိမ်တိုင်တိုင် လမ်းမများပေါ် ပထမဆုံးထွက်ပြီး ဆန့်ကျင်ဆန္ဒပြခဲ့ကြသော လူငယ်၊ ကျောင်းသားနှင့် သာမန်ပြည်သူများ၏ သွေးမော်ကွန်းများက သက်သေခံလျက်ရှိသည်။
“နွေဦးတော်လှန်ရေး” ဟု အမည်တွင်သော စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုသည် ယခင်တော်လှန်ရေးများနှင့် မတူပေ။ စစ်အာဏာရှင်စနစ်ဆိုး အနာဂတ်မျိုးဆက်များ မခံစားစေရေး၊ အပြီးတိုင်ချုပ်ငြိမ်းရမည် ဟူသော သန္နိဋ္ဌာန်ဖြင့် လွတ်လပ်ပြီးမြန်မာ့သမိုင်းတွင် ပထမဆုံးအကြိမ် ပြည်သူက လက်နက်ဆွဲကိုင်တော်လှန်သော တော်လှန်ရေးဖြစ်သည်။
သို့သော် NCA စာချုပ်လက်မှတ်ထိုးပြီး ERO မှ EAO သို့ ဘဝပြောင်းခဲ့ကြသော အဖွဲ့များက နွေဦးတော်လှန်ရေးနှင့် ပြည်သူ့လက်နက်ကိုင်ခုခံတော်လှန်မှုကို တုန့်ပြန်ပုံအမျိုးမျိုး ရှိနေသည်။
NCA နှင့် ၂၀၀၈ ခြေဥ၏ နှောင်ကြိုးကို ဖြတ်ကာ ERO ဂုဏ်ဒြပ်ကို ပြန်လည်ခံယူလာကြသော အဖွဲ့များက မင်းအောင်လှိုင်နှင့် စစ်တပ်၏ ရက်စက်ရမ်းကားမှုများကို လက်နက်ကိုင်ခုခံတော်လှန်ရန် ဖွဲ့စည်း ပေါ်ပေါက်လာသည် PDF များကို လေ့ကျင့်ပေး၊ လက်နက်တပ်ဆင်ပေး၊ ပူးတွဲစစ်ဆင်ရေးများဖြင့် တော်လှန်ရေးကို အပြည့်အဝ ပူးပေါင်းဆင်နွှဲလာကြသည်။
NCA သည် ပင်လုံစာချုပ်ပြီးလျှင် မြန်မာ့သမိုင်းတွင် အရေးကြီးဆုံးစာချုပ်ဟု အမွှမ်းတင်ခဲ့ကြသူတို့က ERO လုပ်ရမလို၊ EAO အဖြစ်ပဲ ဆက်နေရမလို၊ စစ်ကောင်စီနှင့်လည်း ဆက်ဆံရေးမပြတ်ချင် ပြည်သူက ငြိုငြင်မှာလည်း စိုးရိမ်နှင့် ဟန်ချက်ပျက်ခဲ့ သိက္ခာများ ပွန်းပဲ့ခဲ့ကြသည်။
သို့သော် ဘယ်အချိန် ပြည်သူနှင့် ပူးပေါင်းသည်ဖြစ်စေ ပြည်သူက အမြဲကြိုဆိုမည်သာ ဖြစ်သည်။ စစ်တပ်စခန်းထဲမှ ထွက်ကာ ဘက်ပြောင်းလာသူများကိုပင် ဝမ်းသာအားရ လက်ခံကြိုဆိုနေရသည် မဟုတ်ပါလား။

မင်းအောင်လှိုင်၏ “သွေးခွဲဆွေးနွေးပွဲ” တက်ရောက်ခဲ့ကြသူများ
မကြာသေးခင်က UWSA ခေါ် ‘ဝ’ လက်နက်ကိုင်အဖွဲ့၊ MDAA (မိုင်းလား) နှင့် SSA/SSPP တို့ နေပြည်တော် သွားပြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးကြသည်။ မအောင်မြင်သော အာဏာသိမ်းမှုအကျိုးဆက်အဖြစ် နိုင်ငံတစ်ဝန်း ပြည်သူများ လက်နက်ဆွဲကိုင်တော်လှန်မှုကို ရင်ဆိုင်နေရသော စစ်ခေါင်းဆောင် ၏ “သွေးခွဲဆွေးနွေးပွဲ” ကို အများအပြားက စောင့်ကြည့်နေခဲ့ကြသည်။
အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်နှင့် ဒုတိယအကြိမ် တွေ့ဆုံခဲ့သော ‘ဝ’ နှင့် မိုင်းလား အဖွဲ့များက ၎င်းတို့ ထိန်းချုပ်နယ်မြေများကို ပြည်နယ်အဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဆင့် သတ်မှတ်ပေးရေး အသီးသီးတောင်းခဲ့ကြသည်။ “မူ” အရ သဘောတူညီမှုဆိုသည်ကို ရင်ဝယ်ပိုက်ပြီး ပြန်လာခဲ့ကြသည်။ တံလျှပ်ကို တံလျှပ်အဖြစ် မြင်နိုင်ပါစေ။
ထိုနှစ်ဖွဲ့က လက်ရှိ နိုင်ငံရေးပြဿနာကို ဗမာစစ်တပ်နှင့် ဗမာနိုင်ငံရေးသမားများ ပြဿနာဟု ယူဆထားပြီး၊ သူတို့နှင့် မဆိုင်ဟု အတိအလင်းပြောဆိုထားသည်။ ထိုနှစ်ဖွဲ့က NCA မှာလည်း မပါ၊ ERO လည်း မလုပ်၊ EAO လည်း မဟုတ်၊ သီးခြားဖြစ်တည်မှုနှင့် နေခဲ့ကြသည်။ အိမ်နီးချင်း တရုတ်နိုင်ငံ၏ ထောက်ခံမှု အပြည့်အဝရရှိထားသော အဖွဲ့များအဖြစ်လည်း နာမည်ကျော်ကြားသည်။
မည်သို့ပင်ဆိုစေ လက်နက်ကိုင်ထားသော စစ်ဗိုလ်ချုပ်ကြီးများက နိုင်ငံနယ်နိမိတ်ကို အပြောင်းအလဲ လုပ်ပိုင်ခွင့်ရှိသည် ဟူသော ၎င်းတို့၏ ယုံကြည်မှုနှင့် ရပ်တည်မှုသမိုင်းကို ပြည်သူက လေ့လာခွင့်ရခဲ့ကြသည်။
အာဏာသည် ပြည်သူထံမှ ဆင်းသက်သည့် သဘောတရားကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲ မြင်ကောင်းရုံ ထည့်ထားပြီး၊ ပြည်သူကို ကျွန်ပြုလိုသော စစ်တပ်နှင့်တန်းတူ မကျင့်ကြံကြရန်၊ ပြည်သူက ဒဏ်ခတ်လျှင် ခံရမည်ကို လတ်တလော စစ်တပ်ကြုံတွေ့နေရပုံကို သင်ခန်းစာယူ ဆင်ခြင်သင့်သည် မဟုတ်ပါလော။

ရှစ်ပြည်နယ် ပြည်ထောင်စုမူကို ထိန်းသိမ်းထားသော ရှမ်း
ရှစ်ပြည်နယ် ပြည်ထောင်စုမူ နိုင်ငံရေးအတွေးအခေါ်နှင့် ဦးဆောင်မှုကို ရှမ်းတိုင်းရင်းသားခေါင်းဆောင်များက အစဉ်အလာအတိုင်း ထိန်းသိမ်းထားနိုင်ကြဆဲ ဖြစ်သည်။ ထိုအချက်ကို ‘ဝ’ နှင့် မိုင်းလားအဖွဲ့များနှင့်အတူ နေပြည်တော်သို့ သွားရောက်ခဲ့သော SSA/SSPP က သက်သေထူပြနိုင်ခဲ့သည်။
SSA/SSPP က လွတ်လပ်ရေးအတွက် တောင်တန်းနှင့်ပြည်မ နိုင်ငံရေးခေါင်းဆောင်ကြီးများ သဘောတူခဲ့ကြသော ပင်လုံစာချုပ်၊ ဗိုလ်နေဝင်းအာဏာသိမ်းမှု၏ အကြောင်းရင်းခံဖြစ်ခဲ့သော ၁၉၆၁ ခုနှစ် ပြည်နယ်ပေါင်းစုံညီလာခံ (တောင်ကြီးညီလာခံ)၊ တိုင်းရင်းသားတန်းတူရေးအတွက် ဗမာပြည်နယ်ဖွဲ့စည်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး စသည့် အချက် (၄) ချက်ကို မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် တောင်းဆိုသည်။
ထိုနောက် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး အခြေခံမူ (၅) ချက်ကိုပါ ဆွေးနွေးခဲ့သည်ဟု SSA/SSPP က ထုတ်ပြန်သည်။
ထိုတောင်းဆိုချက်များသည် ရှမ်းပြည်နယ်ရှိ ပြည်သူများ၏ အဓိကထောက်ခံမှုရရှိထားသော ရှမ်းနိုင်ငံရေးပါတီကြီးဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ နိုင်ငံရေးမျှော်မှန်းချက်များနှင့် ထပ်တူကျနေသည်ကို လေ့လာတွေ့ရှိရသည်။
SSA/SSPP သည် ရှမ်းပြည်သူလူထုနှင့် ရှမ်းနိုင်ငံရေးပါတီတို့၏ သဘောထားရပ်တည်ချက်နှင့် တစ်ထပ်တည်းကျသောမူကို စစ်ခေါင်းဆောင်တို့ လက်မခံနိုင်မှန်း သိလျက်နှင့် တည့်တည့်တွေ့၊ တည့်တည့်စိန်ခေါ် တောင်းဆိုခဲ့သည်ကို တွေ့ရှိရသည်။
သို့သော် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး၊ နိုင်ငံတစ်ဝန်း ပြည်သူများ၏ လက်နက်ကိုင်တော်လှန်ရေးတွင် ရှမ်းလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများ ပြည်သူ့မျက်နှာကို ရဲရဲကြည့်ပြီး အတိအလင်း မပါဝင်ကြခြင်းက မြန်မာနိုင်ငံတော်သစ်သမိုင်းတွင် ကွက်လပ်တစ်ခု ဖြစ်လာမည်ကို တွေ့မြင်နေရသည်။
ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသော ကချင်၊ ချင်းနှင့် ကရင်နီတို့သည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းမှ ပင်လုံရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်မည်ကို ရှင်းလင်းစွာ သိမြင်သဖြင့်၊ ၎င်းတို့ဒေသများတွင် မင်းအောင်လှိုင်စစ်တပ်ကို ပြတ်ပြတ်သားသား တိုက်ပွဲဝင်နေသည်။

ပြည်ထောင်စုပြဿနာ အရင်းခံ စစ်အာဏာပိုင်ဝါဒကို ပြတ်သားစွာ ဖယ်ရှားလိုသော ERO များ
စစ်ကောင်စီနှင့် တွေ့ဆုံမှုကို ငြင်းဆန်ရုံမက၊ ၎င်း၏နယ်မြေထဲတွင် စစ်အာဏာရှင်စနစ်ကို အပြတ်ရင်ဆိုင်တိုက်ပွဲဝင်နေသော အစဉ်အလာကြီးမားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် နိုင်ငံမြောက်ပိုင်းက KIA, အနောက်မြောက်ပိုင်းက CNF, အရှေ့တောင်ပိုင်းက KNU နှင့် KNPP, ရှစ်လေးလုံးက ပေါက်ဖွားလာသော ကျောင်းသားတပ်မတော် ABSDF တို့က ထင်ရှားပြီး၊ နွေဦးတော်လှန်ရေး၏ တပ်ဦးမှ အစောဆုံး ပြတ်သားစွာပါဝင်ခဲ့သော အဖွဲ့များဖြစ်သည်။
AA, TNLA နှင့် MNDAA ညီနောင်သုံးဖွဲ့ကလည်း စစ်တပ်နှင့် တွေ့ဆုံဆွေးနွေးရေးကို ငြင်းပယ်ထားပြီး၊ တော်လှန်ရေးအစပိုင်းတွင် PDF များကို လေ့ကျင့်သင်ကြားပေးခြင်း၊ ထောက်ပံ့ကူညီခြင်းများဖြင့် ဝန်းရံရာမှ ယခုအခါ တော်လှန်ရေးထဲ တစ်ထစ်ချင်း ပါဝင်လာနေပြီဟု သိရသည်။
မကြာသေးခင်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် “အဆုံးသတ်တိုက်ပွဲ၏ အဆုံးဖြတ်နှစ်” အဖြစ် စစ်အာဏာရှင်စနစ်ကို ဘုံရန်သူအဖြစ် တိုက်ဖျက်မည်ဟု တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် ၈ ဖွဲ့နှင့် သဘောတူညီမှု ရရှိထားပြီးကြောင်း ကြေညာသွားသည်။ အထက်ပါ ၈ ဖွဲ့ပင် ဖြစ်နိုင်သည်။
ဤတစ်ကြိမ် နွေဦးတော်လှန်ရေးတွင် ပြည်သူနှင့်အတူ တစ်ပြိုင်နက်တည်း ရုန်းကြလျှင်ဖြင့် နိုင်ငံသစ်တွင် တိုင်းရင်းသားများ ကိုယ့်ကြမ္မာ ကိုယ်တိုင် တကယ်ဖန်တီးနိုင်မည့် အခွင့်အရေး ရရှိကြပေလိမ့်မည်။
သာမန်ဗမာလူမျိုး ပြည်သူများကြားတွင် လူနည်းစုများကို ချိုးနှိမ်ထားမည့် လူမျိုးကြီးဝါဒစွဲ မည်သည့်အခါကမျှ မရှိခဲ့ကြောင်း သာမန်ဗမာတိုင်းရင်းသားများသာ အသိဆုံးဖြစ်သည်။
ယင်းသည် စစ်အာဏာပိုင်ဝါဒ တည်ဆောက်မှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ရှုမြင်နိုင်မည်ဆိုပါက ပြည်ထောင်စု တည်ဆောက်ရေးပြဿနာတွင် အဓိကပိတ်ဆို့နေသော ဗမာလူမျိုးကြီးနှင့် လူနည်းစု ပြဿနာထောင်ချောက်ထဲက ရုန်းထွက်နိုင်မည် ဖြစ်သည်။ ထိုထောင်ချောက်က ရုန်းထွက်နိုင်မှ ပြည်ထောင်စုစစ်စစ်ကို တည်ဆောက်နိုင်ပေလိမ့်မည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)